အဆုတ်ပြည်တည်နာ
အဆုတ်ပြည်တည်နာဆိုတာ အဆုတ်ထဲမှာ ပြည်တွေပြည့်နေတဲ့ အခေါင်းပေါက် ဖြစ်လာတာဖြစ်ပြီး ဘက်တီးရီးယားပိုးကြောင့် အဖြစ်များပါတယ်။ အများအားဖြင့် ပါးစပ်ထဲနဲ့ လည်ချောင်းထဲမှာ ရောက်နေတဲ့ ရောဂါပိုးတွေကို မျိုချမိတဲ့အခါ အဆုတ်ထဲထိ ရောက်သွားပြီး ကာလတစ်ခုကြာလာတဲ့အခါ ပြည်တည်နာ ဖြစ်လာရပါတယ်။
အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းရင်းများ…
- ပါးစပ်ထဲနဲ့ လည်ချောင်းထဲက ရောဂါပိုးတွေ (အထူးသဖြင့် သွားဖုံးရောဂါတွေ) ကို ရှူရှိုက်မိ၊ မျိုချမိရာက အဆုတ်ထဲကို ရောက်သွားတဲ့ ဘက်တီးရီးယားတွေက ပွားများလာပြီး ပြည်တည်နာ ဖြစ်လာတတ်ပါတယ်။
- ပုံမှန်အားဖြင့် ရောဂါပိုးတွေ ဝင်ရောက်လာတဲ့အခါ ချောင်းဆိုးထုတ်ခြင်းဖြင့် ခန္ဓာကိုယ်က တုံ့ပြန်ကာကွယ်တတ်ပါတယ်။ ဒါပေမယ့် အရက်မူးနေတဲ့သူ၊ ဆေးသုံးစွဲထားတဲ့သူ၊ မေ့ဆေးပေးထားတဲ့သူ၊ အိပ်ဆေးသောက်ထားတဲ့သူ၊ အာရုံကြောရောဂါရှိသူတွေမှာ ချောင်းမဆိုးနိုင်တဲ့အတွက် ရောဂါပိုးတွေကို အလွယ်တကူ မျိုချမိနိုင်ပါတယ်။
- ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကျဆင်းနေတဲ့သူတွေ (ဥပမာ…HIV ပိုးရှိသူ၊ ကင်ဆာရောဂါရှိသူ၊ တီဘီအဆုတ်နာ ရှိသူ၊ Autoimmune Disease ရှိသူ) မှာလည်း အဆုတ်ပြည်တည်နာ ဖြစ်နိုင်ပါတယ်။
- အကြောင်းတစ်စုံတစ်ရာကြောင့် လေပြွန်ပိတ်နေခဲ့ရင် (ကင်ဆာအကျိတ်ကြောင့် သို့မဟုတ် ပြင်ပအရာတစ်ခုခုကြောင့်) အဆုတ်ထဲက ချွဲတွေကို အပြင်ကို ဟပ်မထုတ်နိုင်တော့ဘဲ စုပုံလာပြီး ချွဲတွေထဲက ဘက်တီးရီးယားတွေကြောင့် ပြည်တည်နာ ဖြစ်လာတတ်ပါတယ်။
အဆုတ်ပြည်တည်နာဖြစ်ရင်…
- မောပန်းအားကုန်နေတာ
- စားချင်သောက်ချင်စိတ် မရှိတာ
- ဖျားတာ
- ညဘက်ချွေးထွက်တာ
- ချောင်းဆိုးပြီး သလိပ်ပါတာ
- ဘက်တီးရီးယားပိုးတွေကြောင့် သလိပ်က နံနေတာတွေ ဖြစ်နိုင်ပါတယ်။
ဒီရောဂါလက္ခဏာတွေဟာ နမိုးနီးယားအဆုတ်ရောင်နဲ့ တီဘီအဆုတ်နာလို တခြားသော အဆုတ်ရောဂါတွေမှာလည်း ဖြစ်နိုင်တဲ့ လက္ခဏာတွေမို့ အဆုတ်ပြည်တည်နာ ဟုတ်မဟုတ် သေချာဖို့ဆိုရင် ရင်ဘတ်ဓာတ်မှန် ရိုက်တာ၊ CT ကွန်ပြူတာဓာတ်မှန် ရိုက်တာတွေ လုပ်ဖို့ လိုအပ်ပါတယ်။
သလိပ်နဲ့ အဆုတ်ထဲက စုပ်ထုတ်ထားတဲ့ အရည်ကို ဓာတ်ခွဲခန်းကို ပို့စစ်ဆေးရင် ဘယ်ဘက်တီးရီးယားပိုးကြောင့် ဖြစ်တယ်ဆိုတာကို သိနိုင်ပြီး ပိုးသတ်ဆေးပေးဖို့အတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။
Bronchoscopy လို့ ခေါ်တဲ့ လေပြွန်ထဲကို မှန်ပြောင်းထည့်ကြည့်တဲ့အခါ ကင်ဆာ သို့မဟုတ် ပြင်ပအရာဝတ္ထုတွေကြောင့် ပိတ်နေတာမျိုးကို သိနိုင်သလို တစ်ရှူးစနဲ့ ပြည်ကို ယူပြီး ဓာတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးနိုင်ပါတယ်။
ဘယ်လို ကုသမလဲ?
အရေးကြီးဆုံးက ပိုးသတ်ဆေး ပေးဖို့ပါ။ သလိပ်နဲ့ ပြည်ကို ဓာတ်ခွဲခန်းပို့စစ်ဆေးထားပြီး ဘယ်ဘက်တီးရီးယားကြောင့် ဖြစ်တယ်၊ ဘယ်ပိုးသတ်ဆေးကို သုံးသင့်တယ် ဆိုတာကို သိရင် ပိုပြီး အဆင်ပြေပါတယ်။ ပိုးသတ်ဆေးကို သွေးကြောထဲက ဖြစ်စေ၊ ပါးစပ်က ဖြစ်စေ ၃ ပတ်ကနေ ၆ ပတ်အထိ ပေးလေ့ရှိပါတယ်။
ပိုးသတ်ဆေးကို တုန့်ပြန်မှု မရှိတာ သို့မဟုတ် ပြည်တည်နာက အခြေအနေဆိုးနေတာဆိုရင် အဆုတ်ထဲကို chest tube ပိုက်ထည့်ထားပြီး ပြည်တွေကို ထုတ်လို့ရပါတယ်။
အဆုတ်ပြည်တည်နာဟာ အများအားဖြင့် ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပြီး ကင်ဆာ သို့မဟုတ် ပြင်ပအရာဝတ္ထု ပိတ်ဆို့တာ ဆိုရင်တော့ ဖယ်ရှားမှသာ ပြည်တည်နာက ပျောက်ကင်းနိုင်ပါမယ်။
အဆုတ်ပြည်တည်နာဟာ အဖြစ်များတဲ့ ရောဂါမဟုတ်ပေမယ့် ကိုယ်ခံအားနည်းနေချိန်ဆိုရင် ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ခြင်း၊ အာဟာရဖြစ်အောင် စားခြင်းဖြင့် အဆုတ်ပြည်တည်နာ အပါအဝင် အဆုတ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ကြဖို့ ပြောချင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်