ဘာကြောင့် ကွန်ဒုံးဟာ ကိုယ်ဝန်တားဖို့ အကောင်းဆုံးနည်းလမ်းလို့ ပြောရတာလဲ
ညီအစ်ကိုတို့အတွက် ကမ္ဘာခြားသလို ခံစားရစေမယ့် ကွန်ဒုံးဆိုတဲ့ အလွှာပါးလေးဟာ တကယ်ဆိုရင် မလိုချင်တဲ့ ကိုယ်ဝန်ကို ထိရောက်စွာတားဆီးပေးနိုင်တဲ့ နည်းလမ်းတွေထဲမှာ ပါပါတယ်။ ဘာကြောင့် အကောင်းဆုံးလို့ ပြောရတာလဲဆိုရင် ကွန်ဒုံးမှာ တခြားသန္ဓေတားနည်းလမ်းတွေထက် ကောင်းကျိုးများစွာ ရှိနေလို့ပါပဲ။
ဒီကောင်းကျိုးတွေထဲမှာ
၁။ ဝယ်ယူသိမ်းဆည်းရန် လွယ်ကူလျင်မြန်ခြင်း
ကိုယ်နဲ့အနီးပတ်ဝန်းကျင်က ဆေးဆိုင်၊ စတိုးဆိုင်တွေအပြင် အွန်လိုင်းကနေလည်း အလွယ်တကူ ဝယ်ယူလို့ရနိုင်သလို စျေးနှုန်းအားဖြင့်လည်း သင့်တင့်တယ်။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး သာမန်ကွန်ဒုံး၊ အလွှာပါးကွန်ဒုံး၊ ခံစားလှုံ့ဆော်နိုင်မှုကို ပိုမိုဆွပေးနိုင်မယ့် အဖုအထစ်နဲ့ ကွန်ဒုံး၊ အနံ့အရသာမျိုးစုံနဲ့ သေချာပုလွေပေးလို့ရမယ့် ကွန်ဒုံးမျိုး အစရှိသဖြင့် အမျိုးမျိုးဝယ်နိုင်တယ်။ သိမ်းဆည်းတာအတွက်ကလည်း ကိုယ့်အိမ်ခန်းလို လုံခြုံတဲ့နေရာမှာ မှောင်ပြီး အခန်း
အပူချိန်နဲ့ သိမ်းဆည်းထားနိုင်တယ်။ လပိုင်းကနေ နှစ်ပိုင်းအထိ သိမ်းဆည်းထားနိုင်လို့ လိုအပ်ရင် လိုအပ်သလို ထုတ်သုံးလို့ရတာပေါ့။
၂။ စနစ်တကျ သုံးစွဲရန် မခက်ခဲခြင်း
ကွန်ဒုံးကို စနစ်တကျသုံးစွဲဖို့ဆိုတာ ထိုးသွင်းဆက်ဆံမှုကို ပြုလုပ်တော့မယ်ဆိုမှ ဘုသီးပါတဲ့နေရာကို လက်မနဲ့ လက်ညှိုးဖြင့်ဖိပြီး ထောင်မတ်နေတဲ့
လိင်အင်္ဂါပေါ်ကို ဖြည်းဖြည်းချင်းဆွဲချလိုက်ရုံပါပဲ။ မသုံးခင်အချိန်မှာတော့ ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးရက်ဟာ ကျော်လွန်မနေဖို့ကို သေချာကြည့်ရမှာဖြစ်ပြီး ကွန်ဒုံးအထုပ်ပေါက်ပြဲနေခြင်း၊ ကွန်ဒုံးအနံ့နဲ့ အရောင်ပြောင်းလဲနေခြင်း၊ ကွန်ဒုံးအထုပ်အပြင်ဘက်မှာ ချောဆီများ စိမ့်ထွက်နေခြင်း ရှိမရှိကိုတော့ စစ်ဆေးဖို့ လိုအပ်ပါတယ်။
၃။ သန္ဓေတားတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ တာဝန်ကို ဝေမျှယူနိုင်ခြင်း
ကိုယ်ဝန်တားဖို့ဆိုတာ အမျိုးသမီးတွေရဲ့ အလုပ်တစ်ခုပဲ မဟုတ်ပါဘူး။ လိင်မှုကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ အမျိုးသား၊ အမျိုးသမီးနှစ်ဦးလုံး ပါဝင်ဖို့လိုအပ်သလိုပဲ၊ သန္ဓေတားတဲ့နေရာမှာလည်း အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကိုပဲ
တားဆေးသောက်ဖို့ ဖိအားပေးတာမျိုးထက်၊ ကိုယ်တိုင် ပါဝင်ကူညီပေးခြင်းဟာလည်း ကိုယ့်အဖော်ထမ်းထားရတဲ့ ဝန်ကို သက်သာစေပါတယ်။ အကယ်လို့ ကိုယ်က ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ မဟုတ်ဘဲ သူစိမ်းတွေနဲ့ ဆက်ဆံဖို့ဆိုရင်လည်း ကွန်ဒုံးတစ်ခုဆောင်ထားခြင်းက သွားလေရာမှာ အချစ်စခန်းတစ်ခုဖွင့်ဖို့ အဆင်သင့်ဖြစ်စေမှာပါ။
တခြားသန္ဓေတားနည်းလမ်းတွေနဲ့ ကွာတဲ့အချက်တစ်ချက်ကို ပြောပါဆိုရင် ကွန်ဒုံးကို စနစ်တကျအသုံးပြုခြင်းဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကိုသာမက အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများကိုပါ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့အချက်ပါပဲ။ ဒီအချက်ကြောင့်လည်း ကွန်ဒုံးဟာ လိင်မှုကိစ္စကို ပုံမှန်ပြုလုပ်နေသူတွေအတွက် အကောင်းဆုံးနဲ့ အရွေးချယ်သင့်ဆုံး နည်းလမ်းလို့ ဆိုရတာပါ။
၅။ ကျား၊ မ မရွေး အသုံးပြုနိုင်ခြင်း
များသောအားဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ယောက်ျားသုံးကွန်ဒုံးတွေကိုသာ အတွေ့များပြီး အသုံးပြုတတ်ကြပေမယ့် မိန်းကလေးသုံးကွန်ဒုံးများလည်း ရှိပါတယ်။ ဒီကွန်ဒုံးတွေဟာ အမျိုးသားသုံးကွန်ဒုံးများထက် ပိုကြီးပြီး
လက်ချောင်းဖြင့် မိန်းမကိုယ်အတွင်း သေချာထိုးထည့်ရတာဖြစ်ပါတယ်။ ဆက်ဆံဖော်ယောက်ျားလေးက လိင်စိတ်အထွတ်အထိပ်ရောက်ပြီးသွားတာနဲ့ မိန်းကလေးတွေအနေနဲ့ အတွင်းက ကွန်ဒုံးကို အရည်မဖိတ်စေဖို့ သေချာဂရုစိုက်ဆွဲထုတ်ပြီး အမှိုက်ပုံးထဲ စနစ်တကျပစ်လိုက်ရုံပါပဲ။ အာနိသင်ကတော့ အမျိုးသားသုံးကွန်ဒုံးနဲ့ ကွာခြားခြင်းမရှိပါဘူး။
ကွန်ဒုံးသုံးတဲ့အခါ ဘာတွေသတိထားမလဲ။
- ကွန်ဒုံးရဲ့သက်တမ်းကုန်ဆုံးရက်ကို ကြည့်ဖို့မမေ့ပါနဲ့။
- ကွန်ဒုံးအထုပ်ပေါက်ပြဲနေခြင်း ရှိမရှိ စစ်ဖို့မမေ့ပါနဲ့။
- ချောဆီကို အမြဲသုံးပါ။ ကွန်ဒုံးအတွက် အကောင်းဆုံးက ရေအခြေပြုချောဆီ (တံတွေးမဟုတ်ပါ) နဲ့ ဆီလီကွန်အခြေပြု ချောဆီတွေပဲ ဖြစ်ပါတယ်။
- ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတဲ့အခါ အသစ်တစ်ခုပြန်တပ်ပါ။
- သုက်လွှတ်ပြီးသွားတဲ့အခါ ကွန်ဒုံးကို အရည်မဖိတ်စေဖို့ စနစ်တကျစွန့်ပစ်ပါ။
- နောက်တစ်ကြိမ်ဆက်ဆံတော့မယ်ဆိုရင် ကွန်ဒုံးအသစ်ကိုသာ အသုံးပြုပါ။
- ကွန်ဒုံးကို သိမ်းဆည်းတဲ့အခါ ပူလောင်အိုက်စပ်ပြီး အလင်းနဲ့ထိတွေ့တဲ့နေရာတွေမှာ မသိမ်းဆည်းပါနဲ့။ အကောင်းဆုံးကတော့ ကိုယ့်အိပ်ခန်းအံဆွဲထဲမှာ ထည့်သိမ်းတားပါ။
ကွန်ဒုံးအသုံးပြုခြင်းဟာ သာမန်လူအများစုအတွက် ပြဿနာမဖြစ်စေနိုင်ဘူးဆိုပေမဲ့ Latex ရာဘာသားနဲ့ မတည့်သူများအနေနဲ့ ဓာတ်မတည့်လက္ခဏာတွေ (အရေပြားယားယံခြင်း၊ အင်ပျဉ်အပိမ့်များ ထလာခြင်း၊ အရေပြားအရောင်ပြောင်းလဲခြင်း၊ အနီကွက်များ ပေါက်လာခြင်း၊ အသက်ရှူကြပ်ခြင်း) ပြလာတဲ့အခါ ဆရာဝန်နဲ့ သေချာပြကြည့်ပြီး ကိုယ်နဲ့သင့်တော်မယ့် ကွန်ဒုံးအမျိုးအစားတွေကို ညွှန်ခိုင်းနိုင်ပါတယ်။
လိင်အပျော်အပါးကို ပုံမှန်လိုက်စားနေသူများ၊ တစ်ဦးထက်ပိုပြီး လိင်ဆက်ဆံဖော်များသူတွေ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတတ်သူများ ၃ လ ပြည့်တိုင်း သွေးပုံမှန်စစ်ဆေးဖို့ကို သတိပြုပေးပါ။
ရေးသားသူ - ရဲမျိုးမြတ်
|
Htet
02 Aug 2022
|
ချစ်သူစုံတွဲတွေအတူနေတဲ့အခါတိုင် ကွန်ဒုံတစ်ခုထဲနဲတင် အဆင်ပြေလား
အရေးပေါ်တားဆေးရော် တိုက်ရမှာလား ဖြေးပေးပါအုံးဗျ