ကော်လဂျင်ကြိုးထိုးမယ်ဆိုရင်
ပူပြင်းတဲ့နေရောင်ခြည်တွေ၊ ညစ်ညမ်းတဲ့လေထုတွေ၊ နေ့စဥ်ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေ နဲ့ အသက်အရွယ် ကြီးရင့်လာမှုတွေကြောင့် အသားအရေကို ကျုံ့နိုင်ဆန့်နိုင်စေတဲ့ elastin တွေ နည်းပြီး တင်းရင်းမှု လျော့နည်းလာတတ်ပါတယ်။ အရိုးနုတွေကလည်း အရေပြားကို ဆွဲထားနိုင်အား လျော့လာပြီး အသားအရေက ပျော့တွဲလာတာပါ။ ကော်လဂျင်ထုတ်လုပ်မှုကို တားဆီးတာ၊ ကော်လဂျင်ဆုံးရှုံးမှု များတာကြောင့်လည်း အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။
ဒီလို အသားအရေ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခုနောက်ပိုင်း ခေတ်စားလာတဲ့ ကုသမှုတွေထဲမှာ ကော်လဂျင်ကြိုးထိုးတာလည်း ပါဝင်ပါတယ်။ Botox ထိုးတာလိုပဲ ကော်လဂျင်ကြိုးထိုးတာကလည်း အခုနောက်ပိုင်း လူသိများလာတဲ့ အလှအပရေးရာ ကုသမှု တစ်ခုပါ။
ကော်လဂျင်ကြိုးထိုးတာဟာ နာကျင်မှု မရှိသလောက်ဖြစ်တဲ့ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး အရေပြားရဲ့အောက်မှာ ကြိုးလေးတွေ ထည့်ထားကာ အသားအရေကို တင်းရင်းအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
ဘာတွေကောင်းသလဲ?
- ပထမအချက်အနေနဲ့ လျော့ရဲနေတဲ့ အရေပြားအောက်မှာ ထည့်ထားတဲ့ ကြိုးလေးတွေက အရေပြားကို ဆွဲဆန့်ပင့်တင်ကာ တင်းရင်းအောင် ပြုလုပ်ပေးပါတယ်။
- နောက်တစ်ခု ပြုလုပ်ပေးတာကတော့ အရေပြားအောက်ကို ထိုးထားတဲ့ ကြိုးလေးတွေဟာ ပြင်ပပစ္စည်းဖြစ်တဲ့အတွက် ခန္ဓာကိုယ်က တုံ့ပြန်ပြီး အနာကျက်စေရန် ကော်လဂျင်တွေ ပိုမိုထွက်လာတာမို့ အသားအရေ နုပျိုပြီး အရေးအကြောင်းတွေကို သက်သာစေပါတယ်။
ဘယ်လိုလုပ်သလဲ?
အများအားဖြင့် ဆေးခန်းမှာပဲ လုပ်လေ့ရှိပြီး တစ်နာရီဝန်းကျင့်ခန့် ကြာတတ်ပါတယ်။ သတိမေ့နေမှာ မဟုတ်လို့ ကြိုးထိုးနေစဥ် ဆရာဝန်နဲ့ ပြောဆိုတိုင်ပင်လို့လည်း ရပါတယ်။ ကြိုးထိုးမယ့် အရေပြားနေရာကို ထုံဆေးထိုးပြီး အပေါက်ပါတဲ့အပ်ကလေးကတဆင့် ကြိုးကို ထိုးထည့်ကာ နေရာတကျဖြစ်သွားရင် အပ်ကိုပြန်ဆွဲထုတ်လိုက်တာပါ။ ကြိုးဘယ်လောက်များများထိုးမလဲဆိုတာ လူနာဖြစ်ချင်တဲ့ ဆန္ဒအပေါ် မူတည်ပြီး ဆုံးဖြတ်ပါတယ်။
ဘေးထွက်ဆိုးကျိုး ရှိသလား?
- ကြိုးထိုးထားတဲ့ နေရာက ဖုဖောင်းလာတာ၊ ချိုင့်သွားတာ (အချိန်ကြာလာရင်ကောင်းသွားတတ်ပါတယ်)
- ဓာတ်မတည့်သလိုမျိုး နီရဲပြီး ယားယံနေတာ
- တင်းနေသလို ခံစားရတာ
- ရောဂါပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။
ဘယ်လောက်ကြာကြာ အာနိသင်ရှိလဲ?
ပုံမှန် ၆ လလောက်ကြာရင် ကြိုးကအရည်ပျော်သွားပြီး အာနိသင်ရပ်သွားလေ့ ရှိပါတယ်။ တချို့တလေမှာတော့ ကြိုးကပျော်သွားပေမယ့် ကော်လဂျင် ဆက်ထွက်နေလို့ အသားအရေ တင်းရင်းနေတာမျိုးလည်း ရှိတတ်ပါတယ်။
အရာရာတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးဒွန်တွဲနေတတ်လို့ ကော်လဂျင်ကြိုးထိုးချင်ရင် နားလည်တတ်ကျွမ်းတဲ့သူနဲ့ သေချာတိုင်ပင်ပြီး လုပ်သင့်ပါတယ်။ မကျွမ်းကျင်တဲ့သူလက်ထဲ ကိုယ့်မျက်နှာကိုအပ်ပြီး မဖျက်စီးမိဖို့လည်း အရေးကြီးပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်