လိပ်ခေါင်းရောဂါ ဖြစ်ရင်
လိပ်ခေါင်းရောဂါဟာ ကင်ဆာလိုရောဂါဆိုးကြီး မဟုတ်ပေမယ့် ဖြစ်ရင်တော့ အတော့်ကို နေရမသက်မသာ၊ စိတ်မသက်မသာ ဖြစ်စေတဲ့ ရောဂါပါ။
လိပ်ခေါင်းဆိုတာ အစာဟောင်းအိမ်နဲ့ စအိုဝမှာရှိတဲ့ သွေးကြောတွေ ဖောင်းလာ၊ ရောင်လာပြီး စအိုရဲ့အတွင်းဘက်မှာရော အပြင်ဘက်မှာပါ ဖောင်းလာတာကို ခေါ်ပါတယ်။
လိပ်ခေါင်းရောဂါမှန်း ဘယ်လိုသိနိုင်လဲ?
- ဝမ်းသွားပြီးရင် သွေးအနီရောင်ထွက်တာ
- စအိုဝက ယားနေတတ်တာ
- ဝမ်းသွားပြီးပေမယ့် ဝမ်းကျန်နေသလိုလို၊ ထပ်သွားချင်နေသလိုလို ဖြစ်တာ
- ဝမ်းသွားပြီးလို့ သန့်ရှင်းရေး လုပ်ပြီးတဲ့အခါ အိမ်သာသုံးစက္ကူနဲ့ အတွင်းခံမှာ အကျိအချွဲတွေ ပေနေတတ်တာ
- စအိုဝနားနဲ့ စအိုအပြင်ဘက်မှာ အသားပိုအလုံးလို ထွက်နေတာ
- စအိုဝနားတဝိုက် နာနေတာတွေ ရှိရင် လိပ်ခေါင်းရောဂါ ဖြစ်နိုင်ပါတယ်။
- ဝမ်းသွားစဥ် အမြဲညှစ်တတ်တဲ့သူ
- ဝမ်းသွားချိန်ကြာတဲ့သူ
- ရေရှည် ဝမ်းချုပ်တဲ့သူ သို့မဟုတ် ဝမ်းလျှောတတ်တဲ့သူ
- အဝလွန်သူ
- ကိုယ်ဝန်ဆောင်မိခင်
- စအိုနဲ့လိင်ဆက်ဆံတဲ့သူ
- စားတဲ့ အစားအစာထဲမှာ အမျှင်ဓာတ်နည်းတဲ့သူ
- အလေးအပင် အမြဲမနေရသူတွေမှာ လိပ်ခေါင်းရောဂါ ပိုဖြစ်လေ့ရှိပါတယ်။
လိပ်ခေါင်းရောဂါဟာ ကုသစရာမလိုဘဲလည်း သက်သာနိုင်ပါတယ်။
ဘာတွေလိုက်နာရမလဲ?
ရေများများသောက်ပါ။
ဝမ်းမချုပ်အောင် အမျှင်ဓာတ်များများပါတဲ့ အသီးအရွက်တွေ များများစားပါ။
နာလာရင် ပါရာစီတမော သောက်နိုင်ပါတယ်။
ယားတာ၊ နာတာ သက်သာဖို့ ရေနွေးနွေးနဲ့ ရေချိုးပါ။
ရေခဲကို တဘက်နဲ့ပတ်ပြီး ကပ်ပေးရင်လည်း သက်သာစေပါတယ်။
စအိုနားတဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
ထွက်နေတဲ့လိပ်ခေါင်းကို စအိုအတွင်းသို့ ညင်သာစွာ ပြန်သွင်းပါ။
လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
ဘာတွေရှောင်ရမလဲ?
အရက်၊ ကော်ဖီ၊ လက်ဖက်ရည်တွေက ဝမ်းချုပ်စေလို့ ရှောင်ပါ သို့မဟုတ် လျှော့ပါ။
ဝမ်းသွားပြီးရင် ကြမ်းတမ်းစွာ သန့်ရှင်းရေးလုပ်ခြင်းကို ရှောင်ပါ။
ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။
ဝမ်းသွားစဥ် အရမ်းမညှစ်ပါနဲ့။
သွေးပါနေချိန် ibuprofen လို အကိုက်အခဲပျောက်ဆေးတွေ မသုံးပါနဲ့ (သွေးပိုထွက်စေပါတယ်)။
ကိုဒင်းပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ မသုံးပါနဲ့ (ဝမ်းချုပ်စေပါတယ်)။
မလိုအပ်ဘဲ အိမ်သာထဲမှာ အကြာကြီး မထိုင်ပါနဲ့။
ဘယ်လိုကုသမလဲ?
- နာတာ၊ယားတာကို သက်သာစေတဲ့ ခရင်မ်တွေ လိမ်းတာ
- ဝမ်းပျော့ဆေးသုံးတာ
- လိပ်ခေါင်းကြောင့် ဖောင်းနေတဲ့သွေးကြောတွေကို သက်သာစေတဲ့ သောက်ဆေးပေးတာတွေနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။
သောက်ဆေးတွေနဲ့ မသက်သာရင် ခွဲစိတ်ဆရာဝန်နဲ့ ပြသပြီး ခွဲစိတ်ကုသလို့ ရပါတယ်။
လိပ်ခေါင်းရောဂါဟာ အသက်အန္တရာယ်နဲ့ နီးတဲ့ရောဂါ မဟုတ်ပေမယ့်လည်း သွေးပါတာများပြီး အချိန်မီသွေးပြန်မသွင်းနိုင်ရင်တော့ အသက်အန္တရာယ် စိုးရိမ်ရနိုင်တာမို့ ဂရုပြုရမယ့် ရောဂါတစ်ခုပါ။
နေရထိုင်ရလည်း ခက်စေတဲ့ရောဂါမို့ လိပ်ခေါင်းရှိခဲ့ရင် ဆောင်ရန်၊ ရှောင်ရန်တွေ သေချာလိုက်နာပြီး မသက်သာပါက ဆရာဝန်နဲ့ အချိန်မီပြသဖို့ အကြံပေးပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
aungtun 29 Feb 2024 |
အိမ်သာတက်လိုဆောက်ဆောက်ထိုင်းလိုက်ရင်အရှေ့မျက်နှာမူပီထိုင်းရင်ဘယ်ဘယ်ချမ်းမာအလုံးဝိုင်းဝိုင်လေးစမ်းမိတယ်ဆရာ နာတာသွေးထွက်တာမရှိပါဘူး