ဆီးချိုသမားတွေ ရေဓာတ်ဆုံးရှုံးလို့ လုံးဝမဖြစ်ပါ
ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်လို့ ကြားဖူးကြမယ်ထင်ပါရဲ့။ သာမန်လူတစ်ယောက်ဟာ နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် ရေဓာတ်ဆုံးရှုံးမှုနဲ့အတူ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေနဲ့ ရင်ဆိုင်ရမှာပါ။ ဒါတင်မက ရေဓာတ်ဆုံးရှုံးခြင်း (Dehydration) ဟာ အမျိုးအစား-၂ ဆီးချိုရောဂါဆီကိုလည်း တွန်းပို့နေပါသေးတယ်။
ဒီတော့ သာမာန်လူတစ်ယောက်အနေနဲ့တောင် ရေဓာတ်ဆုံးရှုံးမှုကြောင့် ဒီလောက် ပြဿနာများရင် ဆီးချိုဝေဒနာရှင်တွေအတွက်ဆိုရင်တော့ သာမာန်ထက် အဆပေါင်းမြောက်များစွာ ပိုဒုက္ခများမယ်ဆိုတာ သဘောပေါက်ကြမယ်ထင်ပါတယ်။ ရေဓာတ်ဆုံးရှုံးသူတွေဟာ ဆီးချိုရောဂါ ပိုဖြစ်နိုင်သလို ဆီးချိုဝေဒနာသည်တွေ ရေဓာတ်ဆုံးရှုံးရင်တော့ အသက်ပါရတဲ့အထိပါ ဖြစ်နိုင်ပါတယ်နော်။
ရေဓာတ်ဆုံးရှုံးခြင်းဟာ များသောအားဖြင့် လုံလောက်တဲ့
ရေဓာတ်ပမာဏကို မဖြည့်တင်းနိုင်လို့ (သို့) နေ့စဉ်လိုအပ်တဲ့ ရေပမာဏကို မသောက်သုံးလို့ ဖြစ်ပါတယ်။ အခြားအချက်တွေ အနေနဲ့ကတော့ ရာသီဥတု၊ လှုပ်ရှားသွားလာမှုနဲ့ အစားအသောက် စတာတွေပေါ်လည်း မူတည်တတ်ပါသေးတယ်။
ရေဓာတ်ဆုံးရှုံးခြင်းက ဆီးချိုကို ဘာကြောင့်ပိုဆိုးစေတာလဲ
ရေဓာတ်ဆုံးရှုံးတဲ့အခါ ခန္ဓာကိုယ်အတွင်း ရေဓာတ်မလုံလောက်မှုသာမက သွေးထဲက ဆား၊ သတ္တုရေဓာတ်နဲ့ သကြားပမာဏတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ခန္တာကိုယ်ထဲမှာ ရေဓာတ်နည်းပါးလာတဲ့အခါမှာ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်နဲ့ ကြွက်သားတွေဆီကို သွေးလုံလောက်စွာ စီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ ဒီအချက်ဟာ အမျိုးအစား-၂ ဆီးချိုရောဂါကို ပိုမိုဆိုးရွားစေရာမှာ အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
ရေဓာတ်ဆုံးရှုံးမှုကြောင့် သွေးဖိအားလျော့ကျလာချိန်မှာ ခန္ဓာကိုယ်ထဲမှာ Norepinephrine နဲ့ Epinephrine တို့လို Stress Hormones တွေ ပိုမိုထွက်ရှိလာတတ်ပြီး ၎င်းတို့ဟာ သွေးတွင်း သကြားပမာဏကို မြင့်မားသွားစေလေ့ရှိပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားလာချိန်တွေမှာ လူတွေဟာ ဆီးပိုသွားတတ်ကြတာမို့ ရေဓာတ်ဆုံးရှုံးမှုကို ပိုဆိုးစေကာ အခြေအနေတွေကို ကသောင်းကနင်းပိုဖြစ်စေတော့တာပါပဲ။
ရေဓာတ်ဆုံးရှုံးမှု လက္ခဏာများ
ရေဓာတ်ဆုံးရှုံးမှုဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ်ဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကို လုံလောက်အောင် ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိဘူးဆိုရင် ရေဓာတ်ဆုံးရှုံးမှုဝေဒနာကို ခံစားရပါလိမ့်မယ်။
တကယ်လို့ သင့်ခန္တာကိုယ်မှာ Dehydration ဖြစ်နေပြီဆိုရင် အောက်ပါ ရောဂါ လက္ခဏာတွေ ပြသမှာပါ။
- ရေအလွန်ဆာခြင်း
- မူးဝေခြင်း
- ရင်တုန်ခြင်း
- ဆီးနည်းလာခြင်း
- အာခေါင်ခြောက်ခြင်း
- ဆီးအရောင်ရင့်ခြင်း
- ကြွက်သားများအားနည်းခြင်း
- အရေပြားခြောက်သွေ့ခြင်း စတာတွေဖြစ်ပါတယ်။
- အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။
ဆီးချိုသမား၊ ရေဓာတ်ဆုံးရှုံးတဲ့အခါ
ရေဓာတ်ဆုံးရှုံးမှုဟာ မွေးကင်းစ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များလေ့ရှိပေမယ့် ဆီးချိုဝေဒနာသည်တွေမှာလည်း အဖြစ်များတာကို မေ့မထားသင့်ပါဘူး။ နောက်ပြီး ဆီးချိုရောဂါရှိသူတွေ ရေဓာတ်ဆုံးရှုံးမှုများရင် အလွန်အန္တရာယ်များလှပါတယ်။
ဆီးချိုဝေဒနာခံစားနေရပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေ၊ ကိုယ်ကာယကို အားပြုပြီး အလုပ်လုပ်ကိုင်သူတွေ၊ ကျောက်ကပ်ရောဂါရှိသူနဲ့ အရက်စွဲသူတွေဟာ Dehydration မဖြစ်အောင်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။
အကြောင်းကတော့ ရေဓာတ်ဆုံးရှုံးမှုနဲ့ ဆီးချိုတို့ ပေါင်းစပ်မိပြီဆိုရင် အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးမှုကို ဦးတည်သွားတတ်တာကြောင့်ပါ။ Journal Diabetologia ရဲ့ ဖော်ပြချက်တွေအရ ရေဓာတ်ဆုံးရှုံးမှုကြောင့် ဆီးချိုဝေဒနာပိုမိုဆိုးရွားလာမယ်ဆိုရင် ပုံမှန်ထက် ၂.၄ နှစ်ကနေ ၄ နှစ်အထိ ပိုမိုစောလျင်စွာ သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဆီးချိုဝေဒနာသည် ၅ ဦးမှာ ၁ ဦးနှုန်းဟာ ရေဓာတ်ဆုံးရှုံးမှုနဲ့ဆက်နွယ်ပြီး အသက်ဆုံးရှုံးနေရတာဖြစ်ပါတယ်။ ဒီနှစ်ခုပေါင်းစပ်မိသွားတာဟာ အလွန်အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ပြဿနာဖြစ်တယ်လို့ ရေဓာတ်ဆုံးရှုံးမှုမဖြစ်အောင် သတိပြုနေထိုင်ဖို့ အကြံပြုပါရစေ။
ရေးသားသူ - ရဲဇွန်အောင်