ခါးနာခြင်းအကြောင်း
ကျွန်မတို့တတွေ ထင်မှတ်နေကြတာ ပြီးပြည့်စုံတဲ့ ကိုယ်နေဟန်ထား ( မတ်မတ်ထိုင်တာ၊ ခါးကို မတ်မတ်ထားပြီး မတ်တပ်ရပ်တာ၊ ပစ္စည်းအလေးတွေသယ်ရင် ခါးမတ်ထားရမှာ စသည်ဖြင့်) အနေအထားတွေဟာ ကျောရိုးကို ပျက်စီးစေခြင်းမှ ကာကွယ်ပေးနိုင်တယ်၊ ခါးနာခြင်းအတွက် ကုသရာရောက်တယ်လို့ ယူဆကြပါတယ်။ လေ့လာချက်တွေအရ ကိုယ်နေဟန်ထားနဲ့ ခါးနာခြင်းဟာ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
လူတွေရဲ့ ကျောရိုးဟာ ပုံစံမျိုးစုံနဲ့ အရွယ်အစားမျိုးစုံ ဖြစ်ပါတယ်။ လှုပ်ရှားမှုကသာ ခါးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ခါးကိုလှုပ်ရှားတာမှာ သက်တောင့်သက်သာ ဖြစ်နိုင်တဲ့ အနေအထားနဲ့သာ လှုပ်ရှားမိဖို့ ဂရုစိုက်ရပါမယ်။ ချောင်ကြိုချောင်ကြားထဲပစ္စည်းကို ခါးလိမ်ပြီး ကုန်းကောက်မိတာ၊ ပစ္စည်းအလေးကြီးတွေကို မနိုင်မနင်းနဲ့ ဆပ်ခနဲဆွဲ'မ'တာစတဲ့အပြုအမူတွေကိုတော့ ရှောင်ကြဉ်ရမှာပါ။
ခါးနာတာဟာ အရမ်းအဖြစ်များပြီး သူ့ဟာသူ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အန္တရာယ်ပြုနိုင်တဲ့ အကြောင်းအရင်းတွေ( ကင်ဆာ၊ ပိုးဝင်တာ၊ ယောင်ယမ်းတာစတာတွေ) ကိုတော့ သတိပြုဖို့လိုပါမယ်။
သတိပြုသင့်တဲ့ ခါးနာခြင်း Red flag အချက်များ
- အသက် ၂၀ အောက်၊ ၅၅နှစ်အထက်
- အသက်ကြီးတဲ့သူတွေ ရုတ်တရက်ခါးနာလာတာ
- တောက်လျောက်နာနေတာ၊ ပိုဆိုးလာတာ
- ညဉ့်အချိန်မှာ နာတာ
- ပက်လက်အိပ်ရင် ပိုနာတာ
- ဖျားတာ၊ ညဘက်ချွေးထွက်တာ၊ ကိုယ်အလေးချိန်ကျတာ
- ယခင်က ကင်ဆာဖြစ်ဖူးတာ
- ဗိုက်မှာ အလုံးအကြိတ် စမ်းမိတာ၊ ပေါ်လာတာ
- မနက်ပိုင်းတွေမှာ ခါးတောင့်တာ
- ကျောရိုးတောက်လျောက်နာတာ
- ခြေထောက်နှစ်ဖက်စလုံး (သို့) တစ်ဖက်စီ အလှည့်ကျနာတာ
- ဆီး၊ ဝမ်းမထိန်းနိုင်တာ
- လက်တလော ရောဂါပိုးဝင်ထားတာ
- ခုခံအားကျဆင်းနေနိုင်တဲ့ အခြေအနေ (HIV, စတီးရွိုက်သောက်နေသူတွေ)
- လေ့ကျင့်ခန်းကြောင့် ခြေထောက် ထုံတာ၊ အားမရှိတာ၊ လမ်းလျောက်ရင် ခြေထောက်ကိုက်တာ၊နာတာ
ခါးနာတာဟာ အသက်အလိုက် ဘာရောဂါတွေ ဖြစ်နေနိုင်လဲ ?
အသက် ၁၅-၃၀
- ခါးဆစ်ရိုးကျွံတာ
- ထိခိုက်ဒဏ်ရာ
- အရိုးကျိုးတာ
- အရိုးကျီးပေါင်းတက်တာ (Ankylosing spondylitis)
- ခိုက်မိလို့ဖြစ်စေ၊ မွေးရာပါဖြစ်စေ ကျောရိုးအဆစ်တစ်ခုနဲ့ တစ်ခု တစ်ဖြောင့်တည်း မဖြစ်ဘဲ ရှေ့နောက်ရွေ့နေတာ (Spondylolisthesis)
- ကိုယ်ဝန်ရှိတာ (ကလေး ကိုသယ်ထားရတဲ့ ဝိတ်ကြောင့် ခါးနာတာ)
အသက် ၃၀-၅၀
- ကျောရိုးအဆစ်တွေ အရွယ်ကြောင့် တဖြည်းဖြည်း ယိုယွင်းလာတာ (Degenerative spinal disease)
- ခါးဆစ်ရိုးကျွံတာ
- ကင်ဆာ (အရိုးမှ စဖြစ်တာလည်း ဖြစ်နိုင်သလို- primary ၊ အဆုတ်၊ရင်သား၊ ဆီးကြိတ်၊ သိုင်းရွိုက်၊ ကျောက်ကပ် စတဲ့ကင်ဆာတွေကနေ ပျံ့လာတာ- secondary လည်း ဖြစ်နိုင်ပါတယ်)
အသက် ၅၀ကျော်
- ကျောရိုးအဆစ်တွေ အရွယ်ကြောင့် တဖြည်းဖြည်း ယိုယွင်းလာတာ
- ကင်ဆာ
- အရိုးပွရာမှ ကျောရိုးတွေ ပြိုလဲပျက်စီးတာ (Osteoporotic vertebral collapse)
- အရိုးတွေ ပျက်စီးတဲ့ Paget's disease
- သွေးကင်ဆာအမျိုးအစားထဲက Myeloma
- ကျောရိုးထဲမှာ နေရာကျဉ်း(Spinal stenosis) တဲ့အတွက် အာရုံကြောတွေ ပိတတ်တာ
အကယ်၍ ခါးနာတာ ရက်သတ္တပတ်အနည်းငယ် ကြာတဲ့အထိ ကျန်နေရင်၊ နားလိုက်ရင်တောင် မသက်သာဘဲ ပိုဆိုးလာရင်၊ ခြေထောက်တွေ၊ ဒူးအောက်ဖက်ထိပါ နာလာရင် ဆရာဝန်ထံ အမြန်သွားရောက် ပြသသင့်ပါတယ်။
ရေးသားသူ - Dr. May Myat Tun