လိင်မှတဆင့်ကူးစက်နိုင်သောရောဂါများ အကြောင်း
ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများဟာ လူကို နည်းလမ်းပေါင်းများစွာနဲ့ ကူးစက်ရာမှာ လိင်ဆက်ဆံရာမှတဆင့် ကူးစက်ခြင်းဟာလည်း သတိပြုရမယ့်ထဲမှာပါပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ရောဂါများဟာ ပျောက်ကင်းအောင်ကုသလို့ရတာလည်းရှိသလို မပျောက်နိုင်တော့တာလည်း ရှိပါတယ်။ တစ်ခါတစ်လေ ရောဂါမပြင်းထန်ပေမယ့် တချို့ရောဂါတွေကတော့ ကင်ဆာနှင့် အသက်အန္တရာယ်ပေးနိုင်တာမျိုးလည်း ရှိပါတယ်။ လက္ခဏာပြတဲ့သူရှိသလို လက္ခဏာမပြဘဲလည်း ကိုယ်ထဲမှာ ရောဂါပိုးသယ်ဆောင်သူလည်း ဖြစ်နေနိုင်ပါတယ်။
ဘာတွေကြောင့် အဖြစ်များလဲ?
ကျားမမရွေး ဘယ်နည်းနဲ့လိင်ဆက်ဆံတာမျိုးကနေမဆို ကူးစက်လာနိုင်ပါတယ်။ လိင်ဆက်ဆံဖော်များတဲ့သူ၊ အကာအကွယ်မသုံးတဲ့သူများဟာ ကူးစက်နိုင်ခြေအများဆုံးဖြစ်ပါတယ်။
ဘာလက္ခဏာတွေရှိတတ်သလဲ?
- ဂနိုနှင့် အခြားဘတ်တီးရီးယားများကြောင့် မျိုးပွားလမ်းကြောင်းယောင်ရမ်းခြင်း
- လိင်ဆက်ဆံစဥ် သို့မဟုတ် ဆီးသွားစဥ် နာကျင်ခြင်း
- မိန်းမကိုယ်၊ လိင်တံ၊ ကပ္ပါယ်အိတ်၊ စအို၊ ပေါင်ခြံ၊ တင်ပါးနှင့် ပါးစပ်တို့တွင် အနာ၊ အကျိတ်၊ အနီကွက်များဖြစ်ခြင်း
- မိန်းမကိုယ်နှင့် လိင်တံမှ အရည် သို့မဟုတ် သွေးကျခြင်း
- ဝှေးစေ့နာကျင်ယောင်ရမ်းခြင်း
- မိန်းမကိုယ်တဝိုက်ယားယံခြင်း
- ရာသီမမှန်ခြင်း၊ သွေးဆင်းများခြင်း
- လိင်ဆက်ဆံအပြီး သွေးဆင်းခြင်းများ
- ဗိုက်နာဗိုက်အောင့်ခြင်း
- ဖျားခြင်း၊ နုံးခြင်း
- အန်ခြင်း
- ကိုယ်အလေးချိန်ကျခြင်းများ ဖြစ်တတ်ပါတယ်။ စနစ်တကျကုသရင် ပျောက်ကင်းပါတယ်။
- လိင်အင်္ဂါကြွက်နို့ဖြစ်ခြင်း
HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးမျိုးဝင်ခဲ့ရင် မိန်းမကိုယ်၊ လိင်တံ၊ ကပ္ပါယ်အိတ်၊ စအို၊ ပေါင်ခြံ၊ တင်ပါးနှင့် ပါးစပ်တို့တွင် အဖြူရောင် သို့မဟုတ် အသားရောင် ကြွက်နို့ အဖုလေးများဖြစ်စေပါတယ်။ ကုသလို့ ရပေမယ့် အရှင်းတော့ ပျောက်ကင်းမသွားပါဘူး။ ကိုယ်ထဲမှာရှိနေတတ်ပြီး ကိုယ်ခံအားကျတဲ့အခါ ပြန်ပေါ်လာတတ်ပါတယ်။ နောက်ပိုင်းမှာ ခံတွင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ လိင်တံကင်ဆာ၊ စအိုကင်ဆာမျိုးကို ဖြစ်စေနိုင်ပါတယ်။ လိင်အဂ်ါကင်ဆာများဟာ ရောဂါကိုစောစောသိရင် ကုသနိုင်သလို ခွဲစိတ်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းများဖြင့် ကုသနိုင်ပါတယ်။
- HIV/AIDS
လိင်နှင့် သွေးမှတဆင့် ကူးစက်တတ်သောရောဂါများထဲမှာ ချန်ထားလို့ မရတဲ့ရောဂါဖြစ်ပါတယ်။ ကုရာနတ္ထိဆေးမရှိပါလို့ ရောဂါပညာပေးနေကြဆဲ ကူးစက်မှုတွေများနေဆဲပါ။ HIV ဗိုင်းရပ်စ်ပိုးဟာ ရောဂါရှိသူရဲ့ လိင်အဂ်ါမှထွက်တဲ့အရည်ထဲမှာ အများဆုံးပါပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အနာများနှင့် ရောဂါပိုးများကူးစက်လွယ်ခြင်း၊ ကင်ဆာများဖြစ်စေပါတယ်။ ပျောက်ကင်းအောင်ကုသလို့မရပါဘူး။ အနေအထိုင်ဆင်ခြင်ခြင်း၊ ညွှန်ကြားထားသောဆေးများသောက်ခြင်းဖြင့် သာမာန်လူလို သက်တမ်းစေ့အောင်နေနိုင်ပါတယ်။
အသည်းရောင်အသားဝါ ဘီဖြစ်ခြင်း
လိင်ဆက်ဆံခြင်းနှင့် သွေးမှတဆင့် ကူးစက်မှုဖြစ်စေပါတယ်။ အသည်းရောင်အသားဝါ ဘီ ရောဂါဟာ နှစ်ကြာလာတဲ့အခါမှာ အသည်းကင်ဆာကို ဖြစ်စေတဲ့အတွက် စနစ်တကျကုသမှုယူဖို့လိုပါတယ်။
- ကိုယ်ဝန်ဆောင်များနှင့် လိင်မှကူးစက်သောရောဂါများ
ကိုယ်ဝန်ဆောင်များမှာ လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများရှိရင် ဗိုက်ထဲမှာ သွေးကနေတဆင့်ဖြစ်စေ၊ မီးဖွားစဥ် မွေးလမ်းကြောင်းကနေတဆင့်ဖြစ်စေ ကလေးဆီကိုကူးစက်စေနိုင်ပါတယ်။ သားပျက်သားလျှောဖြစ်ခြင်း၊ ပေါင်မပြည့်လမစေ့မွေးခြင်း၊ မွေးရာပါကိုယ်အဂ်ါချွတ်ယွင်းချက်များဖြစ်ခြင်း၊ ဝမ်းဗိုက်ထဲမှာ သန္ဓေသားသေဆုံးခြင်းဖြစ်စေတတ်ပါတယ်။ နောက်ကိုယ်ဝန်တွေမှာလည်း မျိုးပွားလမ်းကြောင်းယောင်ရမ်းခြင်းကြောင့် သားသမီးရရန်ခက်ခဲခြင်း၊ သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်းတို့ ဖြစ်စေပါတယ်။
လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို သွေးစစ်ခြင်း၊ ခန္ဓာကိုယ်မှထွက်တဲ့အရည်များကို ဓာတ်ခွဲစစ်ဆေးခြင်း၊ လိင်အဂ်ါလမ်းကြောင်းထဲကို မှန်ပြောင်းဖြင်းစစ်ဆေးခြင်းများဖြင့် ရောဂါရှာဖွေပါတယ်။ သောက်ဆေး၊ လိမ်းဆေး၊ ခွဲစိတ်ကုသခြင်း၊ လေဆာကုထုံးများဖြင့် ရောဂါပေါ်မူတည်ပြီး ကုသနိုင်ပါတယ်။
ကူးစက်မခံရအောင် ဘယ်လိုနေထိုင်ကြမလဲ?
1. လိင်ဆက်ဆံဖော် မများအောင်ဆင်ခြင်ပါ။
2. မရှောင်နိုင်ရင်၊ စိတ်မချရင် အကာအကွယ်အမြဲသုံးပါ။
3. မိမိလက်တွဲဖော်နှင့်ပတ်သက်ရင် ပွင့်လင်းပါ။ ဆွေးနွေးပါ။
4. အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး ထိုးထားပါ။
5. အပျိုဖော်မဝင်မီနှင့် မိန်းကလေးများ လိင်အတွေ့အကြုံလုံးဝမရှိခင်ကတည်းက HPV ကာကွယ်ဆေးများထိုးထားပါ။
မိမိကိုယ်ကိုယ် ရောဂါနှင့်ပတ်သက်ပြီး သံသယရှိတယ်ဆိုရင် နှောင့်နှေးမနေဘဲ အကြံဉာဏ်ယူသင့်ပါတယ်။ သက်ဆိုင်ရာဆရာဝန်များနှင့်လည်း ကိုယ်ပိုင်အချက်အလက်များကို မပေါက်ကြားစေဘဲ ပွင့်လင်းစွာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
bake 02 Jul 2023 |
good
bake 02 Jul 2023 |
good
bake 02 Jul 2023 |
nice
bake 02 Jul 2023 |
bake 02 Jul 2023 |