လိင်တံကင်ဆာအကြောင်း သတိပြုစရာ
သိထားကြတဲ့အတိုင်းပါ။ အမျိုးသားလိင်တံရဲ့ အလုပ်က ခန္ဓာကိုယ်ပြင်ပကို ဆီးစွန့်ဖို့နဲ့ အမျိုးသမီးကိုယ်ထဲကို သုက်ရည်ထည့်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ လိင်တံထဲမှာ ဆီးစွန့်ပြွန်နဲ့ လိင်တံထောင်မတ်နိုင်စေဖို့ ကြွက်သားချောင်းနှစ်ချောင်း၊ ပြန်ရည်ကြောနဲ့ သွေးကြောများပဲ ရှိတာပါ။
ဒီလောက် ရိုးရှင်းတဲ့အင်္ဂါမှာတောင် ကင်ဆာဖြစ်နိုင်သလား ဆိုတော့ ဖြစ်နိုင်ပါတယ်။ လိင်တံမှာဖြစ်တဲ့ ကင်ဆာဟာ အဖြစ်များတဲ့ကင်ဆာမဟုတ်ပေမယ့် တစ်ချို့တစ်လေမှာ တွေ့ရတတ်ပါတယ်။ လိင်တံကင်ဆာရဲ့ ၉၅ ရာခိုင်နှုန်းဟာ လိင်တံပေါ်ရှိ အရေပြားကင်ဆာ ဖြစ်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်နိုင်သလဲ?
အသက် ၆၀ ကျော်သူ၊ လိင်တံထိပ်အရေပြားဖြတ်မထားသူ၊ လိင်တံထိပ်အရေပြားအပေါက်ကျဥ်းနေသူ၊ တကိုယ်ရေသန့်ရှင်းမှု အားနည်းသူ၊ လိင်ဆက်ဆံဖော်များသူ၊ ဆေးလိပ်သောက်သူ၊ AIDS ရောဂါသည်တွေမှာ ပိုဖြစ်တတ်ပါတယ်။
ဘာလက္ခဏာတွေရှိတတ်သလဲ?
- လိင်တံအပေါ်နှင့်ထိပ်အရေပြား ထူလာခြင်း၊ အရောင်ပြောင်းလာခြင်း၊ နီရဲရဲကတ္တီပါလို အပြင်လိုက်ဖြစ်လာခြင်း၊ အဖြူကွက်ပေါ်လာခြင်း
- လိင်တံတွင် အလုံးအကျိတ် သို့မဟုတ် ပြာညို့ညို့အပြားအချပ်လေးများ ပေါ်လာခြင်း
- လိင်တံတွင် ကြွက်နို့လို အဖုသေးသေးလေးများပေါ်လာခြင်း
- လိင်တံထိပ်အရေပြားနှင့် လိင်တံမှာ အနာဖြစ်ခြင်း၊ အနာမှ သွေးထွက်ခြင်း
- လိင်တံထိပ်ဖျားအရေပြားအောက်မှ အနံ့ဆိုးသော အရည်များကျခြင်း
- လိင်တံနာကျင်ခြင်း၊ ပူခြင်း၊ ယားခြင်း
- ပေါင်ခြံတွင် အကျိတ်များပေါ်လာခြင်း ဖြစ်တတ်ပါတယ်။
တစ်ခါတစ်ရံ ဘတ်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ တစ်ခုခုနှင့် ဓာတ်မတည့်ခြင်းကြောင့်လည်း ဒီလိုလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ရိုးရိုးပိုးဝင်တာမျိုးဖြစ်ရင် လိမ်းဆေး၊ သောက်ဆေးများပေးခြင်းဖြင့် ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ခဏခဏ ပြန်ဖြစ်နေတာ၊ ၄ ပတ်ကျော်လာတဲ့အထိ အနာမကျက်တော့တာ၊ ပိုဆိုးလာတာမျိုးဆိုရင်တော့ လိင်တံကင်ဆာ ဖြစ်ဖို့များနေပါပြီ။
အဓိက ဖြစ်ရတဲ့ အကြောင်းရင်းကတော့
1. လိင်တံထိပ်အရေပြားအောက်မှာ ခန္ဓာကိုယ်ကထွက်တဲ့ အရည်၊ အညစ်အကြေး၊ ဆီးချိုးတွေ ကျန်နေတာကြောင့်
2. လိင်မှတဆင့်ကူးစက်သော လိင်အင်္ဂါကြွက်နို့ဖြစ်စေတတ်တဲ့ HPV ဗိုင်းရပ်စ်ကြောင့်ပါ။
သာမာန်သန့်ရှင်းရေးလုပ်ရုံနဲ့ မပြောင်စင်နိုင်ဘဲ နှစ်ကြာလာတဲ့အခါ နာတာရှည်ယောင်ရမ်းခြင်းနှင့် အနာဖြစ်စေရာကနေ ကင်ဆာသို့ကူးပြောင်းစေပါတယ်။
လိင်တံကင်ဆာ ဟုတ်မဟုတ်ကို အသားစယူဓာတ်ခွဲခြင်းဖြင့် သိရှိနိုင်ပါတယ်။ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်လှိုင်းဓာတ်မှန်ရိုက်ခြင်းဖြင့် အခြားကိုယ်အဂ်ါများကို ပျံ့နှံ့နေခြင်းရှိမရှိစစ်ဆေးနိုင်ပါတယ်။ ပျံ့နှံ့မှုနှုုန်းမြန်တဲ့အတွက် စောစောသိ စောစောကုသမှု ခံယူလေ ကောင်းလေဖြစ်ပါတယ်။ စောစီးစွာသိရှိပြီး အပေါ်ယံအရေပြားမှာပဲရှိနေရင် လိမ်းဆေးလိမ်းခြင်း၊ အနာကို ဖြတ်ထုတ်ခြင်း၊ အအေးလှိုင်းကုထုံး၊ လေဆာကုထုံးများဖြင့် ကုသနိုင်ပါတယ်။
စောစောကုသမှုခံယူနိုင်ရင်တော့ ကင်ဆာပျောက်ကင်းသွားနိုင်ပြီး လိင်တံထိခိုက်မှုမရှိ၊ လိင်ဆက်ဆံမှုရေးရာမှာ အနှောက်အယှက်မဖြစ်စေပါဘူး။ ရှက်ရွံ့ခြင်း၊ ရိုးရိုးအနာဖြစ်လောက်တယ်ထင်ပြီး လျစ်လျူရှုမိနေခြင်းတို့ကြောင့် တစ်ခါတစ်လေ နောက်ကျမှသိရတာမျိုးဖြစ်တတ်ပါတယ်။ ရောဂါအဆင့်တက်ပြီး ပျံ့နှံ့နေရင်တော့ ခွဲစိတ်လှီးထုတ်ခြင်း၊ လိင်တံ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ဖြတ်တောက်လိုက်ရခြင်း၊ ဓာတ်ကင်ခြင်း၊ ကင်ဆာဆေးသွင်းခြင်းများဖြင့် ကုသရတတ်ပါတယ်။
မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ?
ကာကွယ်နိုင်တဲ့နည်းလမ်း အတိအကျတော့ မရှိပါဘူး။ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့်နည်းလမ်းတွေကတော့
- လိင်တံထိပ်အရေပြားဖြတ်ထုတ်ထားပါ။
- မဖြတ်ထုတ်ရသေးရင် ထိပ်အရေပြားတဝိုက်ကို နေ့စဥ် သန့်ရှင်းရေး သေသေချာချာပြုလုပ်ပေးပါ။
- ဆေးလိပ်ဖြတ်ပါ။
- လိင်ဆက်ဆံဖော် မများအောင်လျှော့ချပါ။
- HPV နှင့် HIV ကူးစက်ခြင်းမရှိစေရန် အကာအကွယ်ကွန်ဒုံး သုံးပါ။
- လိင်တံတွင် တစ်ခုခုမူမမှန်တာကို သတိထားမိတာနဲ့ ဆရာဝန်နှင့် တိုင်ပင်ပါ။
ရောဂါနှင့် ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်နေရင် နှောင့်နှေးမနေဘဲ သက်ဆိုင်ရာဆရာဝန်များနှင့် ပွင့်လင်းစွာ ဆွေးနွေးကုသနိုင်ပါတယ်။