သွေးထွက်လွန်တဲ့ရောဂါဆိုတာဘာလဲ
Haemophilia ရောဂါမှာ သွေးတိတ်စေတဲ့ (သို့) သွေးခဲစေတဲ့ ပရိုတင်းတွေ (clotting factors) တွေ မလုံလောက်တဲ့အတွက် ဒဏ်ရာတစ်ခုခုရတဲ့အခါ သွေးတိတ်ချိန်တန်တဲ့အထိ အချိန်ကြာကြာ သွေးထွက်ဆဲ၊ သွေးယိုဆဲဖြစ်တတ်တဲ့ ရှားပါးသွေးရောဂါ အမျိုးအစားဖြစ်ပါတယ်။
ဓားရှရာသေးသေးလေးဟာ ပုံမှန်လူတွေမှာ ပြသာနာမဟုတ်ပေမဲ့ Haemophilia ရောဂါသည်တွေမှာတော့ အနည်းငယ်ပွန်းရုံ၊ခိုက်မိရုံနဲ့ သွေးထွက်မရပ်တာ၊ ညိုမည်းစွဲတာတွေ (အထူးသဖြင့် ဒူး၊ ခြေချင်းဝတ်နဲ့ တံတောင်တွေမှာ) ဖြစ်တတ်ပါတယ်။ ကိုယ်တွင်းအင်္ဂါနဲ့ တစ်ရှူးတွေမှာလည်း သွေးယိုစိမ့်ကာ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။
လက္ခဏာတွေမှာ သွေးခဲပရိုတင်းရဲ့ ပမာဏအနည်းအများပေါ်မူတည်ပြီး ကွာဟနိုင်ပါတယ်။ သွေးခဲပရိုတင်းအရမ်းနည်းနေခဲ့ရင် ခိုင်လုံတဲ့ အကြောင်းအရင်းမရှိ သွေးထွက်လွယ်တတ်ပြီး အရမ်းမနည်းရင်တော့ ခွဲစိတ်ချိန်မှ (သို့) ထိခိုက်ဒဏ်ရာရမှ သွေးထွက်နိုင်ပါတယ်။
အလိုအလျောက် သွေးထွက်တတ်တဲ့ လက္ခဏာတွေမှာ
- ခိုက်မိချိန်၊ ရှမိချိန်၊ ခွဲစိတ်မှု ခံယူစဉ်၊ သွားနှုတ်စဉ်စတဲ့အချိန်တွေမှာ သွေးအများကြီးထွက်ခြင်း
- ညိုမည်းစွဲရာကြီးတွေ ဖြစ်ခြင်း
- ကာကွယ်ဆေးထိုးတဲ့နေရာမှ သွေးထွက်များခြင်း
- အရိုးအဆစ်များ နာကျင်ယောင်ယမ်းခြင်း
- ဆီး၊ဝမ်းတို့မှာ သွေးပါခြင်း
- နှာခေါင်းသွေးလျှံခြင်း
- ကလေးသေးသေးလေးတွေမှာ ဘာကြောင့်မှန်းမသိ ဂျီအရမ်းကျခြင်း တို့ဖြစ်ပါတယ်။
ဦးနှောက်တွင်း သွေးယိုခြင်း
ပြင်းထန်တဲ့ Haemophilia ဝေဒနာ ခံစားရသူအချို့မှာ ခေါင်းကို တစ်ခုခုနဲ့တိုက်မိ၊ဆောင့်မိရုံနဲ့ ဦးနှောက်အတွင်းမှာ သွေးယိုတတ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဦးနှောက်တွင်းမှာ သွေးယိုနေရင် အချိန်အကြာကြီး ခေါင်းကိုက်တာ၊ မကြာခဏအန်တာ၊ အိပ်ငိုက်တာ (သို့) မှိန်းချင်နေပြီး ခြေကုန်လက်ပန်းကျတာ၊ ပုံရိပ်နှစ်ထပ်မြင်တာ၊ အားမရှိတာ၊ ကတုန်ကယင်ဖြစ်တာ၊ တက်တာ စတဲ့ဝေဒနာတွေ ခံစားရပါတယ်။
Haemophilia ဖြစ်ရတဲ့အကြောင်းအရင်း
လူတစ်ယောက်မှာ သွေးထွက်ပြီဆိုရင် သွေးဥမွှား(platelet)တွေနဲ့ သွေးတိတ်စေတဲ့ ပရိုတင်းတွေ (clotting factor) ဟာ နေရာကို ရောက်လာကာ သွေးထွက်ရပ်အောင် တူတူလုပ်ဆောင်လိုက်ကြတယ်။ Haemophilia မှာ clotting factor နည်းနေတဲ့အတွက် သွေးထွက်ရပ်ဖို့ အချိန်ပိုယူရတာ ဖြစ်ပါတယ်။
Haemophilia အမျိုးအစားများ
1. Congenital Haemophilia
မွေးရာပါ Haemophilia အမျိုးအစားမှာ Hemophilia A ( သွေးတိတ်စေတဲ့ ပရိုတင်း နံပါတ် ၈ နည်းတာ) နဲ့ Haemophilia B (သွေးတိတ်စေတဲ့ပရိုတင်း နံပါတ် ၉ နည်းတာ) အမျိုးအစားနှစ်မျိုးဟာ အဖြစ်များ၊ အတွေ့ရများတဲ့ Haemophilia ဖြစ်ပါတယ်။
2. Acquired Haemophilia
အချို့လူတွေမှာ မိသားစုမျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့ရာဇဝင်မရှိပါဘဲ အသက်ကြီးမှ ပေါ်လာတာကို Acquired လို့ သတ်မှတ်ပါတယ်။ လူရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကနေ သွေးတိတ်စေတဲ့ clotting factor No. 8 နဲ့ 9 တွေကို ပြန်လည်ခုခံတတ်တဲ့ အခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ကင်ဆာဖြစ်ချိန်၊ ဆေးတွေကြောင့် ဓာတ်မတည့်ခြင်း ပြသာနာစတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
ကုသမှု
Haemophilia ဟာ မျိုးရိုးဗီဇဆိုင်ရာရောဂါ ဖြစ်ပြီး ကုသမှုတွေမှာ လိုအပ်နေတဲ့ သွေးခဲစေတဲ့ ပရိုတင်းတွေ လျော့နည်းတဲ့အခါမှာ ပုံမှန်ပြန်ဖြည့်သွင်းနေရမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ချေ
မိသားစုဝင်ထဲမှာ Haemophilia ဖြစ်တဲ့သူရှိရင် ဖြစ်နိုင်ချေ မြင့်ပါတယ်။ အမျိုးသားများမှာ အမျိုးသမီးတွေထက် ဖြစ်နိုင်ချေ မြင့်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
- အတွင်းအနက်ပိုင်းမှာ သွေးစိမ့်ထွက်နေခြင်း ( ကြွက်သားအောက်မှာ သွေးထွက်နေရင် အာရုံကြောတွေကို ဖိမိကာ နာကျင်တာ၊ ထုံကျဉ်တာတွေ၊ ခြေလက်တွေ ယောင်ယမ်းတာတွေ ဖြစ်တတ်ပါတယ်)
- လည်ချောင်းနဲ့ လည်ပင်းထဲမှာ သွေးထွက်ခြင်း ( အသက်ရှူရခက်တတ်ပါတယ်)
- အရိုးအဆစ်တွေ ထိခိုက်ပျက်စီးခြင်း
- ရောဂါပိုး ဝင်လွယ်ခြင်း( သွေးမကြာခဏ သွင်းရတဲ့အတွက် အသည်းရောင်အသားဝါပိုးများ၊ HIV ပိုးများ ဝင်နိုင်ချေ များပါတယ်)
- သွေးသွင်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဓာတ်မတည့်ခြင်းများ (တစ်ခါတစ်ရံ clotting factor ကို ခန္ဓာကိုယ်မှ တုံ့ပြန်တဲ့အတွက် ထိရောက်မှု အနည်းငယ် လျော့ရတာတွေလည်း ကြုံရနိုင်ပါတယ်။
ရေးသားသူ - Dr. May Myat Tun