အူမကြီးကင်ဆာအကြောင်း
အစာအိမ်လမ်းကြောင်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ အူမကြီး(colon) မှာ အသားပိုအကြိတ်(polyp) ဖြစ်တာကို အူမကြီးကင်ဆာ(colon cancer) လို့ခေါ်ပါတယ်။ အူမကြီးကင်ဆာ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပြီး အသက်၅၀ကျော်လူကြီးတွေ ပိုဖြစ်တတ်ပါတယ်။ အူမကြီးရဲ့ အတွင်းထဲမှာ ကင်ဆာမဟုတ်သေးတဲ့ ဆဲလ်အစုအဝေး အသားပိုအဖြစ်နဲ့စတင်ပြီး အချိန်ကြာလာတော့ ကင်ဆာအဖြစ်ပြောင်းလဲသွားပါတယ်။
လက္ခဏာများ
- အူလမ်းကြောင်း အလေ့အထ ဆက်တိုက်ပြောင်းလာခြင်း (ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျော့တာ၊ ဝမ်းကျစ်တာ စသည်ဖြင့်)
- ဝမ်းသွားရင် သွေးပါခြင်း၊ စအိုမှ သွေးကျခြင်း
- ဗိုက်ထဲမှာ ဆက်တိုက် မအီမသာဖြစ်ခြင်း (ဗိုက်ရစ်နာတာ၊ လေပွတာ၊ ဗိုက်နာတာ)
- ဝမ်းကျန်သလို ခံစားရခြင်း
- အားမရှိတာ၊ ပင်ပန်းလွယ်တာ
- အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းတာ
အူမကြီးကင်ဆာ အစပိုင်းကာလမှာ လက္ခဏာပြမှာ မဟုတ်ပါဘူး။ လက္ခဏာပေါ်လာတဲ့အခါ ကင်ဆာရဲ့ အရွယ်အစားနဲ့ အူမကြီးမှာ ဖြစ်လာတဲ့ ကင်ဆာအကြိတ်ရဲ့ နေရာပေါ်မူတည်ကာ ဝေဒနာ အနည်းငယ် ကွာဟနိုင်ပါတယ်။
အူမကြီးကင်ဆာ ဖြစ်နိုင်ချေများတဲ့ အခြေအနေများ
- အူမကြီးတွင်းမှာ အသားပိုဖြစ်ဖူးတဲ့ ရာဇဝင်ရှိရင်
- အူလမ်းကြောင်း ယောင်ယမ်းတဲ့အခြေအနေများ (အူမှာအနာဖြစ်ပြီး ယောင်တာ- Ulcerative Colitis, Crohn's disease)
- မိသားစုထဲမှာ အူမကြီးကင်ဆာ ဖြစ်ဖူးသူရှိရင်
- အမျှင်ဓာတ် အစားနည်းပြီး၊ အဆီအစားများရင်
- အလှုပ်အရှားနည်းတဲ့ ဘဝနေထိုင်ပုံ
- ဆီးချိုရောဂါရှိရင်
- အဝလွန်ရင်
- ဆေးလိပ်သောက်ရင်
- အရက်အလွန်အကျွံ သောက်ရင်
- ယခင်ကင်ဆာရောဂါအတွက် ဗိုက်ကို ဓာတ်ရောင်ခြည်နဲ့ ကုသဖူးရင်
စတဲ့အခြေအနေတွေဟာ အူမကြီးကင်ဆာဖြစ်စေနိုင်တဲ့ အခွင့်အလမ်းများပါတယ်။
အူမကြီးကင်ဆာရဲ့ အကြောင်းအရင်း
အူမကြီးကင်ဆာအများစုရဲ့ အရင်းခံ အကြောင်းအရင်းအတွက် ဆရာဝန်တွေမှာလည်း တိကျတဲ့အဖြေမပေးနိုင်ပါ။ ယေဘုယျအားဖြင့်တော့ ကျန်းမာတဲ့ ပုံမှန်ဆဲလ်တွေမှာ ဇီဝရုပ်ပြောင်းလဲလာတဲ့အခါ မျိုးရိုးဗီဇ DNA ရဲ့ ကမောက်ကမတွေကြောင့် ကင်ဆာဆဲလ်တွေ၊ အကြိတ်တွေဖြစ်လာတယ်၊ပွားလာတယ်၊ အနီးအနား အင်္ဂါတွေကိုပါ ထိုးဖောက်ဝင်ရောက်တယ်။
အူမကြီးကင်ဆာအတွက် screening လုပ်ခြင်း
အူမကြီးကင်ဆာ ပျမ်းမျှဖြစ်နိုင်ချေရှိတဲ့သူတွေမှာ အသက်၄၅ ဝန်းကျင်ဆိုရင် အူမကြီးကင်ဆာအတွက် ဆေးစစ်ချက်တွေ ပြုလုပ်ကာ screening လုပ်သင့်ပြီး ဖြစ်နိုင်ချေများတဲ့သူတွေ ( မိသားစုမျိုးရိုးမှာ အူမကြီးကင်ဆာရှိရင်) ဒီ့ထက်အသက်ငယ်ငယ်မှာ ဆရာဝန်နဲ့တိုင်ပင်ကာ ဆေးစစ် screening လုပ်သင့်ပါတယ်။
ကုသပုံနည်းလမ်းများ
အူမကြီးမှာ အသားပိုတွေဟာ သေးငယ်ပြီး လက္ခဏာအနည်းငယ်သာ ပြတတ်ပါတယ်။ ဒီ့အတွက် ဆရာဝန်တွေဟာ ဆေးစစ်ချက်တွေ မကြာမကြာ ပြုလုပ်ဖို့ အကြံပြုကာ ကင်ဆာသို့မပြောင်းခင် ဖယ်ရှားဖို့ ပြုလုပ်ကြပါတယ်။ အူမကြီးကင်ဆာကို ကုသရာမှာ ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်နဲ့ ဓာတ်ကင်ခြင်း၊ ကင်ဆာဆေးပေးခြင်း စသဖြင့် လူနာတစ်ဦးချင်းရဲ့ အခြေအနေအရပ်ရပ်ကို ဆန်းစစ်ကာ ရွေးချယ်ကုသရပါတယ်။
အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျော့နည်းအောင် လိုက်နာသင့်တဲ့ ဘဝနေထိုင်ပုံ
- ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ် (fibre) နဲ့ antioxidants ကြွယ်ဝတဲ့သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန် (whole grain) တွေကို များများစားပေးပါ။
- အရက်သောက်ရင် ပမာဏအသင့်အတင့်သာ သောက်ပါ။
- ဆေးလိပ်ဖြတ်ပါ။
- ရက်သတ္တပတ်တစ်ခုမှာ ရက်အတော်များများကို လှုပ်လှုပ်ရှားရှား ရှိပါစေ။ တစ်နေ့ကို အနည်းဆုံး မိနစ်၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
ရေးသားသူ - Dr. May Myat Tun