ကိုယ်ဝန်ရနိုင်ခြေအကြောင်း ဂျင်းစကားများ
အိမ်ထောင်တစ်ခု အခြေတည်ပြီး လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် သားသမီးရတနာလေး ဖန်တီးနိုင်ဖို့ မျှော်လင့်တတ်ကြတာ သဘာဝပါပဲ။ တစ်ချို့တစ်လေသာ အခြေအနေအရ ကိုယ်ဝန်မရတာ၊ ကိုယ်ဝန်မယူသေးတာကလွဲရင် အိမ်ထောင်သည်အားလုံးနီးပါးကတော့ ရင်သွေးလိုချင်တတ်ကြပါတယ်။
ဒီလိုမျိုး ရင်သွေးရလိုစိတ် ငယ်ထိပ်ရောက်နေတတ်တဲ့ အိမ်ထောင်ရှင်တွေအကြားမှာ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး မှားယွင်းမှတ်ယူမိထားတဲ့ ယုံတမ်းစကား (Myths) တစ်နည်းပြောရရင် ဂျင်းစကားတွေကလည်း အများသားလို့ ဆိုရမယ်။ ဒီလိုဂျင်းစကားတွေဟာ ပဋိသန္ဓေ ရယူရာမှာပဲဖြစ်ဖြစ် ပဋိသန္ဓေတားဆီးရာမှာပဲဖြစ် သက်ရောက်မှုတွေရှိနေတာမို့ သတိထားဆင်ခြင်နိုင်စေခြင်းအလို့ငါ ရှင်းပြပေးချင်ပါတယ်။ ဒီလိုယုံတမ်းအမှားတွေကြောင့် ကျန်းမာရေးအတွက်သာမက ဘဝရှင်သန်ရပ်တည်မှုမှာပါ လမ်းကြောင်းအတိမ်းအစောင်း ဖြစ်သွားစေနိုင်တယ်မဟုတ်လား။
ဒါကြောင့် ကိုယ်ဝန်ရနိုင်ခြေနဲ့ပတ်သက်ပြီး လူပြောများတဲ့ ယုံတမ်းစကားအမှားတွေကို ပြောပြပေးသွားပါမယ်။
Myths - “အမျိုးသမီးတစ်ယောက်ရဲ့ ပထမဆုံးအတွေ့အကြုံဟာ ကိုယ်ဝန်ရနိုင်ခြေအများဆုံး” ဆိုတဲ့အချက်
အကာအကွယ်မရှိပဲ လိင်ဆက်ဆံမယ်ဆိုရင် ဘယ်နှစ်ကြိမ်မြောက်မှာဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ခြေက အတူတူပါပဲ။
Myths - “လိင်ဆက်ဆံပြီး ရေချိုးတာ၊ ဆီးသွားလိုက်ရင် ကိုယ်ဝန်ရနိုင်ခြေနည်းသွားနိုင်တယ်” ဆိုတဲ့အချက်
မှားပါတယ်။ ရေချိုးတာက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကိုသာ သန့်စင်ပေးနိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အတွင်းပိုင်းအထိ မသန့်စင်ပေးနိုင်ပါဘူး။ ဆီးသွားခြင်းကလည်း သုက်ပိုးတွေကို မဖယ်ရှားပေးနိုင်ပါဘူး။
Myths – “မပြီးခင်ကြိုထွက်တဲ့ သုက်ကြောင့် ကိုယ်ဝန်မရနိုင်ဘူး” ဆိုတဲ့အချက်
မှားယွင်းတဲ့ ဂျင်းစကားတစ်ခုလို့ ဆိုရပါမယ်။ လိင်မှုကိစ္စမပြီးခင် စိတ်လှုပ်ရှားမှုကြောင့် ထွက်လာတဲ့ သုက်မှာလည်း သုက်ပိုးလေးတွေ ပါဝင်နေတတ်ပြီး ၎င်းတို့ကြောင့် ကိုယ်ဝန်ရနိုင်ပါတယ်။ လေ့လာချက်တွေအရ အမျိုးသား ၄၀% လောက်ဟာ Pre-ejaculate ဖြစ်တတ်ပါတယ်။
Myths – “ရာသီသွေးဆင်းနေချိန် လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး” ဆိုတဲ့အချက်
၁၀၀% သေချာပေါက် ကိုယ်ဝန်မရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာသာ ဖြစ်ပါတယ်။
Myths - “စအိုဝနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး” ဆိုတဲ့အချက်
ဒါတော့ မှန်မှာပဲလို့ ယတိပြတ်မတွေးပါနဲ့။ ဖြစ်နိုင်ခြေ အနည်းငယ်ရှိတယ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံရာမှာ သုက်ရည်တွေ စအိုဝကနေ မအင်္ဂါထဲကို မတော်တဆဝင်နိုင်တာကြောင့် ကိုယ့်ဝန်ရနိုင်ခြေ အနည်းငယ်ရှိတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။
Myths - “သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်ရနိုင်တယ်” ဆိုတဲ့အချက်
ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မျိုးမှာ သုက်ရည်မျိုချမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ မျိုချလိုက်တဲ့သုက်ရည်ဟာ အစာအိမ်ထဲမှာ ခြေဖျက်ခံရမှာပါ။
Myths – “ကိုယ်ဝန်ရနေစဉ် လိင်ဆက်ဆံရင် နောက်ထပ် ကိုယ်ဝန်ထပ်မရနိုင်ဘူး” ဆိုတဲ့အချက်
မှန်သလိုလိုနဲ့ မမှန်တဲ့ထဲမှာ ဒီကိစ္စလည်းပါနေပါတယ်။ တကယ်တော့ ကိုယ်ဝန်ရှိနေချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်နောက်ထပ်ထပ်ရနိုင်ခြေရှိပြီးတော့ ဖြစ်နိုင်ခြေနည်းပါးတာပဲရှိတာပါ။
Myths - “မီးဖွားပြီးခါစ/နို့တိုက်မိခင်ဖြစ်နေတာမို့ ကိုယ်ဝန်မရနိုင်ဘူး” ဆိုတဲ့အချက်
မီးဖွားပြီး ပထမ ၃ လ အတွင်းမှာ လိင်ဆက်ဆံမိရင် နောက်ထပ် ကိုယ်ဝန်ရနိုင်ခြေ နည်းပါးပေမယ့် အဲဒီနောက်ပိုင်းကာလတွေမှာတော့ ကိုယ်ဝန်ပြန်ရနိုင်ခြေက ပုံမှန်ပါပဲ။
Myths – “အမျိုးသမီးဘက်က အထွတ်အထိပ်မရောက်ရင် ကိုယ်ဝန်မရနိုင်ဘူး” ဆိုတဲ့အချက်
လိင်ဆန္ဒအထွတ်အထိပ်ရောက်တာနဲ့ ကိုယ်ဝန်ရတာနဲ့က ဆက်စပ်မှုမရှိပါဘူး။ ထိုးသွင်းဆက်ဆံပြီး မိန်းမအင်္ဂါထဲမှာ အမျိုးသားဘက်က ကိစ္စပြီးခဲ့မယ်ဆိုတာနဲ့ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။
Myths - “လိင်ဆက်ဆံပြီး မအင်္ဂါကိုဆေးကျောပစ်ရင် ကိုယ်ဝန်မရနိုင်ဘူး” ဆိုတဲ့အချက်
ကိုယ်ဝန်မရချင်တဲ့ လူတချို့က ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ ပြဿနာက သုက်ပိုးက သူတို့ထင်ထာထက် ပိုမိုလျှင်မြန်တဲ့ အကောင်လေးတွေ ဖြစ်နေတာပါပဲ။ ဆက်ဆံလို့ပြီးပြီးချင်းမှာ ဆေးကျောပစ်မယ်ဆိုရင်တောင်မှ မမှီနိုင်သလို သုက်တွေအားလုံးကိုလည်း ဖယ်ရှားနိုင်မှာမဟုတ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။
Myths - “သားဥကြွေချိန်က တစ်ရက်တည်းပဲ ကိုယ်ဝန်ရနိုင်ခြေရှိတယ်” ဆိုတဲ့အချက်
အမျိုးသမီးတွေရဲ့ အဓိကသားဥကြွေချိန်က တစ်လမှာ တစ်ရက်တည်းဆိုတာမှန်ပေမယ့် သုက်ပိုးက ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်တာရယ်၊ သားဥကြွေတဲ့ရက်ကလည်း တစ်လနဲ့တစ်လ မတူညီတာရယ်ကြောင့် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။
Myths - “လိင်ဆက်ဆံပုံပေါ်မူတည်ပြီး ကိုယ်ဝန်ရနိုင်ခြေ ကွာတယ်” ဆိုတဲ့အချက်
မတ်တပ်ရက် လိင်ဆက်ဆံတာမျိုး၊ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံတာမျိုးတွေကြောင့် ကိုယ်ဝန်မရနိုင်ဘူးဆိုတာက မှားပါတယ်။ မိန်းမကိုယ်အတွင်းမှာ သုက်ပိုးကျန်ခဲ့မယ်ဆိုရင် ဘယ်လိုဆက်ဆံပုံနဲ့ပဲဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေနဲ့သက်ဆိုင်တဲ့ ယုံတမ်းစကား အမှားတွေအကြောင်းကို သိသွားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီစာကိုဖတ်ရှုပြီး ကိုယ်ဝန်ယူဖို့ တွေးနေသူတွေရော၊ လက်တလောမှာ ကလေးယူဖို့ အစီအစဉ်မရှိသေးသူတွေပါ အကျိုးရှိသွားဖို့ မျှော်လင့်မိပါတယ်။
ရေးသားသူ - ရဲဇွန်အောင်