နားစည်ပေါက်ခြင်း
နားရဲ့အခေါင်း တစ်လျှောက် နဲ့ နားရဲ့အလယ်ပိုင်းကို ကာထားတဲ့ ပါးလွှာသော တစ်ရှူးမှာ ပေါက်ပြဲခြင်း (Tympanic membrane perforation) ကို နားစည်ပေါက်တယ် လို့ခေါ်ပါတယ်။ နားစည်ပေါက်တာဟာ အကြားအာရုံဆုံးရှုံးနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ နားစည်ပေါက်ပြီဆိုရင် မခံမရပ်နိုင်အောင် နာကျင်တာ၊ သွေးထွက်တာ၊ အကြားအာရုံဆုံးရှုံးတာ နဲ့ မူးဝေတာတွေ ကြုံရနိုင်တာမို့ သတိထားဖို့ လိုအပ်ပါတယ်။
နားစည်အလွှာပါးကို ပေါက်ပြဲစေနိုင်တဲ့ အခြေအနေများ
1. နားရဲ့ အလယ်ပိုင်း (အတွင်းပိုင်း) မှာ ပိုးဝင်ခြင်း
ပိုးမွှားများကြောင့် နားအတွင်းပိုင်းမှာ အရည်ဆိုးများ စုပုံစေကာ ဒီအရည်များရဲ့ ဖိအားကြောင့် အလွှာပါးပေါက်ရပါတယ်။
2. လေထုဖိအားဒဏ်ကို မခံနိုင်ခြင်း
ပြင်ပပတ်ဝန်းကျင်နဲ့ နားထဲက လေထုဖိအားတို့ အရမ်းကွာဟမှုကြောင့် ထိန်းညှိဖို့ ခက်ခဲတဲ့ အခြေအနေတွေမှာလည်း နားစည်ပေါက်တတ်ပါတယ်။ ဥပမာ ရေအောက်အနက်ထဲ ရေငုပ်ရသူများ၊ ဝေဟင်အမြင့်ကြီးမှာ ပျံသန်းရသော အလုပ်အကိုင်များ စသည့်)
3. ကျယ်လွန်းသော အသံများ
ဗုံးပေါက်သံ၊ သေနတ်ပစ်သံ စတဲ့ ပေါက်ကွဲသံများရဲ့ အားကောင်းသော အသံလှိုင်းများဟာလည်း နားစည်လွှာကို ပေါက်ပြဲစေနိုင်တဲ့အထိ ရိုက်ခတ်ပါတယ်။
4. နားထဲသို့ ပြင်ပပစ္စည်း ဝင်နေခြင်း
နားကြပ်တံဂွမ်းလုံးနဲ့ ဆံညှပ်ကလစ်ကဲ့သို့သော ပစ္စည်းငယ်များတောင် အခန့်မသင့်လျှင် နားစည်ကို ပေါက်စေနိုင်ပါတယ်။
5. ပြင်းထန်သော ဦးခေါင်းဒဏ်ရာ
မတော်တဆမှုကြောင့် ဦးခေါင်းခွံရိုးရဲ့ အောက်ခြေပိုင်း ကျိုးတဲ့အခါ လွဲချော်သွားတဲ့ အရိုးအပိုင်းအစက နားအတွင်းပိုင်းကို ထောက်ကာ နားစည်ပေါက်ရခြင်းအဖြစ်လည်း ကြုံတွေ့ရတတ်ပါတယ်။
နားစည်ပေါက်လျှင်
- နားနာခြင်း ( အချိန်ခဏအတွင်း သက်သာသွားတတ်ပါတယ်)
- သွေး၊ ပြည်နဲ့ အကျိအချွဲများ နားထဲမှ စိမ့်ထွက်ခြင်း
- အကြားအာရုံ ဆုံးရှုံးခြင်း
- နားထဲမှာ တဝီဝီ ကြားနေခြင်း
- ချာချာလည်အောင် မူးခြင်း
- ပျို့အန်ခြင်း စတဲ့ လက္ခဏာများ ကြုံရပါတယ်။
နားစည်ပေါက်သွားသော် ရက်သတ္တပတ်အနည်းငယ်ကြာရင် ကုသစရာမလိုဘဲ သူ့ဟာသူ အနာကျက်သွားတာမျိုးလည်း ရှိတတ်သလို ခွဲစိတ်ပြုပြင်ဖို့ လိုအပ်တာမျိုးလည်း ရှိပါတယ်။ အကယ်၍ ၃-၆လ ကြာတဲ့အထိ အနာမကျက်နိုင်ဘဲ အကြားအာရုံပြန်မရတာ၊ နားပိုးဝင်တာ၊ နားအတွင်းပိုင်းမှာ အရည်အိတ်တည်လာမျိုးလည်း နောက်ဆက်တွဲ ဆက်ဖြစ်တတ်ပါတယ်။
ဒါကြောင့် နားစည်မပေါက်ရအောင်
- နားပိုးဝင်တဲ့ လက္ခဏာများ ဖြစ်ပေါ်ရင် ပေါ့ဆနှောင့်နှေးမနေဘဲ နားအထူးကု ဆရာဝန်ကြီးများထံမှာ အမြန်ဆုံး ကုသခံပါ။
- လေယာဉ်ပျံစီးရသည့်အခါ လေယာဉ်အဆင်းအတက်အချိန်များမှာ ဖိအားထိန်းညှိပေးနိုင်တဲ့ နားကြပ်၊နားအဆို့များ ကာကွယ်တပ်ဆင်ပါ၊ ပါးစပ်ဟပြီး သန်းတာ၊ ပီကေဝါးတာ ပြုလုပ်ပါ
- နားထဲကို ပစ္စည်းများနဲ့ အကြမ်းပတမ်း ကလော်ခြင်းများ မပြုပါနဲ့
- ဆူညံသော နေရာများကို တက်နိုင်သမျှ ရှောင်ပါ။ မလွဲမရှောင်သာလျှင် နားအဆို့ တပ်ပါ။
ခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပြီး လုပ်ဆောင်မယ်ဆိုရင် နားကျန်းမာရေးကို ကောင်းမွန်အောင် ကူညီနိုင်မှာဖြစ်ပြီး နားစည်မပေါက်အောင်လည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်