အူမကြီး ကင်ဆာ ကာကွယ်ပါ
"ဝမ်းချုပ်မခံနဲ့ ၊ ဝမ်းချုပ်ရင် အူမကြီး ကင်ဆာ ဖြစ်တတ်တယ်၊ ဝက်လို စားပြီး ဆိတ်လို ဝမ်းသွားရင် အူမကြီးကင်ဆာ ဖြစ်ဖို့ အန္တရာယ်ရှိတယ်" စတာတွေဟာ အဖြစ်များပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အူမကြီးကင်ဆာရဲ့ သတင်းစကား ပျံ့နှံ့မှုတွေပဲ ဖြစ်ပါတယ်။
အူမကြီး ကင်ဆာ ( Colorectal Carcinoma ) ဆိုတာ နာမည်အတိုင်းပဲ ကင်ဆာ ဖြစ်တဲ့နေရာက အူမကြီးနေရာ ဒါမှမဟုတ် အစာဟောင်းအိမ် မှာလဲ ဖြစ်နိုင်ပါတယ်။ အူမကြီးကင်ဆာဟာ UK ရဲ့ အဖြစ်အများဆုံးသော ရောဂါတွေထဲမှာ ထိပ်ဆုံးကပါဝင်နေပြီးတော့ အသက် ( 60 ) ကျော်အရွယ်တွေမှာ ပိုပြီး အတွေ့ရများနေပါတယ်။
အူမကြီးကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲ?
အူမကြီး ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်းကို ယခုအချိန်ထိ သေချာ မသိရသေးပေမယ့် ကင်ဆာဖြစ်ဖို့ အလားအလာ အရှိဆုံးတွေကတော့...
1. အသက် 60 နဲ့ အထက်တွေ ( ကင်ဆာရှိတဲ့ လူ (10) ယောက်မှာ (9) ယောက် တွေ့ရ) ၊
2. အမျှင်ဓာတ် နည်းပါး၊ အနီရောင် ရှိသော အသားတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာ စားသုံးနေသူတွေ၊
3. အဝလွန်သူတွေ၊
4. ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူတွေ၊
5. ဆေးလိပ်၊ အရက် သောက်သုံးသူတွေ ၊
6. (10) နှစ်အထက် အူတွေရောင်ရမ်းတဲ့ရောဂါ ( extensive ulcerative colitis or Crohn's disease ) ရှိသူတွေ၊
7. မိသားစုထဲက အသက် (50) အောက်မှာ အူမကြီးကင်ဆာ ဖြစ်ပွားထားသူတွေ ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်သက်ပြိး ကင်ဆာမှတ်တမ်းရှိဖူးသူတွေဟာ စောလျင်စွာ ကနဦး စမ်းသပ် စစ်ဆေးမှုတွေ ခံယူထားသင့်ပါတယ်။
အူမကြီးကင်ဆာ ကနဦး စမ်းသပ်စစ်ဆေးခြင်း
အူမကြီးကင်ဆာ ရှိနေပါက စောလျင်စွာ တွေ့ရှိနိုင်ဖို့ UK မှာတော့ GP မှာ မှတ်ပုံတင်ပြီးသား အသက် (60) မှ (74) အထိ သူတွေကို နှစ်နှစ်တစ်ကြိမ် အိမ်တိုင်ရာရောက် အူမကြီးကင်ဆာ ကနဦး စမ်းသပ်စစ်ဆေးတဲ့ ကိရိယာလေးတွေ ပို့ပေးပါတယ်။
အူမကြီးကင်ဆာမှာတွေ့ရတတ်တဲ့ အဓိကလက္ခဏာ ( 3 ) မျိုးကတော့
1. ဘာအကြောင်းရင်းခံမှ မရှိဘဲ (သို့) ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလဲလာပြီးတဲ့နောက် ဝမ်းထဲတောက်လျောက် သွေးပါနေခြင်း၊
2. ဝမ်းသွားတဲ့ အလေ့အထ တောက်လျောက် ပြောင်းလဲသွားခြင်း - များသောအားဖြင့် ဝမ်းလျှောသလို အရည်တွေ အများကြီးသွားခြင်း၊
3. အစာစားတဲ့ အချိန်တိုင်းလိုလို ဗိုက်အောက်ပိုင်းထိုးအောင့်၊ ပြည့်အင့်ကာ မအီမသာဖြစ်ခြင်း၊ အစားအသောက်ပျက်ပြီး သိသာထင်ရှားစွာ ပိန်ချုံးသွားခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေ ခံစားရတဲ့သူတိုင်းဟာ အူမကြီးကင်ဆာ ကျိန်းသေ ဖြစ်နိုင်တာ မဟုတ်ပေမယ့် ဒီလက္ခဏာတွေ ခံစားနေရတာ ကြာလာပြီး ဘယ်လိုမှ မသက်သာဘဲ အသက် (60) နဲ့ အထက် ရှိသောသူ ဖြစ်ပါက ပိုမိုဂရုစိုက်ကာ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။
အူမကြီးကင်ဆာ ဘယ်လို ကာကွယ်ကြမလဲ?
1. ကျန်းမာသန့်ရှင်း လတ်ဆတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာကို စားသုံးပါ။
2. အဝလွန်နေပါက စနစ်တကျ ကိုယ်အလေးချိန်လျှော့ပါ။
3. ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန် အချိန်ပေး၍ လုပ်ပါ။
4. ဆေးလိပ်၊ အရက် ကို စွန့်ပစ်လိုက်ပါ စတဲ့ အချက်များကို အထူးအလေးပေး လိုက်နာကျင့်သုံးရင်း ကာကွယ်ရမှာ ဖြစ်ပါတယ်။
အူမကြီးကင်ဆာရဲ့ တည်နေရာ၊ ဘယ်လောက်အထိ ပျံ့နှံ့မှု ရှိမရှိ အပေါ် မူတည်ပြီး အမြစ်ပြတ်ကုသလို့ ရမရ သိရှိနိုင်မှာဖြစ်တဲ့အပြင် အူလမ်းကြောင်းအပေါ် ကင်ဆာရဲ့ ပျံ့နှံ့မှုကြောင့် ဝမ်းအိတ် ခဏတာ (သို့) တစ်သက်တာ ထုတ်ထားဖို့ လိုမလို လဲ အကြမ်းဖျင်း ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ကုသလို့ရတဲ့ နည်းလမ်းတွေကတော့ ခွဲစိတ်ကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး နဲ့ ကင်ဆာဆေးသွင်းကုထုံးတို့ပဲ ဖြစ်ပါတယ်။ ဝမ်းအိတ်ထုတ်ထားရတဲ့ အခြေအနေတွေနဲ့ ကုထုံးတွေ ခံယူနေရစဥ် စိတ်ပိုင်းဆိုင်ရာအနေနဲ့ များစွာ ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်တဲ့အပြင် ချစ်ခင်ရတဲ့ မိသားစု၊ဆွေမျိုးမိတ်ဆွေတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကလဲ ရောဂါဖြတ်ကျော်ဖို့အတွက် အများကြီးတာသွားမှာ ဖြစ်ပါတယ်။
အူမကြီးကင်ဆာဟာ စောလျင်စွာသိရှိပြီး အချိန်မီထိရောက်တဲ့ ကုသမှုခံယူနိုင်ပါက အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာ သံသယရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ပြသပြီး လိုအပ်ပါက ကုသမှုအမြန်ဆုံး ခံယူသင့်ပါတယ်။
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကို စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်