ခဏခဏ ဝမ်းချုပ်တတ်တဲ့ ပြဿနာအတွက် ဘာတွေ သတိထားသင့်လဲ?
ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲတာဆိုသလိုပဲ ဝမ်းချုပ်လာပြီဆိုရင် နေလို့မကောင်းတော့တာ၊ သွက်သွက်လက်လက်မရှိတော့တာ၊ ခေါင်းထဲအုံနေတာ စတဲ့ လက္ခဏာတွေ ကြုံရတတ်ပါတယ်။ အစားအသောက်နဲ့ အနေအထိုင်ပေါ်မှာ မူတည်ပြီး ဝမ်းချုပ်တတ်တယ်ဆိုပေမယ့် မကြာခဏဆိုသလို ဝမ်းချုပ်လာပြီဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
ဝမ်းချုပ်တယ်လို့ ဘယ်အချိန်မှာ သတ်မှတ်မလဲ?
တစ်ပတ်မှာ ၃ ကြိမ်အောက် နည်းပြီး ဝမ်းသွားတယ်ဆိုရင် ဝမ်းချုပ်တယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ ဝမ်းသွားရတာ ခက်တယ်၊ စမြင်းတုံးလို ဝမ်းမာမာတွေ သွားတယ်၊ ဝမ်းသွားတဲ့အခါ တစ်ခုခုပိတ်နေသလို ခံစားရတယ် ဒီလို လက္ခဏာတွေကလဲ ဝမ်းချုပ်တတ်တဲ့သူတွေမှာ အဖြစ်များတာတွေ့ရပါတယ်။
ဘာကြောင့် ဝမ်းချုပ်စေတာလဲ?
ဝမ်းချုပ်တာကို ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
- စအိုတစ်လျှောက် ကွဲအက်တာ ၊
- အူလမ်းကြောင်း ကျဉ်းမြောင်းပိတ်ဆို့တာ၊
- အူမကြီးကင်ဆာ၊
- စအိုကင်ဆာ၊
- အာရုံကြောပြဿနာ စတာတွေကြောင့် ဝမ်းချုပ်ခြင်းကို ပိုဆိုးစေပါတယ်၊
- ကိုယ်ဝန်ဆောင်သည်တွေ၊ အစားရှောင်သူတွေနဲ့ တစ်ချို့သော ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာ ဝမ်းချုပ်ခြင်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။
ဝမ်းချုပ်တဲ့အခါ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ?
ဝမ်းချုပ်တာဆိုးလာတယ်… အချိန်ကြာလာတယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ လိပ်ခေါင်းဖြစ်တာ၊ စအိုကွဲတာစတာတွေအထိ ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် ဝမ်းချုပ်တာကို မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
(၁) အမျှင်ဓါတ်ပေါများတဲ့ အစားအစာ၊ အသီးအရွက်တွေကို များများစားပေးပါ။
(၂) နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားတွေက ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်လို့ အလွန်အကျွံမစားမိပါစေနဲ့။
(၃) ရေများများသောက်ပါ ။ အနည်းဆုံး တစ်နေ့ကို ရေ ၃ လီတာခန့် သောက်ပေးဖို့ လိုပါတယ်။
(၄) လမ်းလျှောက်တာလေးတွေ၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေ မကြာခဏ လုပ်ပေးပါ။
(၅) စိတ်ဖိစီးမှုကင်းအောင် နေပါ။
(၆) ဝမ်းသွားချင်ရင် အောင့်ထားတာမျိုး၊ ရေအိမ်သွားဖို့အတွက် အချိန်မပေးတာမျိုး မလုပ်ပါနဲ့။
ဝမ်းချုပ်တဲ့ပြဿနာက လူတိုင်းမှာ ကြုံရတတ်တယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်သလို တချို့ရောဂါတွေရဲ့ လက္ခဏာတစ်ခုလဲ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ အစားအသောက် အနေအထိုင် သတိထားပေမယ့် မကြာခဏ ဝမ်းချုပ်နေပြီဆိုရင်တော့ ဆေးရုံဆေးခန်းကို သေချာပြပြီး ဆွေးနွေးကုသပေးဖို့ အရေးကြီးပါတယ်နော်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)