ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တဲ့ဆီးချို
ဆီးချိုကဆီးချိုပဲ မဟုတ်ဘူးလား၊ ကိုယ်ဝန်ဆောင်တွေမှာ သပ်သပ်ဖြစ်တဲ့ ဆီးချိုရှိသေးလားဆိုရင်…ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တဲ့ဆီးချိုဟာ ကိုယ်ဝန်ဆောင်နေစဥ်အတွင်းသာ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး ကလေးမွေးပြီးသွားတဲ့အခါ ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင်နေစဥ် အချိန်မရွေး ဖြစ်နိုင်ပေမယ့် ဒုတိယသုံးလ (Second Trimester) နဲ့ နောက်ဆုံးသုံးလ (Third Trimester) အပိုင်းအခြားတွေမှာ ပိုဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုဟာ ဘာကြောင့်ဖြစ်မှန်း သုတေသနတွေက အသေအချာမပြောနိုင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲတွေကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ပိုမိုလိုအပ်လာချိန်မှာ လုံလောက်အောင် ထုတ်လုပ်မပေးနိုင်တဲ့အတွက် ဖြစ်တယ်လို့ ယူဆကြပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?
- Body Mass Index (BMI) 30 နဲ့ အထက်ရှိသူတွေ
- အရင် ကိုယ်ဝန်တွေတုန်းက ကိုယ်အလေးချိန် 4.5 kg နဲ့အထက်ရှိတဲ့ ကလေးမွေးထားဖူးသူတွေ
- အရင်ကိုယ်ဝန်တွေတုန်းက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူတွေ
- မိဘ၊ မောင်နှမတွေမှာ ဆီးချိုရောဂါရှိသူတွေ
- တောင်အာရှ၊ အာဖရိကန်-ကာရေဘီယံ၊ အရှေ့အလယ်ပိုင်းဒေသက လူမျိုးတွေနဲ့ လူမည်းတွေမှာ ကိုယ်ဝန်ဆောင်ဆီးချို ပိုအဖြစ်များပါတယ်။
ဘယ်လို ရောဂါလက္ခဏာတွေ ရှိတတ်သလဲ?
အများစုကတော့ ရောဂါလက္ခဏာမပြဘဲ ကိုယ်ဝန်အပ်တဲ့အချိန်မှာ စစ်ဆေးလိုက်မှ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်နေတတ်တာပါ။
တချို့တလေမှာသာ အောက်ပါ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
- ရေငတ်တာ
- အာခေါက်ခြောက်တာ
- ဆီးမကြာခဏသွားတာ
- မောပန်းလွယ်တာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်အပ်တာနဲ့ ဆီးချိုရှိမရှိ စစ်ဆေးသင့်ပြီး ကိုယ်ဝန်ရှိနေစဥ်တစ်လျှောက်လုံး ပြန်ပြတဲ့အချိန်တွေမှာလည်း စစ်ဆေးသင့်ပါတယ်။
ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်မလဲ?
- ကလေးက ပုံမှန်ထက်ထွားနေတာ (မွေးတဲ့အချိန်မှာ ခက်ခဲနိုင်ပြီး ခွဲစိတ်ပြီး မွေးဖွားရနိုင်ပါတယ်)
- Polyhydramnios လို့ခေါ်တဲ့ ရေမွှာ အဆမတန်များနေတာ (အချိန်မတိုင်မီ ရေမွှာစောပေါက်နိုင်ပါတယ်)
- ၃၇ ပတ် မတိုင်ခင် စောမွေးတာ
- ကိုယ်ဝန်ဆိပ်တက်တာ
- ကလေးက အသားဝါတာ၊ သွေးတွင်းသကြားဓာတ် နည်းနေတာ (ကုသမှု လိုအပ်ပါတယ်)
- ကလေးအဖတ်မတင်တာ (အသေမွေးတာ) တွေ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုကို ဘယ်လိုကုမလဲ?
- သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးရပါမယ်။
- အများအားဖြင့် အနေအထိုင်အစားအသောက် ဆင်ခြင်တာ၊ ကိုယ်လက်လှုပ်ရှားတာနဲ့ ပုံမှန်ထိန်းလို့ ရနိုင်ပါတယ်။ အကယ်၍ မရရင်တော့ သောက်ဆေး သို့မဟုတ် အင်ဆူလင်ထိုးဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲရပါမယ်။
ကလေးမွေးပြီးရင် ပုံမှန်ဖြစ်သွားတတ်ပေမယ့် ကလေးမွေးပြီး ၃ လအထိ ဆီးချိုပုံမှန် စစ်သင့်သလို နောက်ပိုင်းမှာလည်း တစ်နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
နောက်အကြိမ် ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်ဆီးချို ထပ်ဖြစ်နိုင်လို့ စောစီးစွာ ကိုယ်ဝန်အပ်သင့်ပါတယ်။
ကလေးမွေးပြီး နောက်ပိုင်းမှာ နံပါတ် ၂ အမျိုးအစားဆီးချို (Type 2 Diabetes) ဖြစ်နိုင်ခြေလည်း ရှိတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သင်္ချိုင်းကုန်းကို တစ်နေ့သုံးခါ မျက်စောင်းထိုးနေရတာ ဆိုတဲ့ ရှေးစကားရှိပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုရှိရင်တော့ တစ်နေ့ကို သုံးခါမက အခါခါမျက်စောင်းထိုးနေရမှာမို့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းညှိနိုင်အောင် ကြိုးစားခြင်းဖြင့် ကျန်းမာလှပတဲ့မေမေတွေ ဖြစ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်