ကိုယ်ဝန်ဆောင် ဆီးချိုဆိုတာ
ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာလေးတွေ ရှိပါတယ်။ ဒီလို ကျန်းမာရေး ပြဿနာတွေထဲက သတိထားသင့်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ဖြစ်တဲ့ ကိုယ်ဝန်ဆောင် ဆီးချို အကြောင်းလေး ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချိုဆိုတာ
ကိုယ်ဝန်ဆောင် ဆီးချိုဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီး ကလေးမွေးဖွားပြီးချိန်မှာ အလိုလို ပျောက်သွားတာမျိုးပါ။
ကိုယ်ဝန်ဆောင်ကာလရဲ့ ဘယ်အချိန်မှာ မဆိုဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ်နဲ့ တတိယ ၃ လပတ်မှာ အဖြစ်များပါတယ်။
ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်ချိန်မှာ ခံစားရတာပါ။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်း ဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ပိုမို လိုအပ်ပါတယ်.
ကိုယ်ဝန်ဆောင် ဆီးချိုဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ မွေးဖွားပြီးချိန်မှာပါ မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် စောစောသိ စောစောကုသမှု ခံယူမယ်ဆိုရင် ဖြစ်နိုင်ခြေ အန္တရာယ်တွေကို လျှော့ချနိုင်မှာပါ။
ကျန်းမာရေး စောင့်ရှောက်မှုကို သေချာလေး ခံယူဖို့ လိုပါမယ်။
ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ များသလဲ
ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်ဝန်ဆောင်တိုင်းမှာ ဖြစ်နိုင်ပေမယ့် ဒီလိုမေမေတွေမှာ အဖြစ်များပါတယ်။
- ခန္ဓာကိုယ် ထုတည်ညွှန်းကိန်း (BMI )30 နဲ့ အထက် ဖြစ်နေတာ
- အရင် မွေးထားဖူးတဲ့ ကလေးက ပေါင်ချိန် ၄.၅ ကီလိုဂရမ် (၁၀ ပေါင်) ထက် များနေတာ
- မိဘတစ်ပါးပါး ဒါမှမဟုတ် မွေးချင်းထဲမှာ ဆီးချိုရောဂါ ဖြစ်ဖူးတဲ့သူတွေမှာ အဖြစ်များပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချို လက္ခဏာများ
ကိုယ်ဝန်ဆောင် ဆီးချိုက လက္ခဏာ မပြတာမျိုး ဖြစ်နိုင်ပါတယ်။ တော်တော်များများမှာ သွေးတွင်းသကြားဓာတ် တိုင်းကြည့်မှ သိကြတာပါ။
လက္ခဏာအနေနဲ့
- ရေအရမ်းငတ်မယ်
- ဆီးခဏခဏ သွားမယ်
- ခံတွင်းခြောက်မယ်
- ခြေကုန်လက်ပမ်းကျမယ် စတာတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချိုက ကိုယ်ဝန်အပေါ် ဘယ်လို သက်ရောက်နိုင်သလဲ?
ကိုယ်ဝန်ဆောင် ဆီးချိုရှိတဲ့ မေမေ အများစုက အခြားမေမေတွေလိုပဲ ကျန်းမာတဲ့ ကလေးလေးတွေကို မွေးဖွားကြပါတယ်။ ဒါပေမယ့် အချို့မှာတော့
- ကလေးက ပုံမှန်ထက် ပိုထွားနေတာ - ကလေးက ပုံမှန်ထက် ပိုထွားနေတာကြောင့် ရိုးရိုးမွေးဖို့ ခက်ပြီး ခွဲမွေးရတာမျိုး ကြုံရနိုင်ပါတယ်။
- ရေမြွှာရည် အရမ်းများနေတာ - ရေမြွှာရည် အရမ်းများနေတာကြောင့် လမစေ့ဘဲ မွေးဖွားတာနဲ့ မွေးဖွားချိန်မှာ ခက်ခဲတာမျိုးတွေ ကြုံရနိုင်ပါတယ်။
- လမစေ့ဘဲ မွေးတာ - ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားတာပါ။
- ကိုယ်ဝန်ဆိပ်တက်တာ - ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာမျိုး ခံစားရပြီး ကိုယ်ဝန်ဆိပ် တက်နိုင်ပါတယ်။
- အသားဝါ ပါတာ - ကလေးရဲ့ အသားတွေ၊ မျက်ဖြူသားတွေ ဝါပြီး မွေးပြီးချိန်မှာ အသားဝါ ဝင်နိုင်ပါတယ်။
- အသေလေးမွေးတာ - ဖြစ်ခဲပေမယ့် ကိုယ်ဝန်ဆောင် ဆီးချိုရှိတဲ့ မေမေတွေက ကလေး အသေးလေး မွေးဖွားနိုင်ပါတယ်။
# ကိုယ်ဝန်ဆောင် ဆီးချိုကရေရှည်မှာ အမျိုးအစား - ၂ ဆီးချို ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်