မျက်နှာလှလှလေးပေါ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့အရာတွေ
လှပကြည်လင်နေတဲ့ မျက်နှာလေးကို ကျားမမရွေး လိုချင်ကြမှာပါ။ မျက်နှာမှာ ဝက်ခြံတွေ၊ အဖုတွေ၊ အမာရွတ်တွေပြည့်နေပြီး အသားအရေက ညစ်နေရင် လူတွေကြားထဲမှာ မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေနိုင်ပါတယ်။
ဒါကြောင့်လည်း မျက်နှာလေးလှအောင်၊ အစက်အပျောက်ကင်းပြီး ကြည်လင်စိုပြေအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ မလုပ်သင့်တာတွေ လုပ်မိပြီး မျက်နှာအသားအရေ ပိုပြီးပျက်စီးသွားတာမျိုး ကြုံးဖူးကြမယ်ထင်ပါတယ်။
ဒါကြောင့် မျက်နှာအသားအရေကို ဘယ်တော့မှ မလုပ်သင့်တဲ့ အရာတွေကို ပြောပြပေးမယ်နော်။
1. ဝက်ခြံ၊ အဆီဖုတွေကို ဘယ်တော့မှ မညှစ်ပါနဲ့....
ဒါကတော့ လိုက်နာဖို့ တော်တော်ခက်ခဲမယ်ထင်ပါတယ်။ ဝက်ခြံမြင်ရင်၊ စမ်းမိရင် လက်က ညှစ်ချင်တာကိုး။ ဝက်ခြံကို ညှစ်လိုက်တဲ့အခါ အရေပြားက အကာအကွယ်မဲ့သွားတာကြောင့် ပိုးဝင်နိုင်တာ၊ ရောင်ရမ်းလာတာနဲ့ ရုပ်ဆိုးဆိုးအမာရွတ်တွေ ရလာတာအပြင် ဘာမှမရှိပါဘူး။ အသားအရေကို ပိုမိုပျက်စီးသွားစေနိုင်တဲ့ အတွက် ဝက်ခြံတွေပေါက်လို့ နေရခက်ရင် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
2. နေရောင်ကာခရင်မ် (Sunscreen) မလိမ်းဘဲ အပြင်ကို ဘယ်တော့မှ မထွက်ပါနဲ့....
Sunscreen က အိမ်ပြင်ထွက်မှ၊ နေရောင်ထဲထွက်မှ၊ ကမ်းခြေသွားမှ လိမ်းရတာမဟုတ်ဘဲ နေ့တိုင်း လိမ်းကိုလိမ်းသင့်တဲ့ အရာပါ။ Sunscreen မလိမ်းတဲ့အခါ နေရောင်ထဲမှာပါတဲ့ UV ray တွေကြောင့် အရေးပြာကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသလို အမဲစက်နဲ့ တင်းတိပ်လို နေလောင်ကွက်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ နေရောင်က ခန္ဓာကိုယ်ထဲက ကော်လဂျင်တွေကိုလည်း ဆုံးရှုံးစေလို့ အသားအရေ လျော့တွဲတာ၊ အရေးအကြောင်းတွေပေါ်လာတာလည်း ဖြစ်စေလို့ နေပူထဲထွက်ရင် အင်္ကျီလက်ရှည်၊ ဘောင်းဘီစကပ်ရှည်၊ ထမီဝတ်တာ၊ Sunscreen လိမ်းတာမျိုးအပြင် အရမ်းပူတဲ့ အချိန်တွေမှာ တတ်နိုင်သမျှ အပြင်မထွက်တာက အကောင်းဆုံးပါ။
3. သံပရာရည်၊ သံပရိုရည်ကို မျက်နှာပေါ် မလိမ်းပါနဲ့....
သံပရာ၊သံပရိုရည်တွေမှာ Antioxidants တွေပါဝင်ပြီး ပိုးသေစေတဲ့ သတ္တိလည်းရှိ၊ အသားအရေကိုလည်း တင်းရင်းစေတယ်လို့ ယူဆပြီး ဝက်ခြံပေါက်နေတဲ့ မျက်နှာပေါ်လိမ်းတတ်ကြပါတယ်။ ဒါပေမယ့် သံပရာ၊ သံပရိုရည်တွေဟာ phototoxic ဖြစ်တတ်လို့ အထူးသဖြင့် နေရောင်နဲ့တွေ့ရင် အရည်ကြည်ဖုတွေထလာတာမျိုး၊ လနဲ့ချီပြီး မပျောက်တဲ့ အသားအရောင်ပြောင်းတာမျိုးတွေ ဖြစ်တတ်လို့ အသားအရေပေါ် တိုက်ရိုက်မလိမ်းတာက အကောင်းဆုံးပါ။
4. တက်တူးထိုးတဲ့အခါ အဖြူရောင်မှင် ဘယ်တော့မှ မသုံးပါနဲ့....
မျက်နှာပေါ် တက်တူးထိုးတာကတော့ အရမ်းရှားမှာပါ။ အကယ်၍ ထိုးဖြစ်ခဲ့ရင် အဖြူရောင်မှင်တွေဟာ လေဆာနဲ့ ပြန်ဖျက်ဖို့ ခက်ခဲတတ်ပြီး လေဆာနဲ့တွေ့ရင် အနက်ရောင်ကိုတောင် ပြောင်းသွားတတ်လို့ ရှောင်သင့်ပါတယ်။ လေဆာနဲ့ ပြန်ဖျက်ဖို့ ခက်တဲ့ နောက်ထပ်အရောင်တွေကအစိမ်းနဲ့ အဝါရောင်ပါ။
5. ပါဝင်ပစ္စည်း (Ingredients) မဖော်ပြထားတဲ့ အလှကုန်တွေ ဘယ်တော့မှ မသုံးပါနဲ့....
မျက်နှာအသားအရေဟာ နူးညံ့ပြီး ထိခိုက်လွယ်တာမို့ ကိုယ်သုံးမယ့် အလှကုန်မှာ ဘာတွေပါသလဲဆိုတာ သိထားရပါမယ်။ ကိုယ်နဲ့ ဓာတ်မတည့်တာတွေ ပါနေရင် ရှောင်နိုင်အောင်၊ ဓာတ်မတည့်တာအသစ် ဖြစ်လာရင်လည်း ဘာနဲ့မတည့်တာလဲဆိုတာ သိရအောင် ပါဝင်ပစ္စည်းကို အမြဲကြည့်ပါ။
6. အိမ်တွင်းအသားအရေထိန်သိမ်းနည်း(DIY) တွေ အလွန်အကျွံ မလုပ်ပါနဲ့...
Online ပေါ်ကနေ သဘာဝပစ္စည်းတွေနဲ့ အသားအရေ ထိန်းသိမ်းနည်းတွေ မျိုးစုံတွေ့နေရမှာပါ။ တချို့နည်းလမ်းတွေနဲ့ ပစ္စည်းတွေဟာ အသားအရေကို ကောင်းမလာတဲ့အပြင် ပိုမိုဆိုးရွားသွားစေတာ၊ မိမိနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်တာမို့ အလွန်အကျွံ မလုပ်ဖို့ သတိပေးပါရစေ။
7. မျက်နှာကို မဆိတ်ပါနဲ့၊ မဆွပါနဲ့....
အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ ဝက်ခြံညှစ်တာအပြင် ဝက်ခြံ၊ ဆားဝက်ခြံ၊ အဆီဖု နဲ့ တခြားအရေပြား ပြဿနာတွေကို ကုတ်ခြစ်တာ၊ ဆိတ်တာမျိုးဟာ ရောင်ရမ်းပိုးဝင်တာအပြင် ပျောက်ဖို့ခက်ခဲလှတဲ့ အမဲစက် အမာရွတ်တွေကို ဖြစ်စေတာမို့ မှန်ရှေ့ထိုင်ပြီး မျက်နှာကို ဆွနေတာမျိုး မလုပ်ရဘူးနော်။
8. မှဲ့အသစ်တွေ ပေါ်လာရင် ဂရုမစိုက်ဘဲ မနေပါနဲ့....
မှဲ့အသစ်တွေဟာ ဝက်ခြံအမာရွတ်၊ နေလောင်တဲ့ အမဲစက်တွေဖြစ်နိုင်သလို မှဲ့ကင်ဆာ၊ အရေးပြားကင်ဆာရဲ့ အစလည်း ဖြစ်နိုင်တာမို့ မှဲ့အရွယ်အစားကြီးလာသလား၊ အရောင်ပြောင်းလာသလား၊ အနားသတ်တွေမညီမညာဖြစ်လာသလား စသဖြင့် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
9. Cleansing အလွန်အကျွံ မလုပ်ပါနဲ့....
တစ်နေ့ကို ၂ ကြိမ် မျက်နှာသစ်ရင် လုံလောက်ပါတယ်။ ဆပ်ပြာတွေ၊ Cleansing gel တွေ Oilတွေ အလွန်အကျွံသုံးရင် အရေပြားကိုကာကွယ်ထားတဲ့အလွှာ (Skin barrier) ပျက်စီးပြီး အရေပြားပြဿနာတွေ ပိုဖြစ်မှာပါ။
10. ရက်လွန်နေတဲ့ အလှကုန်တွေ မသုံးပါနဲ့....
ဝယ်ရင် Expired date ကြည့်ပြီးမှ ဝယ်ပါ။ ရက်လွန်နေတဲ့ အလှကုန်တွေက ကောင်းကျိုးမရတော့တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်တာမို့ မသုံးတာက အကောင်းဆုံးပါ။
11. မျက်နှာပေါ် ချွန်ထက်တဲ့ အရာတွေ မသုံးပါနဲ့....
မှည့်နေတဲ့ဝက်ခြံကို ဖောက်ဖို့ အပ်တွေဘာတွေ သုံးတဲ့အခါ မသန့်ရင် ပိုးဝင်ရောင်ရမ်းတာ၊ အမာရွတ်ဖြစ်တာအပြင် မေးခိုင်ပိုးဝင်ပြီး အသက်အန္တရာယ်ထိဖြစ်နိုင်တာ၊ တခြားသူတွေနဲ့ မျှပြီးသုံးရာက ရောဂါပိုးတွေ ကူးနိုင်တာတွေကြောင့် မလုပ်သင့်ပါဘူး။
အခုဆိုရင် မျက်နှာကို ဘယ်တော့မှ မလုပ်သင့်တဲ့ အရာတွေကို သိပြီမို့ မနေနိုင်လို့ လုပ်မိရင်ပဲ ဖြစ်ဖြစ်၊ အသားအရေ ပြဿနာတွေ ရှိလာရင်ပဲ ဖြစ်ဖြစ် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူခြင်းဖြင့် ကြည်လင်လှပတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်