ကပ္ပါယ်အိတ်ကြီးနေတယ်ဆိုရင်
ဒီကိစ္စဟာ အမျိုးသားများအတွက် ကသိကအောင့်နဲ့ နေရထိုင်ရခက်ပြီး ဖွင့်ပြောတိုင်ပင်ရန်လည်း ဝန်လေးရတဲ့ပြဿနာဖြစ်ပါတယ်။ ကပ္ပါယ်အိတ်ဆိုတာ ဝှေးစေ့ရဲ့အိမ်ဖြစ်ပါတယ်။ ဘဲဥပုံသဏ္ဍာန်ဝှေးစေ့တွေဟာ တစ်အိတ်စီထဲမှာ အညှာနဲ့ချိတ်တွဲထားပြီး သူ့သွေးကြော၊ ပြန်ရည်ကြောတွေနဲ့ အတူရှိနေပါတယ်။
ဘာကြောင့် အရေးကြီးတဲ့ မျိုးပွားအင်္ဂါတစ်ခုဟာ ဗိုက်ထဲမှာလုံခြုံစွာရှိမနေရသလဲ?
အကြောင်းရင်းက ဝှေးစေ့က ကိုယ်တွင်းအပူချိန်ကို မခံနိုင်ဘဲ အအေးကြိုက်လို့ ဖြစ်ပါတယ်။ သန္ဓေသားဘဝမှာတုန်းက ဝှေးစေ့ဟာ ဝမ်းဗိုက်ထဲမှာစဖြစ်လာပြီးနောက် ကပ္ပါယ်အိတ်ထဲကို လမ်းကြောင်းလေးအတိုင်း ဆင်းလာပါတယ်။ အကယ်၍များ ဝှေးစေ့တစ်လုံးဟာ ကပ္ပါယ်အိတ်ထဲထိဆင်းမလာဘဲ ဗိုက်ထဲမှာ၊ လမ်းမှာ ရပ်ကျန်နေခဲ့ရင် ကင်ဆာဖြစ်နိုင်ခြေ အလွန်များပါတယ်။
ကပ္ပါယ်အိတ်ကို ထိခိုက်ဒဏ်ရာရခြင်း၊ အရည်စုခြင်းနဲ့ ဝှေးစေ့ပြဿနာတွေမှာ ကပ္ပါယ်အိတ်ကြီးလာနိုင်ပါတယ်။ ရုတ်တရက်ချက်ချင်းကြီးလာတာလည်းရှိသလို တဖြည်းဖြည်းကြီးလာတာလည်းရှိပါတယ်။
- ကပ္ပါယ်အိတ်တွင်းအရည်စုခြင်း
- အူကျခြင်း
- ကပ္ပါယ်အိတ်တွင်းသွေးပြန်ကြောဖောင်းတွန့်ခြင်း
- ဝှေးစေ့နှင့် ဝှေးစေ့အတက်ယောင်ရမ်းခြင်း
- ဝှေးစေ့အညှာလိမ်ခြင်း
- ထိခိုက်ဒဏ်ရာရခြင်း
- ဝှေးစေ့ကင်ဆာ
- ကပ္ပါယ်အိတ်အရေပြားတွင် ပိုးဝင်ခြင်း၊ ယောင်ရမ်းခြင်း
- နှလုံးအားနည်းခြင်းရောဂါများမှာ ကပ္ပါယ်အိတ်ကြီးစေပါတယ်။
ကပ္ပါယ်အိတ်ပြဿနာမှာ ကြီးတာအပြင် အခြားရောဂါလက္ခဏာများ မရှိတတ်ပါဘူး။ နာကျင်တာရှိသလို မနာကျင်တာလည်းရှိပါတယ်။ နာကျင်မှု ရှိရင်တော့ အထဲရှိဝှေးစေ့ကိုထိခိုက်နိုင်ခြေရှိလို့ မပေါ့ဆသင့်ပါဘူး။
ကပ္ပါယ်အိတ်တွင်းအရည်စုခြင်း
ကပ္ပါယ်အိတ်အတွင်း အရည်ကြည်များ တဖြည်းဖြည်းစုလာတာဖြစ်တတ်ပါတယ်။ အကြောင်းရင်းမရှိပေမယ့် တစ်ခါတစ်လေလည်း ထိခိုက်မိခြင်း၊ ပိုးဝင်ယောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ နာကျင်မှုလုံးဝမရှိပါဘူး။ အရွယ်သေးသေးလေးကနေ ပေါင်လယ်လောက်ထိရောက်အောင်ကြီးတတ်ပါတယ်။ အရမ်းမကြီးလာဘဲ အခြားပြဿနာများလည်း မရှိရင်တော့ ကုသမှု အထွေအထူးမလိုအပ်ပါဘူး။ ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားလုပ်ချိန်မှာ မထိခိုက်မိအောင် ကာကွယ်ထားနိုင်ပါတယ်။ အနှောက်အယှက်ဖြစ်လောက်အောင် ဖြစ်လာရင်တော့ ခွဲစိတ်ကုသမှု ခံယူနိုင်ပါတယ်။
အူကျခြင်း
ဗိုက်ထဲရှိအူတွေဟာ ဝှေးစေ့ဆင်းလာခဲ့တဲ့လမ်းကြောင်းအတိုင်း ကပ္ပါယ်အိတ်ထဲကို လိုက်ဆင်းလာတာဖြစ်ပါတယ်။ အသက်ကြီးသူများမှာ ကြွက်သားတွေအားနည်းလာတဲ့အတွက် ပိုဖြစ်ပါတယ်။ ကပ္ပါယ်အိတ်နှင့် ပေါင်ခြံတလျှောက်ဖောင်းနေပြီး ချောင်းဆိုးကြည့်ရင် ပိုဖောင်းလာပါတယ်။ နာကျင်မှုမရှိ၊ ဝင်လိုက်ထွက်လိုက်နဲ့ မိမိဘာသာ အပေါ်ကိုပင့်တင်ပြန်သွင်းရင်လည်း ဝင်သွားတတ်ပါတယ်။ တဖြည်းဖြည်းကြီးလာပြီး ပြန်မဝင်တော့ရင် အိမ်မှာ ရေခဲကပ်တာ၊ ခါးအောက်ပိုင်းကို မြှင့်ထားပြီး လှဲနေခြင်းဖြင့် သူ့ အလိုလို ပြန်လျော့သွားနိုင်ပါတယ်။ ဘယ်လိုမှ ပြန်မဝင်တော့ဘူး၊ အလွန်နာကျင်နေတယ်ဆိုရင်တော့ အဝကျဥ်းလေးထဲမှာ အူတွေညှပ်ပြီး ကြာလာရင် ပုပ်သွားနိုင်တဲ့အတွက် အရေးပေါ်ခွဲစိတ်ရမှာဖြစ်ပါတယ်။
ကပ္ပါယ်အိတ်တွင်းသွေးပြန်ကြောဖောင်းတွန့်ခြင်း
ဝှေးစေ့မှာသွေးပြန်ကြောများပြားစွာရှိပြီး သွေးပြန်ကြောများတွန့်ခြင်း၊ ဖောင်းခြင်း၊ လိမ်ခြင်းဖြစ်ရင် ကပ္ပါယ်အိတ်ကြီးလာစေပါတယ်။ နာကျင်မှူမရှိပါဘူး။ ထိကြည့်ရင် ကပ္ပါယ်အိတ်ထဲမှာ တီကောင်အထွေးလိုက်ရှိနေသလိုဖြစ်တတ်ပါတယ်။ မတ်တပ်ရပ်လိုက်ရင်ပိုသိသာပြီး ဆွဲထားသလိုခံစားရတတ်ပါတယ်။ ကုသမှုမခံယူဘဲကြာလာရင် အချို့သူတွေမှာ သုက်ထုတ်လုပ်နှုန်းကျပြီး မျိုးအောင်နိုင်ခြေနည်းပါတယ်။
ဝှေးစေ့နှင့် ဝှေးစေ့အတက်ယောင်ရမ်းခြင်း
ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဝှေးစေ့ယောင်ရမ်းနိုင်ပါတယ်။ ကလေးတွေနဲ့ လူပျိုဖော်ဝင်စအရွယ်တွေမှာ ပိုဖြစ်ပါတယ်။ အလွန်နာကျင်ခြင်း၊ ဖျားခြင်း၊ ကပ္ပါယ်အိတ်ဖောင်းပြီး ထိကြည့်ရင် ပူနေခြင်းများ ဖြစ်ပါတယ်။ ပိုးသတ်ဆေးများသောက်ခြင်းဖြင့် ကုသနိုင်ပါတယ်။
ဝှေးစေ့အညှာလိမ်ခြင်း
ဝှေးစေ့မှာ ရုတ်တရက် ပြင်းထန်စွာနာကျင်ခြင်း၊ ကပ္ပါယ်အိတ်ဖောင်းလာခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်းများ ဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်များမှာ အဖြစ်များပါတယ်။ အရေးပေါ်အခြေအနေဖြစ်ပါတယ်။ အညှာကလိမ်နေတဲ့အတွက် ဝှေးစေ့ဆီ သွေးစီးဆင်းမှု ပြတ်တောက်သွားပြီး နာရီပိုင်းအတွင်း ပုပ်သွားနိုင်လို့ အချိန်မီခွဲစိတ်ကုသရမှာဖြစ်ပါတယ်။
ဝှေးစေ့ကင်ဆာ
အသက် ၁၅ နှစ်မှ ၅၀ ကြားအမျိုးသားများမှာ ပိုဖြစ်နိုင်ခြေရှိပါတယ်။ အဖြစ်နည်းတဲ့ ကင်ဆာပါ။ နာကျင်မှုမရှိဘဲ ကပ္ပါယ်အိတ်ကြီးလာပြီး ကိုင်ကြည့်ရင်တော့ မာခဲနေပါတယ်။ ကင်ဆာအမျိုးအစားနဲ့ အဆင့် ပေါ်မူတည်ပြီး ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးသွင်းခြင်းများဖြင့် ကုသနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာရခြင်းနှင့် ကပ္ပါယ်အိတ်အရေပြားတွင် ပိုးဝင်ခြင်း၊ ယောင်ရမ်းခြင်းတွေမှာလည်း ကပ္ပါယ်အိတ်အတွင်းသွေးများ၊ အရည်များစုပြီး ကြီးလာတတ်ပါတယ်။
ရောဂါနှင့် ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်နေရင် သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ဖို့ဝန်လေးမနေဘဲ ပွင့်လင်းစွာ ဆွေးနွေးကုသနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာယုမွန်
ကိုဟိန်းကို 11 Feb 2024 |
ဆရာကျွန်တော့်မှာပြီးခဲ့တဲ့၄နှစ်လောက်ကလိင်အဂ်ါကြီးဆေးသုံးဖူးပါတယ်ထိုးဆေးပါ အဲဒါအခုလိင်တံမှာရောဝှေးစေ့ပါတခါတလေယောင်ယောင်နေတယ်ခဗျားအဲဒါဘာတွေဖြစ်နိုင်သလဲ ဘယ်လိုကုသရမလဲဗျ