နှလုံးကြီးလာတာ ဘာကြောင့်များလဲ
ရုပ်ရှင်တွေ၊ ဝတ္ထုဇာတ်လမ်းတွေထဲမှာ ကြီးမြတ်တဲ့နှလုံးသားလို့ ဆိုလိုက်ရင် တကယ်ကို စိတ်သဘောထားမြင့်မြတ်တဲ့သူကို ဆိုလိုတာပေမယ့် ခန္ဓာကိုယ်ထဲက နှလုံးသားကြီးလာတာကတော့ ကောင်းတဲ့အရာ မဟုတ်ပါဘူးနော်။
နှလုံးကြီးလာတာဟာ ရောဂါတစ်ခုတော့ မဟုတ်ပေမယ့် နှလုံးရောဂါတစ်ခုခုရဲ့ လက္ခဏာတော့ ဖြစ်နိုင်ပါတယ်။
နှလုံးကြီးလာတာကို ရင်ဘတ်ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန် စတာတွေ ရိုက်တဲ့အခါ သိနိုင်ပြီး နှလုံးက ပုံမှန်လုပ်ငန်းတွေ လုပ်နိုင်သေးရဲ့လား၊ နှလုံးရဲ့အခန်းတွေ၊ နှလုံးကြွက်သားတွေ၊ အဆို့ရှင်တွေ အခြေအနေကောင်းရဲ့လား သိနိုင်ဖို့ ECG ဆွဲတာ၊ နှလုံးတယ်လီဗေးရှင်းဓာတ်မှန် echo ရိုက်တာ၊ သွေးစစ်တာ စသဖြင့် လိုအပ်တာတွေ ထပ်မံစစ်ဆေးသင့်ပါတယ်။
အကြောင်းကြောင်းကြောင့် နှလုံးထိခိုက်တာနဲ့ နှလုံးရောဂါတွေက နှလုံးကြီးလာရတဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်အရ ခဏတာ နှလုံးကြီးလာတာမျိုးလည်း ရှိနိုင်ပါတယ်။ အခြေအနေပေါ် မူတည်ပြီး နှလုံးကြီးတာက ယာယီဖြစ်နိုင်သလို အမြဲတမ်းလည်း ဖြစ်သွားနိုင်ပါတယ်။
နှလုံးကြီးစေတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။
- မွေးရာပါ နှလုံးရောဂါတွေကြောင့် နှလုံးတည်ဆောက်ပုံနဲ့ လုပ်ငန်းလုပ်ဆောင်တာတွေက ပုံမှန်မဟုတ်ဘဲ နှလုံးကြီးနိုင်ပါတယ်။
- နှလုံးအမောဖောက်ဖူးတဲ့သူတွေဟာ အမာရွတ်တွေကြောင့် နှလုံးက ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရတဲ့အတွက် နှလုံးကြီးပြီး နှလုံးပျက်စီးနိုင်ပါတယ်။
- Cardiomyopathy လို့ခေါ်တဲ့ နှလုံးကြွက်သားအားနည်းတဲ့ ရောဂါမှာလည်း နှလုံးကြွက်သားတွေ မာလာထူလာပြီး နှလုံးက ပိုညှစ်ရတဲ့အတွက် ကြီးလာနိုင်ပါတယ်။
- နှလုံးဖုံးအမြှေးပါးအတွင်း ရေဝင်ခြင်း (pericardial effusion) ကြောင့်လည်း နှလုံးကြီးနိုင်ပါတယ်။
- နှလုံးအဆို့ရှင်တွေ မကောင်းတဲ့အခါ သွေးစီးဆင်းမှု နည်းပြီးလည်း ကြီးလာနိုင်ပါသေးတယ်။
- သွေးတိုးရောဂါရှိရင်လည်း နှလုံးက ပိုအလုပ်လုပ်ရလို့ ကြီးလာပါတယ်။
- သွေားအားနည်းတဲ့အခါ သွေးထဲမှာအောက်ဆီဂျင်နည်းသွားပြီး နှလုံးကပိုအလုပ်လုပ်ရလို့ နှလုံးကြီးလာနိုင်ပါတယ်။
- သိုင်းရွိုက်ဟော်မုန်း နည်းတာဖြစ်ဖြစ်၊ များတာဖြစ်ဖြစ်ကလည်း နှလုံးကြီးစေနိုင်တဲ့ အကြောင်းတစ်ခုပါ။
- ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေများလာတဲ့အခါမှာလည်း နှလုံးရဲ့ ဘယ်ဘက်ခြမ်းက ကြီးလာတတ်ပါတယ်။
- အေရိုးဗစ်နဲ့ အားကစားတွေ ပုံမှန်လုပ်တဲ့သူတွေမှာလည်း နှလုံးကြီးလာတတ်ပေမယ့် ရောဂါတစ်ခုမဟုတ်သလို ကုသဖို့လည်း မလိုအပ်ပါဘူး။
နှလုံးကြီးလာတဲ့အခါ
- လှဲမအိပ်နိုင်အောင်မောတာ
- အသက်ရှူမဝတာ
- ခြေလက်တွေဖောရောင်တာ
- နှလုံးခုန်နှုန်းမမှန်တာ စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
နှလုံးကြီးလာတာဟာ ပေါ့ဆသင့်တဲ့ လက္ခဏာ မဟုတ်ပါဘူး။ နှလုံးပျက်စီးတာ၊ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးနိုင်တာအထိ ဖြစ်နိုင်ခြေရှိပါတယ်။
မိဘမျိုးရိုးမှာ နှလုံးရောဂါရှိခဲ့ရင် မိမိမှာလည်း ဖြစ်နိုင်ခြေရှိတာမို့ ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အရက်နဲ့ ဆေးလိပ်ဖြတ်ခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို မှန်မှန်သုံးစွဲခြင်းတို့ဖြင့် ကြိုတင်ကာကွယ်လို့ရပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်