ကလေးတီဘီဆိုသည်မှာ
တီဘီအဆုတ်နာလို့ သိကြတဲ့ တီဘီရောဂါဟာ ကလေးလူကြီးမရွေး ဖြစ်နိုင်ပါတယ်။ အဆုတ်မှာ အဖြစ်များပေမယ့် ဦးနှောက်၊ အရိုး၊ အူ၊ ကျောက်ကပ်စတဲ့ တခြားသော ကိုယ်အင်္ဂါတွေမှာလည်း တီဘီရောဂါ ဖြစ်နိုင်ပါတယ်။ တီဘီရောဂါဟာ တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။
ဘယ်လို ကူးစက်သလဲ?
တီဘီရောဂါကို ဖြစ်စေတာက Mycobacterium Tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးပါ။ တီဘီရောဂါ ရှိတဲ့သူက ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ ဘက်တီးရီးယားပိုးတွေက လေထုထဲကို ပျံ့နှံ့သွားပါတယ်။ အဲဒီ လေထုထဲက ဘက်တီရီးယားပိုးတွေကို ရှူရှိုက်မိတဲ့အခါ တီဘီရောဂါပိုးက အသက်ရှူလမ်းကြောင်းထဲကို ရောက်ရှိသွားပြီး ကူးစက်ခံရတာပါ။
လေထုထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေက ပါဝင်ပျံ့နှံနေတာ ဖြစ်ပေမယ့် ရှူမိတဲ့သူတိုင်းက ရောဂါကူးစက် မခံရပါဘူး။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ခံအား မကောင်းတဲ့ သူတွေကသာ ရောဂါကူးစက် ခံရလေ့ရှိပါတယ်။
ဘယ်လိုကလေးတွေက တီဘီပိုး ကူးစက်ခံရနိုင်ခြေ ပိုများသလဲ?
- ၅ နှစ်အောက် ကလေးတွေ
- တီဘီရောဂါပိုး ရှိသူနဲ့ တစ်အိမ်တည်း နီးနီးကပ်ကပ် နေရတဲ့ ကလေးတွေ
- HIV ပိုး ရှိတဲ့ ကလေးတွေ
- အာဟာရ ချို့တဲ့တဲ့ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။
- ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က လူကြီးတွေလောက် မဖွံ့ဖြိုးသေးတဲ့အတွက် (အထူးသဖြင့် ၅ နှစ်အောက် ကလေးတွေ) ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်စွမ်း နည်းပါတယ်။
တချို့ကလေးတွေမှာ တီဘီပိုး ရှိပေမယ့် ရောဂါလက္ခဏာ မပြတာကို Latent TB လို့ခေါ်ပါတယ်။ ရောဂါလက္ခဏာ ပြရင်တော့ Active TB လို့ ခေါ်ပါတယ်။ Latent TB ဟာ ကိုယ်ခံအား ကျသွားတာနဲ့ အချိန်မရွေး Active TB ဖြစ်သွားနိုင်ပါတယ်။
ရောဂါလက္ခဏာ ပြတဲ့အခါ…
- အဖျားတက်တာ (၁၀၀ ဒီဂရီ ဖာရင်ဟိုက်ကျော်)
- ၃ ပတ်ထက် ကြာတဲ့ထိ ချောင်းဆိုးနေတာ
- ညဘက် ချွေးထွက်တာ
- ကိုယ်အလေးချိန် ကျသွားတာ သို့မဟုတ် ကိုယ်အလေးချိန် ကျဖို့ ခက်တာတွေ ဖြစ်တတ်ပါတယ်။
- တခြား ကိုယ်အင်္ဂါတွေမှာ တီဘီဖြစ်တဲ့အခါ ဥပမာ…ဦးနှောက်ကို တီဘီပိုး ရောက်သွားရင် တက်တာ၊ ခေါင်းပိုက်တာ၊ လည်ပင်းခိုင်နေတာ၊ အူးကို တီဘီပိုး ရောက်သွားရင် ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ၊ အူပိတ်တာ စတဲ့ လက္ခဏာမျိုးတွေ ပြတတ်ပါတယ်။
တီဘီရောဂါပိုး ရှိမရှိကို ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊ သလိပ်စစ်တာ၊ အသားစယူပြီး စစ်ဆေးတာတွေကနေ သိနိုင်ပါတယ်။
ကုသမှု အနေနဲ့…
တီဘီရောဂါအတွက် ပေးရတဲ့ ပိုးသတ်ဆေးတွေကို အနည်းဆုံး ၆ လခန့် သောက်ဖို့ လိုအပ်ပါတယ်။ Isoniazid, Rifampin, Pyrazinamide နဲ့ Ethambutol ဆိုတဲ့ ဆေးလေးမျိုးကို အဓိက အနေနဲ့ ပေးလေ့ရှိပြီး လူနာအခြေအနေနဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး လိုအပ်ရင် Streptomycin ပါ ပေးလေ့ ရှိတာမို့ ဆရာဝန်နဲ့ သေချာပြသ တိုင်ပင်ပြီးမှ သောက်ဖို့ လိုအပ်ပါတယ်။ ဆေးသောက်တဲ့အခါမှာ အနည်းဆုံး ၆ လပြည့်တဲ့အထိ မပျက်မကွက် သောက်ဖို့ အရေးကြီးပါတယ်။ ဆေးပတ်မပြည့်ရင် ဆေးယဥ်ပါးတီဘီ ဖြစ်ပြီး ဆေးမတိုးတော့မျိုး ဖြစ်နိုင်ပါတယ်။
ကလေးတွေ တီဘီမဖြစ်အောင် ကာကွယ်ဖို့…
- TB ကာကွယ်ဆေး (BCG Vaccine) မပျက်မကွက် ထိုးပါ။
- အိမ်ကို လေဝင်လေထွက် ကောင်းအောင် တံခါးတွေ၊ ပြတင်းပေါက်တွေ ဖွင့်ထားပါ။
- ကလေးကို ကိုယ်ခံအားကောင်းအောင် အာဟာရ စုံလင်စွာ ကျွေးပါ။
- အိမ်မှာ တီဘီရောဂါ ဖြစ်သူရှိရင် ကလေးနဲ့ ဝေးဝေးနေခိုင်းပါ။
ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေပါ။ အနာဂတ်ပန်းလေးတွေ လန်းဆန်းမှ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း ကောင်းနိုင်မှာမို့ တီဘီရောဂါ အပါအဝင် ရောဂါပိုးကင်းစင်တဲ့ ပန်းကလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ကြပါစို့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်