ပန်းဂေါ်ဖီစိမ်းက အရိုးတွေ သန်မာစေသတဲ့
အရိုးတွေ သန်မာစေဖို့ နို့ နဲ့ နို့ထွက်ပစ္စည်းထုတ်ကုန်တွေကိုပဲ အားကိုးနေရတော့မယ်လို့ ယူဆနေတုန်းလား နို့တွေကိုမကြိုက်လို့ အရိုးသန်မာအောင် ဘာစားရမလဲလို့ တွေးနေရင်တော့ ပန်းဂေါ်ဖီစိမ်း စားလို့ ရပါတယ်။ ပန်းဂေါ်ဖီစိမ်းကိုကြော်စားလို့ ရသလို စွပ်ပြုတ်ထဲ ထည့်စားလို့လည်း ရပါတယ်။
ပန်းဂေါ်ဖီစိမ်း ဆိုရာဝယ်
ပန်းဂေါ်ဖီစိမ်းဆိုရင် လူတိုင်းလိုလို မြင်ဖူးမှာပါ။ အရောင်က အစိမ်းရောင်ရှိပြီး ပန်းဂေါ်ဖီနဲ့ ပုံစံ အတူတူပါပဲ။ အပွင့်ကတော့ နည်းနည်း သေးပါတယ်။ အရသာက ချိုပါတယ်။ စားလိုက်ရင် ကြွပ်ဆတ်ဆတ်လေးပါ။
ပန်းဂေါ်ဖီစိမ်းမှာ ဘာတွေပါ
များသောအားဖြင့် ကြော်စားလေ့ရှိကြတဲ့ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် စီ၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် ကေ၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ပိုတက်ဆီယမ် တို့ ပါဝင်နေပါတယ်။
အရိုးတွေ သန်မာစေဖို့ ပန်းဂေါ်ဖီစိမ်း စားပါ
ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ကေ နှစ်မျိုးလုံး လုံလုံလောက်လောက် ပါဝင်တာက အရိုးတွေကို သန်မာစေဖို့ ဖို့ ထောက်ကူပေးပြီး အရိုးပါးတာ နဲ့ အရိုးပွရောဂါတွေ မဖြစ်စေဘဲ အရိုးကျန်းမာရေးကောင်းဖို့ အားဖြည့်ပေးပါတယ်။
အရိုးတွေကို သန်မာချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ ပန်းဂေါ်ဖီစိမ်း တစ်ပန်းကန်စာ ပါအောင် စားပေးပါ။ အရိုးအဆစ်တွေမှာ ထိခိုက်တာတွေ သက်သာစေဖို့လည်း စားပေးလို့ ရပါတယ်။
အရိုးတွေ သန်မာစေဖို့အပြင် ပန်းဂေါ်ဖီစိမ်းက ကျန်းမာရေးအတွက်လည်း အခုလို ကောင်းကျိုးတွေ ပေးပါသေးတယ်။
ကင်ဆာ ကာကွယ်ပေးတယ်
အင်ဒီအောင့်ဆီးဒင့် ပါဝင်နေမှုက ခန္ဓာကိုယ်မှာ ကင်ဆာရောဂါ မဖြစ်အောင်ကာကွယ်ပေးပါတယ်။
နှလုံးကျန်းမာစေတယ်
ပန်းဂေါ်ဖီစိမ်းက နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေတာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ စားပေးရုံနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။
ဝမ်းမှန်စေတယ်
အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ထောက်ကူပေးပြီး ဝမ်းမချုပ်အောင် လုပ်ဆောင်ပေးပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဗီတာမင် စီ ပါဝင်နေတာက ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပါတယ်။
နှလုံးသွေးကြော ကျန်းမာစေတယ်
အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးတွင်းအဆီကို ကျစေသလို သွေးမတိုးအောင် ကာကွယ်ပေးပြီး နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်။
ဆီးချို ကာကွယ်ပေးတယ်
အမျှင်ဓာတ် ကြွယ်ဝတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး သွေးတွင်းအချို မြင့်တက်စေတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးရင်း ဆီးချိုကာကွယ်ပေးပါတယ်။
အသားအရေ လှပစေတယ်
ဗီတာမင် စီ ပါဝင်နေပြီး အရေပြားကို ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးတာကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
အရောင်ကျစေတယ်
ပန်းဂေါ်ဖီစိမ်းမှာ အိုမီဂါသရီး ပါဝင်နေတာက ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။
ရေးသားသူ - မွန်မွန်