ခွေးမြင်တာနဲ့ ကြောက်ဒူးတုန်နေတတ်တာ ဖိုးဘီးယားတစ်မျိုးလား
ခွေးဆိုတာ အိမ်မွေးတိရစ္ဆာန်တစ်မျိုးဖြစ်သလို ချစ်ခင်သူတွေ ပေါများတဲ့ Pet တစ်မျိုးဖြစ်ပေမယ့် လူတိုင်းကတော့ ဒီလိုမျိုး မတွေးနိုင်ကြတာသေချာပါတယ်။ တစ်ချို့က တိရိစ္ဆာန်မချစ်တတ်လို့ ဒါမှမဟုတ်လဲ ခွေးမဟုတ်တဲ့ တခြားသတ္တဝါလေးတွေကို ပိုချစ်တဲ့လူမို့လို့ စသဖြင့် အမျိုးမျိုးသော အကြောင်းတရားတွေ ရှိနေနိုင်ပါတယ်။
ဒါပေမယ့် တစ်ချို့အတွက်ကျ ခွေးဆိုတာ သိပ်ကြောက်ဖို့ကောင်းတဲ့ တိရစ္ဆာန်တစ်မျိုးအဖြစ် ထင်မြင်နေပြီး ကိုယ့်မျက်စိရှေ့မှာ အိပ်နေတဲ့ ခွေးမြင်တာနဲ့တင် ဟောင်သံကြားတာနဲ့တင် အလွန်အမင်းကြောက်ရွံ့နေတာမျိုးလည်းရှိပါတယ်။
အကြောက်လွန်စိတ်ရောဂါလို့ လူသိများတဲ့ ဖိုးဘီးယား (Phobia) ထဲမှာ Cynophobia က အရမ်းအဖြစ်များတဲ့ အမျိုးအစားတစ်ခုပါ။ ခွေးကိုကြောက်တဲ့ ဖိုးဘီးယားဖြစ်တဲ့အတွက် နေ့စဉ်ဘဝမှာ ခွေးတွေကို တစ်နေ့မဟုတ် တစ်နေ့ အမြဲကြုံတွေ့နိုင်ပြီး ဒီလိုဖိုးဘီးယားဖြစ်နိုင်ခြေကလည်း ပိုများပါတယ်။
Cynophobia (ခွေးကြောက်ခြင်း) ဟာ တစ်ချိန်တုန်းက ခွေးတွေနဲ့ပတ်သက်လို့ မကောင်းတဲ့ အတိတ်တွေ၊ မတော်တဆမှုတစ်ခုခု ဖြစ်ခဲ့တာကြောင့် ဒီဖိုးဘီးယားဝင်လာနိုင်ပါတယ်။
အထူးသဖြင့် ကလေးအရွယ်မှာ ခွေးကိုက်ခံရတာ၊ ခွေးတွေရဲ့ ရန်လိုတာ ခံခဲ့ရဖူးတာကြောင့် ဒီဖိုးဘီးယားက အမြစ်တွယ်လာပြီး အသက်ကြီးလာတဲ့အထိ ကြောက်စိတ်က ပါသွားတတ်ပါတယ်။
ဖိုးဘီးယားနဲ့ ပတ်သက်လာရင် သိထားသင့်တာတစ်ခုကတော့ ဘယ်အချိန်မှာ ပျောက်ကင်းသက်သာသွားနိုင်လဲဆိုတာကို ဘယ်သူမှ အတိအကျပြောလို့မရနိုင်ဘူးဆိုတာပါပဲ။
Cynophobia ဟာ အဖြစ်လည်းများသလို၊ အသက်ကြီးတဲ့အထိလည်း ကြောက်စိတ်ကျန်ခဲ့နိုင်တဲ့အတွက် လုံးဝမပျောက်ဘဲလည်း ရှိနေတတ်ပါတယ်။ လက္ခဏာတွေအနေနဲ့ ခွေးတွေကို မြင်တဲ့အခါ၊ ခွေးတွေ အနားရောက်လာတဲ့အခါ
- ထွက်ပြေးချင်စိတ်၊ ပုန်းချင်စိတ် ဖြစ်ပေါ်လာတာ
- စိတ်ကယောင်ခြောက်ခြား ဖြစ်လာတာ
- ကြောက်ဒူးတုန်နေတာ
- မူးဝေအော့အန်ချင်လာတာ
- တစ်ကိုယ်လုံး တုန်ရီနေတာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
Cynophobia ဟာ ခွေးပေါ်အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အကြောက်လွန်စိတ်ဖြစ်တာကြောင့် ခွေးမွေးထားသူတွေ၊ ခွေးရှိတဲ့ အိမ်တွေ၊ ရပ်ကွက်တွေနဲ့ ထိတွေ့ဆက်ဆံမှုတော့ နည်းသွားနိုင်ပါတယ်။
ဒါပေမယ့်လည်း ခွေးဟာ လူ့ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ရှိနေနိုင်တာကြောင့် အမြဲတမ်း ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒီအတွက် ကိုယ့်တစ်နေ့တာကို ကြီးမားတဲ့ ဒုက္ခဖြစ်စေတယ်ဆိုရင်တော့ ဒီ ဖိုးဘီးယားရောဂါကို ကုသသင့်တယ်လို့ အကြံပေးချင်ပါတယ်။
ကိုယ့်ရဲ့ကြောက်စိတ်ကို ကျော်လွှားနိုင်ဖို့ နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကုသနည်းလမ်းတွေနဲ့ ကုသမှုခံယူပေးပါ။