ဝမ်းနှုတ်ဆေးအမြဲသောက်ရင် အန္တရာယ်ရှိလား
ဝမ်းတစ်လုံးကောင်းမှပဲ ခေါင်းမခဲတာ ဆိုတဲ့အတိုင်းပဲ ဝမ်းနှုတ်ဆေးသောက်မှ ဝမ်းကပုံမှန်သွားတဲ့ သူတွေရှိသလို…. တစ်ချို့ကလဲ ဗိုက်ချပ်ချင်လို့…. ဝမ်းသွားမှ ပေါ့ပါးပြီး သွက်လက်လို့ဆိုပြီး ဝမ်းနှုတ်ဆေးကို စွဲသောက်ကြတာ ရှိပါတယ်….. ဒီတော့…. ဝမ်းနှုတ်ဆေးကို အမြဲသောက်နေတာ အန္တရာယ်ရှိလား…. ဘေးထွက်ဆိုးကျိုးခံစားရနိုင်လား????
ဒီမေးခွန်းကို မဖြေခင် အရင်ဆုံးပြောချင်တာက… ဝမ်းချုပ်ခြင်းအကြောင်းပါ….တကယ်လို့ တစ်ပတ်မှာ ၃ ခေါက်လောက်မှ ဝမ်းကောင်းကောင်းမသွားဘူး… ဝမ်းသွားရတာ အခက်အခဲဖြစ်နေပြီဆိုရင်… ဝမ်းချုပ်တယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်…. ဝမ်းခဏခဏချုပ်တတ်တယ်ဆိုတာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာ နေထိုင်မှုပုံစံနဲ့လဲ သက်ဆိုင်သလို …. အစားအသောက်၊ ဆေးဝါးများနဲ့ တစ်ချို့သော ရောဂါများကြောင့်လဲ …. ဝမ်းချုပ်နိုင်ပါတယ်….
ဝမ်းနှုတ်ဆေးလို့ပြောကြတဲ့ laxative တွေက အူလမ်းကြောင်းလှုပ်ရှားမှုကို အားပေးသလို ဝမ်းသွားဖို့ကိုလဲ အထောက်အကူပြုပေးနိုင်ပါတယ်။ဝမ်းနှုတ်ဆေးအများစုကဆေးဆိုင်တော်တော်များများမှာ အလွယ်တကူ ဝယ်လို့ရနေပြီးသားဆိုတော့.. အများစုက ဝမ်းချုပ််တတ်ရင် ဝမ်းနှုတ်ဆေးလေး ဆောင်ထားကြတယ်ပေါ့…. ဒါပေမယ့် ပြဿနာက ဝမ်းချုပ်တိုင်း ဝမ်းနှုတ်ဆေးကို အများကြီးသောက်တာ၊ ခဏခဏသောက်တာ၊ ရေရှည်သောက်တာတွေရှိလာတဲ့အခါမှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်….
ဝမ်းနှုတ်ဆေးကို ပမာဏများများသောက်မိတဲ့အခါ လေပွတာ၊ ဗိုက်ရစ်ပြီးနာတာ၊ ဝမ်းလျှောတာအပြင် ရေဓါတ်ခမ်းခြောက်တာနဲ့ နုံးတာအထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝမ်းနှုတ်ဆေးကို မလိုအပ်ပဲ ကြာရှည်သောက်တဲ့အခါ နောက်ပိုင်းမှာ ဝမ်းနှုတ်ဆေးမသောက်ပဲ ဝမ်းမသွားတော့တာ ….. အူမကြီးရဲ့ ညှစ်နိုင်စွမ်းတွေ ကျလာတာနဲ့ ဝမ်းချုပ်ခြင်း ပိုဆိုးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့် ရေဓါတ်ခမ်းခြောက်လွယ်တဲ့သူ ၊ အူလမ်းကြောင်းပြဿနာရှိသူနဲ့ နို့တိုက်မိခင်တွေက ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ ဝမ်းနှုတ်ဆေးကို သောက်သင့်ပါတယ်။ ဝမ်းနှုတ်ဆေးသောက်စရာမလိုပဲ ပုံမှန်ဝမ်းသွားဖို့ဆိုရင် …..
- အမျှင်ဓါတ်များများစားပေးတာ
- ရေများများသောက်တာ
- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ
- ဝမ်းသွားဖို့အတွက် အချိန်ပေးတာ
- ဝမ်းသွားချင်လာတဲ့အခါ အောင့်ထားတာမျိုး မလုပ်ဖို့လဲ အရေးကြီးပါတယ်။
တကယ်လို့ ဆက်တိုက်ဆိုသလို ဝမ်းချုပ်နေပြီ ဝမ်းသွားရတာ တော်တော်ကြာကြာ အခက်အခဲရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင် ကုသဖို့ လိုပါတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိသလို တန်ဆေး၊ လွန်ဘေးဆိုတာလဲ ရှိတာကြောင့် ဝမ်းနှုတ်ဆေးသောက်တဲ့အခါမှာလဲ ဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်နော်၊
ရေးသားသူ - ဒေါက်တာ ယုဝါ
Wai Mar San 24 Dec 2022 |
ငယ်ငယ်လေးတည်းက ဝမ်းအရမ်းချုပ်တယ် တစ်ပတ်နှစ်ခါတောင် သေချာ မသွားရဘူး ဆေးသောက်မှ သွားရတယ် ရေရှည်အတွက် မကောင်းမှာ စိုးလို့ ဆေးကိုလည်း ချိန်သောက်နေရပါတယ် 🥺