သိုင်းရွိုက်ကင်ဆာရောဂါအကြောင်း
သိုင်းရွိုက်ဆိုတာ လည်ပင်းရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ လိပ်ပြာပုံသဏ္ဍာန် ဂလင်းဖြစ်ပြီး နှလုံးခုန်နှုန်း၊ သွေးဖိအား၊ ခန္ဓာကိုယ်အပူချိန်နဲ့ ကိုယ်အလေးချိန် စတာတွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ သိုင်းရွိုက်မှာ ရှိတဲ့ဆဲလ်တွေမှာ ဖြစ်တဲ့ကင်ဆာကို သိုင်းရွိုက်ကင်ဆာလို့ ခေါ်တာပါ။
ဘာကြောင့် ဖြစ်တာလဲ?
သိုင်းရွိုက်ဆဲလ်တွေရဲ့ DNA ပြောင်းလဲမှုကြောင့် ပုံမှန်ဆဲလ်တွေ သေဆုံးသွားပြီး မူမမှန်တဲ့ဆဲလ်တွေ အဆမတန် ပွားများလာကာ သိုင်းရွိုက်ကင်ဆာအကျိတ် ဖြစ်လာပါတယ်။
သိုင်းရွိုက်ကင်ဆာဟာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။ ဦးခေါင်းနဲ့ လည်ပင်းတဝိုက်မှာ ဓာတ်ရောင်ခြည် ကုသမှု ခံယူဖူးသူတွေမှာလည်း ဖြစ်နိုင်ခြေ ပိုများသလို မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ?
- လည်ပင်းရှေ့ အရေပြားအောက်မှာ အလုံးစမ်းမိတာ
- လည်စေ့အင်္ကျီ၊ ကော်လာအင်္ကျီတွေ ဝတ်ရင် လည်ပင်းအစ်နေတာ
- (အစာ၊ ရေစသည်) မျိုချရခက်တာ
- အသက်ရှူရခက်တာ
- လည်ပင်းနာတာ၊ လည်ချောင်းနာတာ
- အအေးမိတာမဟုတ်ဘဲ မကြာခဏချောင်းဆိုးတာ
- အသံပြောင်းလာတာ
- လည်ပင်းနဲ့ အနီးတဝိုက်က ပြန်ရည်အကျိတ်တွေ ရောင်နေတာ စတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။
သိုင်းရွိုက်ကင်ဆာ အမျိုးမျိုးရှိပါတယ်။ Papillary Thyroid Cancer နဲ့ Differentiated Thyroid Cancer က အဖြစ်များပြီး
- Follicular Thyroid Cancer
- Hurthle Cell Thyroid Cancer
- Poorly Differentiated Thyroid Cancer
- Anaplastic Thyroid Cancer နဲ့
- Medullary Thyroid Cancer စတဲ့ အမျိုးအစားတွေကတော့ အဖြစ်နည်းပါတယ်။
ဖြစ်တဲ့ သိုင်းရွိုက်ကင်ဆာ အမျိုးအစားပေါ် မူတည်ပြီး ရောဂါပြင်းထန်မှု ကွာခြားနိုင်ပါတယ်။
သိုင်းရွိုက်ကင်ဆာလို့ သံသယရှိရင် သွေးဖောက်ပြီး စစ်တဲ့ Thyroid Function Test စစ်တာ၊ CT နဲ့ MRI ရိုက်တာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနှုန်းဟာ အခုနောက်ပိုင်းမှာ များပြားလာတယ်လို့ ထင်စရာရှိပါတယ်။ ဘာကြောင့်လဲဆိုရင် CT ကွန်ပြူတာဓာတ်မှန်နဲ့ MRI စတဲ့ ခေတ်မီစက်တွေနဲ့ စမ်းသပ်စစ်ဆေးတဲ့အခါ ကင်ဆာဖြစ်ခါစ အကျိတ်သေးသေးလေးတွေ အထိပါ ရှာဖွေတွေ့ရှိနိုင်တာကြောင့် ဖြစ်ပြီး စောစီးစွာ ကုသမှုခံယူနိုင်လို့ ရောဂါပျောက်ကင်းနိုင်ခြေလည်း ပိုများလာပါတယ်။
သိုင်းရွိုက်ကင်ဆာ အများစုဟာ ကုသပျောက်ကင်းနိုင်ပြီး တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားတာ ရှားပါတယ်။ ခွဲစိတ်ဖယ်ရှားခြင်း မလုပ်နိုင်ခင် ကင်ဆာဆဲလ်တွေ ပျံ့နှံ့ပြီးသား ဖြစ်မှသာ အဆုတ်၊ အသည်း၊ အရိုး၊ ဦးနှောက်နဲ့ အရေပြားတွေကို ပျံ့နှံ့နိုင်ပါတယ်။
သိုင်းရွိုက်ကင်ဆာ ဖြစ်တဲ့ မိသားစုမျိုးရိုး ရှိရင်၊ လည်ပင်းနဲ့ ဦးခေါင်းတဝိုက်ကို ဓာတ်ရောင်ခြည် ကုသမှု ခံယူဖူးရင် သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ လည်ပင်းမှာ အကျိတ်ရှိမရှိနဲ့ ရောဂါလက္ခဏာတွေ ရှိမရှိ သတိပြုစစ်ဆေးခြင်းဖြင့် အချိန်မီ ကုသပျောက်ကင်းနိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်