အလုံပိတ်အခန်းတွေထဲဝင်ရတိုင်း ကြောက်နေတဲ့ပြဿနာ (Claustrophobia)
Claustrophobia ဟာ လူသိနည်းတဲ့ ဖိုးဘီးယားအမျိုးအစားဖြစ်ပြီး တော်တော်လေး အတွေ့များတယ်လို့ ဆိုရမှာပါ။
တချို့တွေမှာ ကိုယ့်ကိုယ်ကို ဒီဖိုးဘီးယားရှိမှန်းတောင် မသိဘဲနဲ့ တကယ် နဖူးတွေ့ဒူးတွေ့ ကြုံရတော့မှ ကိုယ့်မှာ ဒီရောဂါရှိမှန်း သိသွားတာမျိုးလည်း ရှိပါတယ်။
ဒီဖိုးဘီးယားကို ဖြစ်စေတဲ့ နေရာ၊ အခြေအနေတွေကတော့
- ဓာတ်လှေကားထဲ ပိတ်မိသွားတာ
- လေယာဉ်ပျံပေါ် ရောက်နေတာ
- လိုဏ်ဂူတစ်ခုထဲ ရောက်နေတာ
- MRI စက်ထဲ စကန်ဖတ်ခံနေရတာ
- အခန်းငယ်လေးထဲမှာ ရောက်နေချိန် ပြတင်းပေါက်တွေ ဖွင့်မရတာ၊ ပြတင်းပေါက် လုံးဝမရှိတာ
- မီးရထားထဲ အချိန်ကြာမြင့်စွာ စီးနေတာကြောင့် ဖြစ်ပါတယ်။
Claustrophobia ကို အလွယ်ပြောရမယ်ဆိုရင် အလုံပိတ်ထားတဲ့နေရာ၊ ကျဉ်းမြောင်းတဲ့နေရာတွေမှာ ရှိနေတဲ့အခါ၊ ပိတ်မိသွားတဲ့အခါ အသိစိတ်လွတ်ပြီး ကြောက်တဲ့စိတ်၊ စိုးရိမ်စိတ်တွေနဲ့အတူ လုပ်မိလုပ်ရာလျှောက်လုပ်တတ်ပါတယ်။
များသောအားဖြင့် Claustrophobia ဖြစ်လာပြီဆိုရင်
- တစ်ကိုယ်လုံး တုန်ယင်လာတာ
- ရင်ဘတ်ထဲ မွန်းကြပ်ပြီး နှလုံးခုန်နှုန်း မြန်လာတာ
- အသက်ရှူမဝတော့တာ၊ အသက်ရှူမြန်လာတာ
- အစာနင်နေသလို၊ အော့အန်ချင်လာသလို ခံစားရတာ
- ခံတွင်းခြောက်ပြီး ချွေးစေပြန်လာသလို
- လက်တွေထုံကျဉ်ပြီး ဆူးစူးသလို ခံစားရတာ
- ခေါင်းထဲ ချာချာလည်အောင် မူးလာတာ အပြင်
- ကိုယ့်အသိစိတ်လွတ်ပြီး လုပ်မိလုပ်ရာလျှောက်လုပ်တာ
- အပြင်ကို ပြေးထွက်ဖို့ ကြိုးစားတာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
Claustrophobia ရှိတဲ့သူတစ်ယောက်ဟာ ကျဉ်းကျပ်တဲ့ နေရာကို မြင်လာတာနဲ့ ရှောင်လွဲဖို့ ကြိုးစားတတ်သလို၊ အဲဒီလိုနေရာမျိုးမှာ ရောက်နေပြီဆိုရင်လည်း မကြာခဏ အမြန်ထွက်သွားနိုင်ဖို့ ကြိုးစားတတ်ပါတယ်။ ဒီဖိုးဘီးယားဟာ ဖြစ်လာပြီဆိုရင် ခံစားရတဲ့ ဝေဒနာ နည်းနည်းပြင်းထန်နိုင်တာကြောင့် ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ခံစားရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။
ရဲမျိုးမြတ်