Cause Overview
လူရေနစ်တတ်သလိုပဲ အဆုတ်ဟာလည်း ရေနစ်တတ်ပါတယ်။ အဆုတ်ထဲမှာ အရည်တွေပြည့်လာပြီး လေပြွန်နဲ့ လေအိတ်ငယ်လေးတွေပါ အရည်တွေနဲ့ နစ်နေပြီး အသက်မရှူနိုင် ဖြစ်တာမျိုးပါ။
လူရေနစ်လို့ အဆုတ်ပါရေနစ်တာလား? လူရေနစ်တာနဲ့ အဆုတ်ရေနစ်တာ တူတူပဲလား၊ မတူဘူးလားဆိုတာ ဆက်ကြည့်လိုက်ကြရအောင်နော်။
လူရေနစ်တဲ့အခါ အဆုတ်ပါရေနစ်တတ်ပြီး လူကရေမနစ်ပေမယ့် အဆုတ်ကပဲ ရေနစ်တာမျိုးလည်း ရှိပါတယ်။ အဆုတ်ရေနစ်တာကို ဆေးပညာမှာ pulmonary edema လို့ခေါ်ပြီး များသောအားဖြင့် အရေးပေါ်အခြေအနေဖြစ်ကာ အသက်အန္တရာယ် စိုးရိမ်ရတတ်ပါတယ်။ အချိန်မီကုသမှု မရရင် သေဆုံးနိုင်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ နှလုံးကြောင့်ဖြစ်တာရှိသလို နှလုံးကြောင့် မဟုတ်တဲ့ အဆုတ်ရေနစ်ခြင်းလည်း ရှိပါတယ်။
* နှလုံးကြောင့်ဖြစ်သော အဆုတ်ရေနစ်ခြင်း
နှလုံးရဲ့ဘက်ဘက်ခြမ်းကနေ ခန္ဓာကိုယ်တစ်ခုလုံးကိုပို့ဖို့ သွေးတွေကို မညှစ်ထုတ်နိုင်တော့တဲ့အခါ နှလုံးရဲ့ ဘက်ဘက်အခြမ်းမှာ သွေးဖိအားတွေများလာပြီး သွေးကြောနံရံတွေကနေ စိမ့်ထွက်လာတဲ့အရည်တွေက အဆုတ်ရဲ့လေအိတ်လေးတွေအထိ ပြည့်သွားကာ အဆုတ်ရေနစ်တာ ဖြစ်လာပါတယ်။ နှလုံးပျက်စီးခြင်း (heart failure) ကြောင့် အဖြစ်များပါတယ်။
- နှလုံးသွေးကြောကျဥ်းရောဂါ
- Cardiomyopathy လို့ခေါ်တဲ့ နှလုံးကြွက်သားအားနည်းတဲ့ရောဂါ
- နှလုံးအဆို့ရှင်များ မကောင်းတဲ့ရောဂါများ
- ကုသမှုမခံယူတဲ့ သို့မဟုတ် ကောင်းစွာမထိန်းချုပ်နိုင်တဲ့ သွေးတိုးရောဂါ
- နှလုံးကြွက်သားရောင်ရောဂါ
- နာတာရှည်ကျောက်ကပ်ရောဂါ
- သိုင်းရွိုက်ရောဂါနဲ့
- သံဓာတ်လွန်ကဲသည့် ရောဂါတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အဆုတ်ရေနစ်နိုင်ပါတယ်။
*နှလုံးကြောင့်မဟုတ်တဲ့ အဆုတ်ရေနစ်ခြင်းမှာ
- ရေနစ်ခြင်း
- ဘိန်းဖြူ နဲ့ ကိုကင်းတို့လို့ မူးယစ်ဆေးသုံးလွန်ကဲခြင်း
- ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်ခန့်တွင် ရောက်နေခြင်း (တောင်တက်သမားတွေ၊ လေဟုန်စီးအားကစားလုပ်တဲ့သူတွေ၊ လေယာဥ်စီးတဲ့သူတွေမှာ အဖြစ်များပါတယ်)
- အဆုတ်သွေးလွှတ်ကြောတွင်း သွေးခဲပိတ်ခြင်း
- Acute respiratory distress syndrome (ARDS) လို့ခေါ်တဲ့ အဆုတ်ပြင်းထန်စွာထိခိုက်ခြင်း ( ပြင်းထန်နမိုးနီးယား၊ ပြင်းထန်ဒဏ်ရာ တို့ကြောင့် ဖြစ်နိုင်ပါတယ်)
- အဆိပ်အတောက်တွေ ရှူမိခြင်း
- မီးလောင်ရာမှထွက်တဲ့ မီးခိုးငွေ့တွေ ရှူမိခြင်း
- ဗိုင်းရပ်စ်ပိုးဝင်ခြင်းနဲ့
- သွေးသွင်းရာမှ ခန္ဓာကိုယ်နဲ့ အဆုတ်အတွင်း အရည်တွေစုလာခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
Symptom & Types
အဆုတ်ရေနစ်တဲ့အခါ
- အသက်ရှူကြပ်လာမောလာတာ
- လှဲအိပ်လိုက်ရင် ရေနစ်သလို၊ မွန်းကျပ်သလို ခံစားရတာ
- ချောင်းဆိုးပြီး ပန်းရောင် သို့မဟုတ် သွေးရောင်အမြှုပ်တွေထွက်တာ
- ခြေလက်နဲ့ နှုတ်ခမ်းတွေ ပြာလာတာ
- ခြေလက်တွေ အေးစက်လာတာ၊ ချွေးစေးတွေထွက်တာ
- လူကယောက်ယပ်ခတ်လာတာ
- နှလုံးခုန်နှုန်းမြန်လာတာတွေ ရုတ်တရက်ဖြစ်နိုင်ပြီး
- နာတာရှည်အဆုတ်ရေနစ်တာဆိုရင်တော့
- ဝိတ်တက်လာတာ
- ခြေလက်နဲ့ ဝမ်းဗိုက်ဖောလာတာ
- နာတာရှည်ချောင်းဆိုးတာတွေ တွေ့ရလေ့ရှိပါတယ်။
Support & Resources
ကုသမှုအနေနဲ့ အောက်ဆီဂျင်နဲ့ ဆီးဆေးတွေပေးတာ၊ အဆုတ်ရေနစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေကုသတာ လုပ်ရပါမယ်။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်ရင် အသက်ရှူစက် တပ်ရတာမျိုးလည်း ရှိပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
Myat Noe 11 Apr 2024 |
အဆုပ်ထဲရေဝင်လို့ ထုတ်ထားပီးပါပီ။တီဘီပိုးတွေ့လို့ဆေးသောက်နေရပါတယ်။ရေခဲရေနဲ့အအေးခဲထားတဲ့ဖျော်ရည်သောက်လို့ရပါသလား။ပြန်မဖြစ်ဖို့ ဘာတွေရှောင်သင့်ပါသလဲ။ပြောပြပေးပါဦးခင်ဗျာ