လည်ချောင်းကင်ဆာရောဂါအကြောင်း
လည်ချောင်းကင်ဆာလို့ဆိုရာမှာ လည်ချောင်းအပြင် အသံအိုးမှာပါ ကင်ဆာဖြစ်ပေါ်ခြင်းကို ခေါ်ပါတယ်။ လည်ချောင်းဆိုတာ နှာခေါင်းနောက်မှာ စကာ လည်ပင်းထဲမှာဆုံးတဲ့ ကြွက်သားပြွန်တစ်ခု ဖြစ်ပါတယ်။ လည်ချောင်းကင်ဆာဟာ လည်ချောင်းအတွင်းနံရံမှာ ကာရံတဲ့ဆဲလ်တွေမှာ စတင်တတ်ပါတယ်။ လည်ချောင်းရဲ့ အောက်ကပ်လျက်မှာ ရှိနေတဲ့ အရိုးနုနဲ့ ပြုလုပ်ထားတဲ့၊ အသံထိန်းကြွက်သား (အသံကြိုး) တွေပါဝင်တဲ့ အသံအိုးဟာလည်း လည်ချောင်းကင်ဆာ ဖြစ်စေနိုင်တဲ့ နေရာဖြစ်ပါတယ်။
လည်ချောင်းကင်ဆာ အမျိူးအစားများ
လည်ချောင်းကင်ဆာ အများစုမှာ တူတဲ့ ကင်ဆာဆဲလ်အမျိူးအစားတွေချည်း ပါတာြဖစ်ပေမဲ့ စတင်တွေ့ရှိတဲ့ လည်ချောင်းရဲ့ အစိတ်အပိုင်းအလိုက် အခေါ်အဝေါ်တွေ ခွဲထားပါတယ်။
၁။ နှာခေါင်းရဲ့ အနောက်မှာ စဖြစ်ရင် Nasopharyngeal cancer
၂။ ပါးစပ်ရဲ့နောက်ကပ်လျက် အာသီးရှိတဲ့နေရာက စဖြစ်ရင် Oropharyngeal cancer
၃။ လည်ချောင်းရဲ့ အောက်ပိုင်း ၊ အစာရေမြိုပြွန်နဲ့ လေပြွန်အပေါ်နားမှာ စဖြစ်ရင် Hypopharyngeal cancer
၄။ အသံကြိုးမှာ စဖြစ်ရင် Glottic cancer
၅။ လေပြွန်ထဲကို အစာမဝင်အောင် ပိတ်ပေးတဲ့ အရိုးနုအပိုင်းနဲ့ အသံအိုးတို့မှာ စရင် Supraglottic cancer
၆။ အသံကြိုးရဲ့ အောက်မှာ စရင် Subglottic cancer
စသည့်ဖြင့် လည်ချောင်းကင်ဆာ ရောဂါအမျိုးအစားအမည် တပ်ပါတယ်။
လက္ခဏာတွေအနေနဲ့ကတော့
- ချောင်းဆိုးမယ်
- အသံပြောင်းတာ ဖြစ်မယ် ( အသံဩလာတာ ၊ စကားပြောရင် အသံ မပြတ်သားတာ )
- အစာတို့ ရေတို့ မြိုချရ ခက်လာမယ်
- နားနာမယ်
- လည်ချောင်းနာမယ်၊ လည်ခေါင်းထဲမှာ အလုံးရှိသလိုလို တစ်ဆို့ခံစားရမယ်
- ကိုယ်အလေးချိန်ကျလာမယ်
လည်ချောင်းထဲမှာ မျိုးရိုးဗီဇဆိုင်ရာ သန္ဓေဆဲလ်တွေ ပြောင်းလဲမှုကြောင့် ဆဲလ်တွေ ထိန်းမနိုင် သိမ်းမရ ပွားလာတတ်ပါတယ်။ ကျန်းမာတဲ့ ပုံမှန်ဆဲလ်တွေ သေချိန်တန်လို့ သေသွားပြီးတဲ့နောက်မှာ ပွားလာတဲ့ ဆဲလ်တွေဟာ အစားထိုး နေထိုင်ကြပြီး အများကြီးစုဝေးလာတဲ့အခါ လည်ချောင်းမှာ အကြိတ်ဖြစ်လာပါတယ်။
လည်ချောင်းကင်ဆာ ဖြစ်စေနိုင်တဲ့ အချက်တွေကတော့
- ဆေးလိပ်သောက်ခြင်း
- ကွမ်းစားခြင်း
- အရက် အလွန်အကျွံသောက်ခြင်း
- ဗိုင်းရပ်စ်ရောဂါပိုးများ ( Human Papilloma Virus, Epsteinbarr Virus)
- ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ အစားနည်းခြင်း
- အဆိပ်အတောက်တွေနဲ့ ထိတွေ့ရတဲ့ အလုပ်အကိုင်များ
- အစာအိမ်မှ အစာတွေ အပေါ်ကို ပြန်တက်တဲ့ ရောဂါ (Gastro-oesophageal Reflux Disease) စသည့်တို့ ဖြစ်ပါတယ်။
လူတစ်ဦးချင်းစီရဲ့ ဗီဇနဲ့ဆိုင်တာဖြစ်လို့ လည်ချောင်းကင်ဆာမဖြစ်အောင် တိကျတဲ့ ကာကွယ်စရာနည်းရယ်လို့ မရှိပါ။ သို့ပေမဲ့လည်း ဖြစ်နိုင်ချေအချက်တွေကို ရှောင်ရှားကြစေလိုပါတယ်။
- ဆေးလိပ်ဖြတ်ပါ။ မသောက်ဖူးသေးရင် စသောက်မနေပါနဲ့တော့။
- အရက်ကို သင့်တော်တဲ့ ပမာဏသာ သောက်ပါ။ (ကျန်းမာတဲ့ အရွယ်ရောက်ပြီး အမျိုးသားများ တစ်နေ့ ၂ခွက်၊ အမျိုးသမီးများ တစ်နေ့ ၁ခွက်ခန့်သာ)
- အရောင်အသွေးစုံတဲ့ vitamin နဲ့ anti-oxidant တို့ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ များများစားပေးပါ။
- မိမိကိုယ်ကို လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ Human Papilloma Virus မှ ကာကွယ်ပါ။ condom သုံးပါ။ လိင်ဆက်ဆံဖက် လျှောချပါ။
ရေးသားသူ - Dr. May Myat Tun
Saw Htet Wai Yan 10 Sep 2023 |
လျှာအောက်မာအဖုသေးသေးတေပေါက်လို့ပါကင်ဆာဖစ်နိုင်လာ