လိင်တံကြီးမှ စွမ်းဆောင်ရည်ပိုကောင်းမယ်ဆိုတဲ့ အစွဲတွေကို သင်ကစပြီး ဖျောက်ကြစို့
ယခင်နှစ်များစွာကတည်းက ပတ်ဝန်းကျင်မှာ အမြစ်တွယ်လာခဲ့တဲ့ “ညီလေးကြီးရင် ပိုကြာတယ်၊ ပိုကြီးမှ ပိုစွဲတာ၊ လိင်တံကြီးမှ ကိုယ့်အဖော်ကကြိုက်တာ၊ ကြီးလေ ပိုကောင်းလေပဲ၊ လိင်အင်္ဂါကြီးရင် အထွတ်အထိပ်ရောက်ရင် ဖီးလ်ပိုကောင်းတယ်” ဆိုတဲ့ ချင်း(ဂျင်း) စကားတွေဟာ ယနေ့ခေတ်အထိ ရှိနေဆဲပါပဲ။ အပြာရုပ်ရှင်ရေပန်းစားမှုနဲ့ လက်လှမ်းမီမှုဟာ ပိုအားကောင်းလာတာနဲ့အမျှ လူငယ်၊ လူကြီးမရွေး ဒီအတွေးဟာ ဝင်နေတတ်ပြီး ကိုယ့်ညီလေးရဲ့အရွယ်အစားအပေါ် စိတ်တိုင်းမကျမှု၊ အားမလိုအားမရဖြစ်မှုတွေဟာ ယောက်ျား အယောက် ၁၀၀ မှာ ၉၉ ယောက်လောက် ဝင်နေတတ်ပါတယ်။
ဒီတော့ တကယ်ပဲ လိင်တံကြီးမှ စွမ်းဆောင်ရည်ပိုကောင်းတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အသုံးပြုတဲ့ ဘော်ဒါတို့ကိုယ်တိုင်ပေါ်ပဲ မူတည်တယ်လို့ ဆိုရမှာပါ။ ကိုယ်က ကာမကျမ်းကြေပြီး အပြုအစု၊ အသွင်းအကော့၊ ထိန်းနိုင်စွမ်းတွေ ကောင်းတယ်ဆိုရင် ညီလေးက ဘယ်အရွယ်အစားပဲဖြစ်နေနေ ကိုယ့်ဆက်ဆံဖော်က သဘောကျမိမှာပါ။ ဒါကြောင့် ကိုယ့်လိင်တံသေးနေလိုက်တာဆိုပြီး ဆိုက်ကိုအကြီးစားတွေ ဝင်နေပြီး စိတ်ညစ်နေတာထက် ကိုယ့်မိမွေးတိုင်း ဖမွေးတိုင်းကို ဘယ်လိုအသုံးချရမလဲဆိုပြီး စတွေးတာက ကိုယ့်ရဲ့လိင်မှုဘဝမှာ ပိုကောင်းတဲ့ သာယာပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်မှာပါ။
ဒါဆို သာယာပျော်ရွှင်တဲ့ လိင်မှုဘဝဖြစ်စေဖို့ ဘာတွေလိုအပ်မလဲ
၁။ အပေးအယူမျှတခြင်း
ဒါကတော့ ရှင်းပါတယ်။ ငါကတော့ ယောက်ျားမို့လို့ ငါပဲပြီးရမယ်ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်မျိုးထားလို့မရပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ နှစ်ဦးနှစ်ယောက်ဆက်ဆံရတာပါ။ ကိုယ့်အကြိုက်၊ သူ့အကြိုက်ဆိုတာ ရှိနိုင်ပါတယ်။ ကိုယ်ကလည်း ဘယ်လို Position နဲ့မှ ပိုထိတယ်၊ ကိုယ့်ဆက်ဆံဖော်ကလည်း ဘယ်လိုမျိုး နှိုးဆွပေးရင် ပိုပြီးစိတ်ကြွလဲ၊ ဘာမျိုးလေးတွေကိုမှ ကြိုက်တာလဲဆိုတာကို သေချာသိပြီး အပေးအယူမျှနေမှ လိင်မှုဘဝက ချောမွေ့နေမှာပါ။
၂။ ရင်ဖွင့်ခြင်း
အပေါ်မှာပြောခဲ့သလိုပါပဲ။ ကိုယ်ကတော့ ဒါကြိုက်တယ်၊ ဒါမကြိုက်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုအပ်သလို ကိုယ့်အဖော်ကလည်း ပြောပြထား၊ ရင်ဖွင့်ထားမှ အဆင်ပြေမှာပါ။ လိင်မှုကိစ္စဆိုတာ လိင်တံထိုးသွင်းပြီး သုက်ရည်လွှတ်လိုက်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ဒီ့ထက်ပိုလေးနက်သလို လူနှစ်ယောက် စပ်ယှက်နေရတာဖြစ်လို့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်သလို အမြဲတမ်း ကိုယ့်ပုံစံကို တခြားသူက သာယာချင်မှ သာယာမှာပါ။
၃။ ပြုစုယုယပေးခြင်း
ဒါကတော့ ယောက်ျားလေးတွေ သိပ်ပျင်းတဲ့အလုပ်ပါ။ မိန်းကလေးတွေဟာ ပြုစုယုယခံရတာ ကြိုက်သလို လိင်စိတ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်မပြတတ်တာ၊ ဖွင့်မပြရဲတာကြောင့် နမ်းတာ၊ ဖက်ထားတာ၊ လက်နဲ့ ပွတ်သပ်ကိုင်တွယ်ပေးတာ၊ နှုတ်ခမ်း သို့မဟုတ် လျှာနဲ့ သေချာနှိုးဆွပေးတာမျိုးဟာ ကိုယ့်အဖော်ရဲ့ ကာမခလုတ်ကို တစ်ခုချင်းဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ စလာတာနဲ့ ကိုယ့်ညီလေးကို တန်းထည့်ပြီး ပြီးလိုက်တာမျိုးကတော့ နည်းနည်းရှေးရိုးဆန်တာပေါ့ဗျာ။
ကာမခွန်အားတက်စေဖို့ဆိုရင် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အပေးအယူ၊ ပြုစုယုယမှုတွေ လိုအပ်သလို
- သက်လုံကောင်းခြင်း
- ပင့်ဆောင့်အားကောင်းခြင်း
- ထောင်မတ်နိုင်စွမ်းကို ထိန်းထားနိုင်ခြင်း
- သုက်ရည်ကို အချိန်တန်မှ ထုတ်လွှတ်နိုင်ခြင်း
- အမျိုးစုံ ကြိုးခုန်တတ်ခြင်း စတာတွေလည်း လိုအပ်နိုင်ပါတယ်။
ဒါကြောင့် ပိုကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ရဖို့အတွက် လိင်တံမဖြစ်မနေ ကြီးပေးဖို့ မလိုအပ်ပါဘူး။ ကိုယ်က လိင်မှုကိစ္စအပေါ် ဘယ်လိုကျွမ်းကျင်နိုင်နင်းသလဲဆိုတာပဲ မူတည်ပါတယ်။ လိင်တံကြီးကိုကြီးမှဆိုတဲ့ သိမ်ငယ်စိတ်ကြီးထည့်ပြီး မလိုအပ်တဲ့ ကြီးဆေးတွေလျှောက်ထိုးတာက လိင်တံကျန်းမာရေးကို ထိခိုက်စေနိုင်သလို သိမ်ငယ်စိတ်နဲ့ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ခြင်းဟာလည်း စိတ်ဖိစီးမှုကို ဖြစ်စေလို့ ညီလေးထဲကို သွေးကောင်းကောင်းမရောက်တော့ဘဲ ထောင်မတ်အားကျဆင်းတာ၊ လိင်စိတ်နည်းသွားတာတွေ ဖြစ်စေနိုင်တာ မမေ့ပါနဲ့။
တခြားအချက်တွေအနေနဲ့ အမျိုးသားရော အမျိုးသမီးပါမကျန် လုပ်ပေးနိုင်တာတဲ့ လိင်ပိုင်းဆိုင်ရာ ပိုကောင်းစေမယ့်အချက်တွေဆိုရင်
- လေ့ကျင့်ခန်းပိုလုပ်ပေးပါ။
- အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။
- အစာအာဟာရကို စုံလင်စွာ စားသုံးပါ။
- ကျန်းမာရေးကို ဂရုစိုက်ပါ။
- စိတ်ညစ်စရာ စိတ်ဖိစီးမှုတွေကို ရှောင်ပါ။
- ပျော်အောင်နေပါ။
- မိမိကိုယ်ကို ချစ်ပါ။
ရေးသားသူ - ရဲမျိုးမြတ်