အဆုတ်ကင်ဆာရောဂါအကြောင်း
အဆုတ်ကင်ဆာဟာ ကမ္ဘာပေါ်မှာ သေဆုံးခြင်းရဲ့ ဒုတိယမြောက်အကြောင်းအရင်း ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ အမြင့်ဆုံးဖြစ်ပြီး ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့တွေ ရှူရှိုက်နေရသူမှာတောင် ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ ကာလကြာလာလေ၊ သောက်တဲ့အလိပ်ရေများလာလေ ဖြစ်နိုင်ချေ မြင့်တက်လာပါတယ်။ ဆေးလိပ်ဖြတ်လိုက်ရင် နှစ်တွေအများကြီး သောက်ခဲ့ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်တဲ့အခွင့်အလမ်းကို သိသိသာသာလျှော့ချနိုင်မှာ ဖြစ်ပါတယ်။
လက္ခဏာများ
အဆုတ်ကင်ဆာဟာ အစောပိုင်းကာလမှာ လက္ခဏာသိပ်ပြလေ့မရှိပါ။ ရောဂါရင့်လာမှ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
- ချောင်းဆိုးတာ လုံးဝပျောက်မသွားပါ
- ချောင်းဆိုးရင် သွေးပါမယ်
- မောမယ်၊ အသက်ရှူမဝဖြစ်မယ်
- ရင်ဘတ်အောင့်မယ်
- အသံဩလာမယ်
- ကိုယ်အလေးချိန်တွေကျလာမယ်
- အရိုးတွေနာမယ်
- ခေါင်းကိုက်မယ်
ဆေးလိပ်နဲ့ အဆုတ်ကင်ဆာ
ဆေးလိပ်ကြောင့် အဆုတ်မှာဝန်းရံထားတဲ့ ဆဲလ်တွေပျက်စီးရပြီး အဆုတ်ကင်ဆာဖြစ်တယ်လို့ ဆရာဝန်တွေက ယူဆကြပါတယ်။ ရှူသွင်းလိုက်တဲ့ ဆေးလိပ်ငွေ့တွေမှာ ကင်ဆာဖြစ်စေတဲ့ပစ္စည်းတွေ အမြောက်အမြား ပါဝင်ပါတယ်။ ပထမတော့ ခန္ဓာကိုယ်က ဆဲလ်တွေပျက်စီးတာတွေကို လိုက်လံပြုပြင်နိုင်ပါသေးတယ်။ ဒါပေမဲ့ ထိတွေ့ပါများလာတဲ့အခါမှာတော့ အဆုတ်ရဲ့ဆဲလ်တွေဟာ အကြီးအကျယ် ပျက်စီးလာပြီး မူမမှန်ဖြစ်လာကာ ကင်ဆာဆဲလ်တွေ ဖြစ်လာပါတော့တယ်။
အဆုတ်ကင်ဆာအမျိုးအစားများ
Microscope နဲ့ကြည့်ပြီး ကင်ဆာဆဲလ်တွေရဲ့ ပုံပန်းသဏ္ဌာန်အရ အကြမ်းဖျင်း နှစ်မျိုးခွဲပါတယ်။
1. Small Cell Lung Cancer
ဆေးလိပ်အများကြီးသောက်တတ်သူတွေမှာ ဒီအမျိုးအစား ဖြစ်ပေါ်တတ်ပါတယ်။
2. Non-small Cell Lung Cancer
ဒီအမျိုးအစားအောက်ထဲမှာ Squamous Cell Carcinoma , Adenocarcinoma နဲ့ Large Cell Carcinoma ဆိုပြီး ထပ်ခွဲထားပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ အခြေအနေများ
- ဆေးလိပ်သောက်ခြင်း
- ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ ရှူရှိူက်နေရသူများ
- ရင်ဘတ်ကို ဓာတ်ကင်ရသူများ
- မြေကြီး၊ ကျောက်တုံး၊ ရေတို့ ဓာတုဗေဒအရ ပြိုကွဲကာ ထွက်ပေါ်လာတဲ့ Radon ဂက်စ်နဲ့ ထိတွေ့ခြင်း
- ကျောက်ဂွမ်းမှုန့် (Asbestos) အပါအဝင် Arsenic, Chromium, Nickel နဲ့ထိတွေ့နေရခြင်း
- မိသားစုမျိုးရိုးထဲမှာ အဆုတ်ကင်ဆာဖြစ်ဖူးသူ ရှိခြင်း
အဆုတ်ကင်ဆာ နောက်ဆက်တွဲများ
- အဆုတ်ကင်ဆာကြောင့် အဆုတ်ပတ်လည်မှာ ရေဝိုင်းကာ မောခြင်း
- အသက်ရှူလမ်းကြောင်းမှာ သွေးထွက်ကာ ချောင်းဆိုးရင်း သွေးအန်သကဲ့သို့ သွေးအများကြီးပါလာခြင်း
- ချောင်းဆိုးရလွန်းလို့ အရိုးများနာခြင်း
- အခြားနေရာတွေကို ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်း (ဥပမာ ဦးနှောက်၊ အရိုး)
ကာကွယ်ရန်
- ဆေးလိပ်လုံးဝမသောက်ဖူးရင် စသောက်မနေပါနဲ့တော့။
- ဆေးလိပ်ဖြတ်ပါ။
- ဆေးလိပ်သောက်နေသူတွေအနားမှာ မနေပါနဲ့။ မသောက်ဖို့ ဖြောင်းဖြပါ။
- ဓာတုပစ္စည်းတွေကို ထိတွေ့ရတဲ့အလုပ်ဆိုရင် အနံ့ရတာ လျော့နည်းအောင် လုံခြုံတဲ့ Mask ကို သေချာဝတ်ဆင်ပါ။
- ဗီတာမင်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ များများစားပါ။ Beta- Carotene ပါဝင်တဲ့အားဆေးတွေ သောက်ပါ။
- ရက်သတ္တပတ်တစ်ခုမှာ ရက်အတော်များများက လှုပ်လှုပ်ရှားရှားရှိအောင်နေပါ။
ရေးသားသူ - Dr. May Myat Tun