နားဖာချေးပိတ်တဲ့အခါ
Earwax လို့ ခေါ်တဲ့ နားဖာချေးဟာ နားကျန်းမာရေးအတွက် အရေးပါတဲ့ အရာဖြစ်ပြီး ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေ နားထဲ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတာ၊ နားအတွင်းက အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ခြောက်သွေ့ယားယံခြင်း မဖြစ်အောင် ကာကွယ်ပေးတာတွေ လုပ်ဆောင်ပေးပါတယ်။
အဲဒီ နားဖာချေးတွေက စုပုံလာပြီး နားလမ်းကြောင်းထဲမှာ ပိတ်ဆို့နေရင်…
- နားက ကောင်းကောင်းမကြားရတာ
- နားထဲမှာ ပြည့်နေသလို ခံစားရတာ
- နားယားတာ
- နားကိုက်တာ
- နားအူနေတာ
- နားထဲက အရည်ထွက်လာတာ သို့မဟုတ် အနံ့နံလာတာနဲ့
- ခေါင်းမူးနေတာတွေ ခံစားရတတ်ပါတယ်။ ဒီလို ပြဿနာတွေ ဖြစ်လာရင်တော့ နားဖာချေးတွေကို ထုတ်ယူဖယ်ရှားဖို့ လိုအပ်ပါလိမ့်မယ်။
ဘာလို့ နားဖာချေး ပိတ်ရတာလဲ?
သာမန်ထက်ပိုပြီး နားဖာချေးထုတ်လုပ်တာကြောင့် ပိတ်တာပါ။ အောက်ပါအချက်တွေကြောင့်လည်း နားဖာချေး ပိတ်တတ်ပါတယ်။
- နားဖာချေးတွေက ခြောက်သွေ့ပြီး မာနေတာ
- နားထဲမှာ အမွှေးအမျှင် များပြားတာ
- နားအတွင်းလမ်းကြောင်းက ပုံသဏ္ဍာန် မမှန်တာ
- နားကျပ် သို့မဟုတ် နားကြားကိရိယာ အမြဲတပ်လေ့ရှိတာ
- နားကျပ်ဂွမ်းတံ အမြဲသုံးတာ
- နှင်းခူလို အရေပြားအနာရှိတာနဲ့
- အသက် ၅၅ နှစ် အထက်ရှိတာ စတဲ့ အချက်တွေကြောင့် နားဖာချေး ပိတ်နိုင်ပါတယ်။
ကုသမှု အနေနဲ့…
- နားဖာချေးတွေ ပျော့ပြီး ပျော်ထွက်လာအောင် လုပ်တာ… Saline အရည်၊ Baby Oil၊ ဂလစ်ဆရင်း၊ Mineral oil နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တွေ သုံးလေ့ရှိပြီး နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီးမှ သုံးရင် ပိုကောင်းပါတယ်။
- နားအတွင်းကို ဆေးတာ… Saline အရည်ကို ဆေးထိုးပိုက်နဲ့ နားအတွင်း ထည့်ပြီး ဆေးတာ လုပ်လို့ရပါတယ်။
- ဘယ်လိုမှ မသက်သာရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး နားဖာချေးကို စုပ်ထုတ်တာ၊ ညှပ်နဲ့ ဆွဲထုတ်တာ၊ နားဆေးတာတွေ လုပ်ဖို့ လိုအပ်ပြီး မိနစ်အနည်းငယ်ခန့်သာ ကြာမြင့်နိုင်ပါတယ်။
နားဖာချေးမပိတ်အောင် ကာကွယ်ဖို့ ဆိုရင် နားထဲကို ဘာမှ မထည့်ဖို့ သတိထားရပါမယ်။ အကယ်၍ နားကျပ်တံ အသုံးပြုချင်ရင်တောင် နားအပြင်ဘက် အဝနားကိုပဲ သုံးပါ။ နားဖာချေး ခဏခဏပိတ်တတ်ရင် ဆရာဝန်နဲ့ ပြသတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ ဖယ်ရှားသင့်လဲဆိုတာ သေချာဆွေးနွေးသင့်ပါတယ်။
နားဖာချေးပိတ်တာက အန္တရာယ် ကြီးကြီးမားမားတော့ မရှိလှပေမယ့် ခံရခက်ပြီး စိတ်အနှောင့်အယှက်တော့ တော်တော်ဖြစ်ရတဲ့ ဝေဒနာပါ။ ဟက်ပီးလေးတို့လည်း နားဖာချေး ပိတ်ဆို့တဲ့ ဝေဒနာမှ ကင်းဝေးကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်