ကင်ဆာတွေ ဘယ်လိုမြန်မြန် ပျံ့ကြသလဲ
ကျွန်မတို့ ခန္ဓာကိုယ်ဟာ ကုဋေနဲ့ချီတဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ပုံမှန်ဖြစ်စဉ်တွေမှာ ဆဲလ်ဟောင်းတွေ ပျက်စီးသေဆုံးတဲ့အခါ ဆဲလ်သစ်တွေနေရာယူကာ ဆက်လက်လုပ်ဆောင်လည်ပတ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ ဆဲလ်ရဲ့ မျိုးရိုးဗီဇ DNA တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးမှုကြောင့် မူမမှန်စွာ ဖြစ်တည်လာတဲ့ ဆဲလ်အနည်းစုကို ထိန်းချုပ်ကိုင်တွယ်ပေးပါတယ်။ ခုခံအားစနစ်ရဲ့ ကိုယ်တွယ်နိုင်စွမ်းကို ကျော်လွန်ပြီး မူမမှန်ဆဲလ်တွေ အဆမတန်ပွားလာတဲ့အခါမှာတော့ ကင်ဆာဖြစ်လာပါတော့တယ်။ ဒီတော့ ဆဲလ်တွေဟာ မသေဘဲ ပွားသထက်ပွား၊ ထွားသထက်ထွားကာ စုပုံပြီး အကြိတ်ဖြစ်လာပါတော့တယ်။ နောက်ဆုံးမှာတော့ ထိန်းမနိုင်၊ သိမ်းမနိုင်နဲ့ ဘေးဘက်က တစ်ရှူးတွေကိုပါ ထိုးဖောက်ကျူးကျော်ပါတယ်။
ကင်ဆာအမျိုးအစားတွေကို သူတို့စတင်ဖြစ်ပေါ်တဲ့ တစ်ရှူး၊ ကိုယ်တွင်းအင်္ဂါအလိုက် အမည်တပ်ပါတယ်။ အမျိုးအစားအားလုံးမှာ ပျံ့နှံ့နိုင်ပြီး အချို့ကတော့ ကျူးကျော်နိုင်စွမ်း ပိုကြမ်းတမ်း၊ ပိုများပါတယ်။
ဘာကြောင့် ကင်ဆာတွေ ပျံ့တာလဲ?
ကင်ဆာဆဲလ်တွေဟာ ခန္ဓာကိုယ်ရဲ့ "သေချိန်တန်ပြီ" ဆိုတဲ့ အချက်ပေးမှုကို အရေးမစိုက်ဘဲ ဆက်လက်ပြီး အမြန်နှုန်းနဲ့ ကွဲထွက်ပွားများပါတယ်။ ခုခံအားစနစ်ကို ရှောင်နိုင်တဲ့အစွမ်းကလည်း အံ့မခန်းဖြစ်ပါတယ်။
ကင်ဆာဆဲလ်တွေ စတင်ဖြစ်ပေါ်တဲ့နေရာမှာပဲ ရှိနေသေးရင် Carcinoma in situ လို့ခေါ်ပြီး တစ်ရှူးရဲ့မျက်နှာပြင်ကို ဖောက်ထွက်လာပြီဆိုရင်တော့ invasive cancer လို့ခေါ်ပါတယ်။ စဖြစ်တဲ့နေရာကနေ တခြားဝေးဝေးတစ်နေရာကို ပျံ့ရင် metastasis လို့ခေါ်ပါတယ်။
ကင်ဆာဆဲလ်တွေ နောက်တစ်နေရာကို ပျံ့နှံ့ဖို့ဆိုရင် သူတို့တည်ရှိနေတဲ့ ခန္ဓာကိုယ်ရဲ့နေရာပေါ်မူတည်ပါတယ်။
Tissue
ကြီးထွားလာတဲ့ ကင်ဆာအကြိတ်လုံးဟာ ဘေးကတစ်ရှူးတွေကို (သို့) ကပ်လျက်ကိုယ်တွင်းအင်္ဂါကို တွန်းပါတယ်။ မူရင်းအကြိတ်ကနေ ပဲ့ထွက်လာပြီး အနီးတဝိုက်မှာ အကြိတ်အသစ်တစ်လုံးအဖြစ် ထပ်ပွားပါတယ်။
ပြန်ရည်ကြောစနစ် (lymph system)
အကြိတ်မှ ကင်ဆာဆဲလ်ဟာ အနီးက ပြန်ရည်ကြိတ်ထဲကို ဝင်ပါတယ်။ ဒီကနေတစ်ဆင့် ပြန်ရည်ကြောစနစ်တစ်ခုလုံးထဲ ဝင်ရောက်ကာ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာပါ အကြိတ်အသစ်ဖြစ်ပွားနိုင်ဖို့ အခွင့်အလမ်းရှာပါတယ်။
သွေးစီးကြောင်း
ကင်ဆာအကြိတ်တွေဟာ ကြီးထွားဖို့ အောက်စီဂျင်နဲ့ အာဟာရလိုအပ်ပါတယ်။ သူတို့ဟာ သွေးကြောသစ်တွေ ဖန်တီးပြီး ရှင်သန်ရပ်တည်ဖို့ ပြုလုပ်ကြပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေဟာ သွေးစီးကြောင်းထဲဝင်ကာ အဝေးနေရာတွေကို သွားပါတယ်။
မြန်မြန်ပျံ့တဲ့ အမျိုးအစားနဲ့ နှေးနှေးပျံ့တဲ့အမျိုးအစား
ကင်ဆာဆဲလ်တွေမှာ DNA ပျက်စီးမှုများရင် ပိုမြန်မြန်ကြီးထွားနိုင်ပြီး ပျက်စီးမှုနည်းရင် ကြီးထွားမှုအနည်းငယ် ကြန့်ကြာတယ်လို့ အကြမ်းဖျင်း မှတ်နိုင်ပါတယ်။
မြန်မြန်ကြီးထွားပျံ့နှံ့တိုင်း ရောဂါအခြေအနေမကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါ။
ကင်ဆာအမျိုးအစားအများစုဟာ ထိရောက်စွာ ကုသလို့ရပါတယ်။ မြန်မြန်မပျံ့နှံ့ပေမဲ့ အခြားနေရာအတော်များများမှာ ပျံ့နှံ့နေသည့်တိုင် ရှာဖွေရခက်တဲ့ ကင်ဆာအမျိုးအစားများလည်း ရှိပါတယ်။
ကင်ဆာအဆင့်တွေနဲ့ ပျံ့နှံ့နှုန်း
ကင်ဆာကြိတ်ရဲ့ အရွယ်အစားနဲ့ ရောဂါစတင်တွေ့ရှိချိန်မှာ ပျံ့နှံ့နေတဲ့ အတိုင်းအတာကို ကြည့်ပြီး ကင်ဆာအဆင့်သတ်မှတ်ပါတယ်။
- Stage 0 : ကင်ဆာအစပျိုးနေတဲ့ဆဲလ်တွေကို တွေ့ရှိရပြီး အခြားတစ်ရှူးတွေကို ပျံ့နှံ့ခြင်း မရှိသေးပါ။
- Stage 1,2 & 3 : ကင်ဆာလို့ အတည်ပြုပြီးသား အခြေအနေဖြစ်ပါတယ်။ အစပြုတဲ့ကင်ဆာကြိတ်အကြီးအသေး၊ ဘယ်လောက်နေရာအတိုင်းအတာထိ ပျံ့ပြီးပြီပေါ်မူတည်ကာ အဆင့် ပြန်ခွဲခြားပါတယ်။
- Stage 4 : ကင်ဆာဆဲလ်တွေဟာ အလှမ်းဝေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအထိ ပျံ့နှံ့နေပြီးဖြစ်ပါတယ်။
ဘယ်လိုကုသမှုတွေက ကင်ဆာပျံ့နှံ့နေတာကို တားဆီးနိုင်သလဲ?
- ဖြစ်တဲ့ ကင်ဆာအမျိုးအစားပေါ်မူတည်ပြီး ခွဲစိတ်ကုသမှုဟာ ကနဦးကုသမှု ဖြစ်လေ့ရှိပါတယ်။ ကင်ဆာဆဲလ်လုံးဝမကျန်ရအောင် အကြိတ်ဘေးက ပုံမှန်တစ်ရှူးအနားသားကိုပါ အနည်းငယ်လှီးထုတ်ပစ်လိုက်လေ့ရှိပါတယ်။ အကြိတ်ဘေးက ပြန်ရည်ကြိတ်တွေကို စစ်ဆေးကာဖြစ်စေ၊ ဖယ်ရှားထားတဲ့ အကြိတ်ကို အသားစစစ်ဆေးကာ ဖြစ်စေ ဘယ်လောက်ပျံ့နေပြီလဲ ခန့်မှန်းနိုင်ပါတယ်။
- စွမ်းအားမြင့် ဓာတ်ရောင်ခြည်နဲ့ ကင်ဆာဆဲလ်တွေ့ရှိတဲ့နေရာအတိအကျကို ကင်ကာ ကင်ဆာဆဲလ်တွေကို သတ်ပစ်တာ၊ ကြီးထွားမှုနှေးအောင်၊ နာကျင်မှု လျော့နည်းအောင် ကုသလို့ရပါတယ်။
- Chemo ဆေးများကို အသုံးပြုပြီး လျင်မြန်စွာ ပွားနေတဲ့ ကင်ဆာဆဲလ်တွေကို သတ်တာ၊ ကြီးထွားမှု ကြန့်ကြာအောင်၊ အကြိတ်အသစ်တွေ မဖြစ်လာအောင် တားဆီးပါတယ်။
- Targeted therapy ကတော့ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားတဲ့ အဆင့်တွေကို ဦးတည်ကာ လိုက်လံပိတ်ပင်တာ ဖြစ်ပါတယ်။ ကင်ဆာကြိတ်တွေ အာဟာရနဲ့ အောက်စီဂျင်အတွက် ဖန်တီးထားတဲ့ သွေးကြောသစ်တွေကို ဖျက်ဆီးကာ အကြိတ်ကို ရှုံ့သွား၊ ကြုံ့သွားအောင် ပြုလုပ်တာ ဖြစ်ပါတယ်။ ဟော်မုန်းများလို့ ကြီးလာတဲ့ သားမျက်ကင်ဆာကြိတ်နဲ့ ဆီးကြိတ်ကင်ဆာတို့မှာဆိုရင် ဟော်မုန်းထုတ်တာ ရပ်တန့်အောင် ပြုလုပ်ပါတယ်။
- Immunotherapy ကတော့ မိမိတို့ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ကာ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်စေပါတယ်။
- ရိုးတွင်းခြင်ဆီ(သို့) သားန္ဓေပင်စည်ဆဲလ် အစားထိုးကုသခြင်းနည်းကတော့ သွေးကင်ဆာအမျိုးအစားတွေအတွက် အသုံးပြုတဲ့ ကုထုံးဖြစ်ပါတယ်။ ပျက်စီးထားတဲ့ သွေးဆဲလ်တွေကို ကျန်းမာတဲ့ဆဲလ်အသစ်တွေနဲ့ လဲလှယ်အစားထိုးလိုက်တာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကင်ဆာရောဂါဆိုတာ ရောဂါတစ်မျိုးတည်းလို့ မသတ်မှတ်နိုင်ပါ။ ရောဂါအပေါင်းအစုကြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုံးအကြိတ်များရှိနေပြီဆိုရင် ပေါ့ဆမနေဘဲ ရောဂါမွေးမထားဘဲ ဆရာဝန်ထံ သွားရောက်ကာ ရောဂါအဖြေရှာထားဖို့ တိုက်တွန်းလိုက်ရပါတယ်။
ရေးသားသူ - Dr. May Myat Tun