အပျိုလူပျိုဖော်စအရွယ်များနှင့် မျိုးဆက်ပွားကျန်းမာရေး
“ကလေးက ကလေးလိုနေ” ဆိုတာ ပတ်ဝန်းကျင်မှာ ကြားနေကျပါ။ ဒီလို အပြောတွေနဲ့ အသက်အရွယ်အလိုက် သိသင့်သိထိုက်တာကို သင်မပေးထားရင် ဘာတွေဖြစ်နိုင်သလဲ?
အပျိုလူပျိုဖြစ်၊ အိမ်ထောင်ကျ၊ ကလေးမွေးကြတဲ့အခါမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကိုယ် ထဲထဲဝင်ဝင်မသိခြင်း၊ မျိုးဆက်ပွားကျန်းမာရေး အသိမရှိခြင်းတို့ကြောင့် မဖြစ်သင့်ပါဘဲ ဖြစ်ရတဲ့ပြဿနာတွေရှိပါတယ်။ ဒီအရွယ်လေးတွေကစပြီး ခန္ဓာကိုယ်ပြောင်းလဲလာခြင်းနဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်း စနစ်တကျ သင်ပေးထားရင် ကိုယ့်ကိုယ်ကိုယ်ကောင်းစွာစောင့်ရှောက်နိုင်၊ လက်ခံနိုင်လာပါတယ်။ စိတ်ခံစားမှုများကိုလည်း ဉာဏ်ရှိစွာ ထိန်းသိမ်းလာနိုင်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ လျော့နည်းစေပါတယ်။
ဆယ်ကျော်သက်တွေမှာ ဘာတွေပြောင်းလဲလာသလဲ?
အပျိုလူပျိုဖော်ဝင်တဲ့အချိန်မှာ ကလေးရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းတွေကြောင့် များပြားလှစွာသောပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာပြီး လူကြီးတစ်ယောက်ဖြစ်ဖို့ အစပျိုးနေပါတယ်။
မိန်းကလေးတွေမှာ အသက် ၈ နှစ်နှင့် ၁၃ နှစ်ကြား၊ ယောကျာ်းလေးတွေမှာ အသက် ၉ နှစ်နှင့် ၁၄ နှစ်ကြားမှာ ပုံမှန် အပျိုလူပျိုဖော်ဝင်လေ့ရှိပါတယ်။ သိသာထင်ရှားတဲ့ လက္ခဏာများကတော့ မျိုးပွားနိုင်ရန်လိုအပ်တဲ့ အဂ်ါများဖွံ့ဖြိုးကြီးထွားခြင်းပါ။ မိန်းးကလေးတွေမှာ ရင်သားစတင်ကြီးထွားလာခြင်းနှင့် ရာသီသွေးစပေါ်ခြင်းဖြစ်ပြီး ယောကျာ်းလေးတွေမှာတော့ ဝှေးစေ့၊ လိင်တံနှင့် ကြွက်သားများ ကြီးထွားလာခြင်းများဖြစ်ပါတယ်။
ကျားနှင့်မ မတူဘဲ ထုတ်လုပ်တဲ့ဟော်မုန်း အနည်းအများပေါ်မူတည်ကွဲပြားပါတယ်။ တက်စတိုစတီရုန်း( အမျိုးသားဟော်မုန်း)ဟာ အမျိုးသားဆန်မှုကို ဖြစ်စေပြီး အီစထရိုဂျင်(မဟော်မုန်း)ကတော့ အမျိုးသမီးဆန်မှုကို ဖြစ်စေပါတယ်။
ဘာကြောင့် မျိုးဆက်ပွားကျန်းမာရေး သင်ပေးထားဖို့ အရေးကြီးတာလဲ?
ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါတယ်။ ဒီအရွယ်ဟာ အရာရာကိုစူးစမ်းချင်စိတ်များပါတယ်။ မိဘလက်ကလည်း စလွတ်လာပြီဆိုတော့ လက်တည့်စမ်းကြည့်ချင်တာ၊ ပတ်ဝန်းကျင်က မြှောက်ပင့်ပေးတာ၊ ရုပ်ရှင်နှင့် အပေါင်းအသင်းတွေကို အားကျတာတွေက တွန်းအားတွေပါ။ ကိုယ်ဝန် ဘာကြောင့်ရတာလဲ၊ ဘယ်လိုအခြေအနေမှာ မတော်တဆ ကိုယ်ဝန်ရတတ်သလဲ၊ ကိုယ်ဝန်မရအောင် ဘယ်လိုရှောင်ရှားနိုင်သလဲ စတာတွေကို သင်ပေးထားသင့်ပါတယ်။ မတော်တတဆဖြစ်ခဲ့သည်ရှိသော် ဆယ်ကျော်သက်အရွယ်ဆိုတာ ကိုယ်ဝန်ဆောင်ဖို့ စိတ်ရော လူရော အသင့် မဖြစ်သေးပါဘူး။ တရားမဝင် ကိုယ်ဝန်ဖျက်ချတာလုပ်ခဲ့ရင်လည်း ရောဂါပိုးဝင်ပြီး မိခင်သေနှုန်းများပါတယ်။
လိင်မှတဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်ခြင်း
ဘာရောဂါတွေအကြောင်းကို အဓိကသင်ထားပေးရမလဲ ဆိုတော့ အဓိက အသည်းရောင်အသားဝါ ဘီနှင့် စီ၊ လိင်အဂ်ါကြွက်နို့ နှင့် ကင်ဆာဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်၊ ဂနိုနှင့် HIV/AIDS တို့လို လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါများ ဖြစ်ပါတယ်။ ကြိုတင်သင်ပေးထားရင် စောစီးစွာလိင် အတွေ့အကြုံရှိခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကို ရှောင်ရှားနိုင်ပြီး မိမိကိုယ်ကိုယ် ရောဂါမဖြစ်အောင် စောင့်ရှောက်နိုင်ပါတယ်။
ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာကို ကောင်းစွာနားလည်လက်ခံခြင်း
- ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန် အချိုးအစား သိသိသာသာ ပြောင်းလဲလာတာ၊ ရင်သားဆက်လက်ကြီးထွားလာတာ၊ ဝှေးစေ့နှင့် လိင်တံကြီးထွားလာတာ
- အရိုးနှင့် ကြွက်သားတွေ လျှင်မြန်စွာကြီးထွားလာတာ၊ ရုတ်တရက်အရပ်ရှည်ထွက်လာတာ၊ ပုခုံးတွေကျယ်လာတာ၊ တင်ပါးဆုံကွင်းကျယ်လာတာ၊
- ဝက်ခြံထွက်တတ်လာတာ
- ချိုင်းနှင့်ဆီးစပ်တဝိုက် အမွှေးအမျှင်တွေထွက်လာတာ
- အသံနှင့် ခန္ဓာကိုယ်အနံ့ ပြောင်းလာတာတွေ ဖြစ်ပါတယ်။
ဒါတွေဟာ သဘာဝလိုအပ်ချက်အရ ဖြစ်လာတာကို မရှက်ဖို့၊ နားလည်လက်ခံနိုင်ဖို့ သင်ပေးထားရမှာပါ။
ထိန်းသိမ်းသင့်သော လျှို့ဝှက်အပ်တဲ့အင်္ဂါအစိတ်အပိုင်းအကြောင်း သင်ပေးထားရင် တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ရောဂါကင်းဝေးအောင် တာဝန်ယူနိုင်ပါလိမ့်မယ်။ မိမိကိုယ်တိုင်နှင့် ဆန့်ကျင်ဘက်လိင်ရဲ့ သဘာဝကို သိသင့်သမျှ ပွင့်ပွင့်လင်းလင်းသင်ပေးထားရင် လိင်မှုကိစ္စစော်ကားခြင်းမခံရအောင် ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။
ဆေးလိပ်၊ အရက်နှင့် တားမြစ်ဆေးအန္တရာယ်မှ ကာကွယ်ရန်
ဆယ်ကျော်သက်အရွယ်ဟာ လူကြီးမဖြစ်သေးဘဲ မိမိကိုယ်ကိုယ်မထိန်းချုပ်နိုင်သေးတဲ့အတွက် တားမြစ်ထားတာကို လက်ခံနိုင်အောင် သင်ကြားပေးထားရမှာပါ။
မိဘနှင့် အရင်းနှီးဆုံးသူများက မသင်ပေးရင် သူတို့ဘာသာ အသက်အရွယ်အရစိတ်ဝင်စားလာတာကို နီးစပ်ရာကြုံရာလေ့လာရင်း မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာတတ်ပါတယ်။
အပျိုလူပျိုဖော်ဝင်စ ပြဿနာများ၊ မျိုးဆက်ပွားအသိပညာ၊ ရောဂါများနှင့် ပတ်သက်ပြီး လိုအပ်သလို ဆရာဝန်များနှင့် ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။