အသည်းထဲက အဆီများ
ခန္ဓာကိုယ်မှာ အဆီတွေများလာတာဟာ မကောင်းတဲ့ လက္ခဏာပါ။ အသည်းထဲမှာ အဆီရှိရင်တော့ အသည်းအဆီဖုံးရောဂါလို့ ပြောကြပြီး လွယ်လွယ်ပြောရရင် အသည်းထဲမှာ အဆီတွေအများကြီး စုလာတာပေါ့။ အသည်းအဆီဖုံးရောဂါ ဖြစ်ရင် ကောင်းသလား ဆိုတော့ မကောင်းတာ အသေအချာပါပဲ။
ဘာတွေမကောင်းသလဲ....
အဆီဖုံးနေတဲ့ အသည်းရဲ့ ဧရိယာမှာရှိတဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေဟာ တဖြည်းဖြည်း ပျက်စီးသွားပြီး ပုံမှန်လုပ်ငန်း မလုပ်နိုင်တော့ဘဲ ကြာလာရင် အသည်းခြောက်တာ၊ အသည်းကင်ဆာရောဂါ ဖြစ်တာအထိ ဖြစ်နိုင်ပါတယ်။
အသည်းအဆီဖုံးခြင်း၏ ရောဂါလက္ခဏာတွေကတော့
လက်ဖဝါးများ နီရဲနေတာ
ယောကျ်ားတွေမှာ မိန်းကလေးတွေလို နို့စူနေတာ
ရေဖျဥ်းစွဲတာ
ခန္ဓာကိုယ် အတွင်းအပြင် သွေးယိုစီးတာ (သွေးအန်၊ သွေးဝမ်းသွားတာ၊ ထိခိုက်ဒဏ်ရာရရင် သွေးမတိတ်တာ)
ဘေလုံးကြီးတာ
အပြုအမူနဲ့ သတိတွေ မူမမှန်တော့တာ
အသည်းပျက်စီးသွားတာ အထိ ဖြစ်နိုင်ပါတယ်။
အသည်းအဆီဖုံးခြင်းဟာ အမျိုးအစား ၂ မျိုး ရှိပါတယ်။ အရက်ကြောင့် ဖြစ်သော အသည်းအဆီဖုံးခြင်းနဲ့ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်းပါ။
အရက်ကြောင့် ဖြစ်တဲ့ အသည်းအဆီဖုံးခြင်းဟာ အသည်းရောင်ခြင်းနဲ့ တွဲတွေ့ရတတ်ပြီး ရောဂါလက္ခဏာ ပြင်းထန်လေ့ရှိပါတယ်။ အသည်းအဆီဖုံးခြင်း လက္ခဏာတွေအပြင် အသည်းရောင်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့
ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်း အောင့်တာ
အသားဝါ ဆီးဝါတာ
ဖျားတာ အန်တာ တို့ပါ အတူတွဲ ဖြစ်တတ်ပါတယ်။
အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းမှာတော့ ရိုးရိုးအသည်းအဆီဖုံးခြင်း (Simple Fatty Liver) နဲ့ အသည်းဆဲလ်များ ရောင်ယမ်းပျက်စီးသော အသည်းအဆီဖုံးခြင်း ( Non Alcoholic Steatohepatitis - NASH) ဆိုပြီး ၂ မျိုး ရှိပါတယ်။
ရိုးရိုးအသည်းအဆီဖုံးခြင်းဟာ ပင်ပန်းနွမ်းနယ်နေယုံကလွဲလို့ လက္ခဏာကြီးကြီးမားမား ပြလေ့မရှိပါဘူး။
အသည်းဆဲလ်များ ရောင်ယမ်းပျက်စီးသော အသည်းအဆီဖုံးခြင်းမှာတော့ အထက်မှာ ပြောထားတဲ့ လက္ခဏာတွေအပြင် အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်တာအထိ ဖြစ်နိုင်ခြေ ရှိတာပါ။
ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာလဲ??
အရက်ကြောင့် ဖြစ်တဲ့ အသည်းအဆီဖုံးခြင်းမှာ အရက်အလွန်အကျွံသောက်တာ နဲ့အတူ
အဝလွန်တာ
အာဟာရချို့တဲ့တာ
နာတာရှည် အသည်းရောင်ပိုး ရှိတာ (အထူးသဖြင့် စီပိုး)
မျိုးရိုးဗီဇပါတာ
အသက်အရွယ် ရလာတာတွေကြောင့် အဖြစ်များပါတယ်။
အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့
မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်တာ
အဝလွန်တာ
အာဟာရချို့တဲ့တာ
ကိုယ်အလေးချိန် ရုတ်တရက် များစွာကျသွားတာ
အမျိုးအစား - ၂ ဆီးချိုရောဂါရှိတာ
သွေးထဲမှာ Triglycerides နဲ့ LDL လို့ခေါ်တဲ့ အဆီတွေများနေပြီး HDL လို့ခေါ်တဲ့ အဆီတွေ နည်းနေတာ
Hypothyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တာ
Hypopituitarism လို့ခေါ်တဲ့ ပီကျူထရီ ဂလင်းအလုပ်မလုပ်တာ
အသည်းကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ
ဆေးတွေ၊ တိုင်းရင်းဆေးတွေကို အလွယ်တကူသောက်တာ တွေ ပါဝင်ပါတယ်။
အသည်းအဆီဖုံးရင် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုကုသရမလဲ ဆိုတာကိုတော့ နောက်တစ်ခေါက်ကျ ပြောပြပေးသွားပါမယ်။
အသည်းအဆီဖုံးတယ်လို့ သံသယရှိရင် နားလည်တတ်ကျွမ်းတဲ့ အသည်းဆရာဝန်နဲ့ ပြသတိုင်ပင် စစ်ဆေးပြီး ကုသမှု ခံယူဖို့ အကြံပေးပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။