အလုပ်လုပ်ရလွန်းသော ဆီးအိမ်ကြောင့် ဘာတွေဖြစ်လာမလဲ
အလုပ်လုပ်လွန်းတဲ့ ဆီးအိမ်ကြောင့် ဆီးသွားချင်စိတ် ရုတ်တရက်ဖြစ်ပေါ်လာပြီး မကြာခဏဆိုသလို ဆီးထိန်းရတာ အခက်တွေ့ရပါတယ်။ နေ့ရောညပါ အကြိမ်များစွာ ဆီးသွားနေရပြီး အမှတ်မထင် ဆီးထွက်ကျရတာမျိုးလည်း ကြုံတွေ့ရတဲ့အခါ အရှက်ရစရာဖြစ်ကာ စိတ်မသက်မသာဖြစ်ရပါတယ်။
ဒီအခက်တွေ့မှုတွေကို အစားအသောက်ပုံစံ၊ တင်ပါးဆုံကြွက်သားတွေ သန်မာစေတဲ့လေ့ကျင့်ခန်းများနဲ့ ပြောင်းလဲပြုပြင်နိုင်သလို ကုသမှုအချို့ ခံယူရတာမျိုးလည်း ရှိနိုင်ပါတယ်။
အကယ်၍ မိမိရဲ့ဆီးအိမ်ဟာ အလုပ်လုပ်လွန်းနေပြီဆိုရင်
- ဆီးသွားချင်စိတ်ကို ထိန်းချုပ်ရတာ အခက်အခဲဖြစ်ခြင်း
- ဆီးသွားပြီးပြီးချင်း၌ပင် အမှတ်မထင် ဆီးထွက်ကျခြင်း
- ဆီး မကြာခဏသွားခြင်း (၂၄ နာရီအတွင်း ၈ ကြိမ်နဲ့ အထက်)
- ညဘက် ဆီး မကြာခဏထသွားရခြင်း (၂ ကြိမ်နဲ့ အထက်)
ဆီးအိမ် Overactive ဖြစ်ရခြင်း အကြောင်းအရင်း
ကျန်းမာတဲ့ဆီးအိမ်ဟာ ဆီးပြည့်လာသည့်အခါ ဦးနှောက်ဆီသို့ အာရုံကြောများမှ တစ်ဆင့် လှုံဆော်ဆက်သွယ်ပြီး ဆီးသွားချင်စိတ်ဆိုတဲ့ အသိရစေကာ ဆီးအိမ်ကြွက်သားများမှ ဆီးကိုညှစ်ထုတ်စေပြီး တင်ပါးဆုံကြွက်သားများနဲ့ ဆီးထုတ်လွှတ်တဲ့ပြွန်ရှိကြွက်သားများကို ဖြေလျှော့စေခြင်းဖြင့် ရှူးရှုးပေါက်ခြင်းလုပ်ငန်း ပြီးမြောက်ပါတယ်။
အလုပ်လုပ်လွန်းတဲ့ ဆီးအိမ် (Overactive Bladder) သည် ဆီးမပြည့်သေးသည့်တိုင် ဆီးကိုညှစ်ထုတ်ပစ်ဖို့ ကြိုးစားပါတယ်။
Overactive Bladder ကို တွေ့မြင်ရလေ့ရှိတဲ့ အခြေအနေတွေကတော့
- ဆီးချိုသွေးချိုရောဂါရှိသူများ
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- သွေးဆုံးသော အမျိုးသမီးများ၌ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
- ဆီးအိမ်၌ ကျောက်တည်ခြင်း၊ အကြိတ်တည်ခြင်း
- အာရုံကြောဆိုင်ရာ ပြသာနာများ (ဥပမာ လေဖြတ်ခြင်း)
- ဆီးအိမ်ကို ဖိမိခြင်း (ဥပမာ ဆီးကြိတ်ကြီးခြင်း၊ ဝမ်းချုပ်ခြင်း)
- Caffeine ဓာတ်နဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်း
- အသက်အရွယ်အိုမင်းခြင်းကြောင့် ဆီးအိမ်နဲ့ ဦးနှောက်ကြား အာရုံကြောဆက်သွယ်မှု လျော့ရဲခြင်း
- (ဥပမာ သတိမေ့တတ်သော Alzheimer ရောဂါ) စတာတွေဖြစ်ပါတယ်။
နေ့စဥ်ဘဝမှာ ဆီးထိန်းချုပ်ရခက်တဲ့ ပြဿနာကို ရေရှည်ကြုံတွေ့ရတဲ့အခါ စိုးရိမ်ပူပန်လာမယ်။ စိတ်ညစ် စိတ်ဓာတ်ကျလာမယ်။ အိပ်စက်ခြင်းကို နှောင့်ယှက်ထိပါးလာတဲ့အခါ အိပ်ရေးပျက် မလန်ဆန်းတာတွေကြုံရမယ်။ အိမ်ထောင်ရေးပြသာနာအချို့ပါ ကြုံလာရနိုင်ပါတယ်။ Overactive Bladder မဖြစ်ရလေအောင် အောက်ပါအချက်တွေ လိုက်နာကြပါစို့
- ကျန်းမာသင့်တင့်သော ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းပါ
- နေ့စဥ် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းများ လုပ်ပါ
- Caffeine နဲ့အရက်ကို လျှော့ချပါ
- ဆေးလိပ်ဖြတ်ပါ
- နာတာရှည်ရောဂါများအတွက် သက်ဆိုင်ရာဆရာဝန်များ ညွှန်ကြားသည့်အတိုင်း မှန်မှန်မှီဝဲပါ
- တင်ပါးဆုံကြွက်သားများ သန်မာစေသော Kegel Exercise များ လေ့လာပြီး လေ့ကျင့်ပါ
ရောဂါလက္ခဏာများသည် နေ့တဓူဝ လှုပ်ရှားသွားလာလုပ်ကိုင်ရာမှာ စိတ်အနှောင့်အယှက်ပေးလာပြီဆိုလျှင် အေထွထွေရောဂါကုသမားတော်များ၊ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ သမားတော်များ၊ ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်အထူးကုများနှင့် ဆွေးနွေးကုသမှုခံယူဖို့ သတိပေးပါရစေ။
ရေးသားသူ - Dr. MMT