နှလုံးကျန်းမာအောင် ကင်မ်ချီ စားပါ
ကင်မ်ချီ ကိုရီးယား ဇာတ်လမ်းတွဲတွေနဲ့အတူ မြန်မာပြည်သူတွေကြားကို ရောက်လာခဲ့တဲ့ အစားအစာ တစ်မျိုးပေါ့။ အသားကင်၊ ခေါက်ဆွဲပြုတ် စတာတွေနဲ့ တွဲစားသလို ထမင်းကြော်၊ ထမင်းဖြူ စတာတွေနဲ့လည်း တွဲစားလေ့ရှိကြပါတယ်။ အသားတွေနဲ့ ဟင်းရည်ချက်သောက်တာကလည်း တစ်မျိုး အရသာရှိလှပါတယ်။
ဒီလို စားကောင်းတဲ့ ကိုရီးယား ရိုးရာစားစရာ ကင်မ်ချီက ကျန်းမာရေးအတွက် ကောင်းစေသလား? ဘယ်လို ကောင်းကျိုးတွေ ရနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ကင်မ်ချီ ဆိုရာဝယ်
ကင်မ်ချီ ဆိုတာက မုန်ညှင်းထုတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့ကို အချိုးကျနစွာ ရောစပ်ပြီး အချဉ်စိမ်ထားတဲ့ ကိုးရီးယား ချဉ်ဖတ်ပေါ့။ အစပ်အတွက်တော့ ငရုတ်သီး အစိမ်းမှုန့် ဒါမှမဟုတ် ငရုတ်သီးအနှစ်ကို အသုံးပြုကြပါတယ်။ ချဉ်စပ်စပ်နဲ့ ခံတွင်းတွေ့တဲ့ အရသာမျိုးပါ။
ကင်မ်ချီမှာ ဘာတွေပါ
အကျိုးပြု သက်ရှိဘက်တီးရီးယားလေးတွေ၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေပါတယ်။
နှလုံး ကျန်းမာစေတဲ့ ကင်မ်ချီ
ကင်မ်ချီက သွေးတွင်းအဆီကျစေနိုင်တာကြောင့် သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အင်ဒီအောက်ဆီးဒင့်တွေကလည်း နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ချင်း (ဂျင်း) နဲ့ ငရုတ်သီးပါဝင်မှုကလည်း နှလုံးရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
ဒါတွေအပြင် ကင်မ်ချီ စားပေးတာက
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
ကင်မ်ချီမှာ အကျိုးပြု သက်ရှိဘက်တီးရီးယားလေးတွေ ပါဝင်နေတာကြောင့် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေပြီး အစာကြေစေသလို အူနံရံတွေက အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။
ဝမ်းမှန်စေတယ်
ကင်မ်ချီ စားပေးတာက အမျှင်ဓာတ် ရရှိစေတာကြောင့် ဝမ်းချုပ်တာလိုမျိုး အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအခြေအနေ ကင်းဝေးစေပြီး အူမကြီးကိုလည်း ကျန်းမာစေနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပါတယ်။
သွေးတွင်းအဆီကျစေတယ်
ကင်မ်ချီရဲ့ နောက်ထပ်အာနိသင်ကတော့ သွေးထဲကအဆီကို ကျစေတာပါ။ ကြက်သွန်ဖြူ ပါဝင်နေတာကလည်း မကောင်းတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ဝိတ်ကျစေတယ်
အမျှင်ဓာတ် ကြွယ်ဝတာ အဆီပါဝင်မှု မရှိတာတွေက ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ အများကြီး မစားဖို့တော့ လိုပါမယ်။ အများကြီးစားရင် ဝမ်းပျက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
အရောင်ကျစေတယ်
အကျိုးပြု သက်ရှိဘက်တီးရီးယားလေးတွေ ပါဝင်နေမှုက ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။
မျက်လုံးကျန်းမာစေတယ်
ဗီတာမင် အေ ပါဝင်နေတာက မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ရေးသားသူ - မွန်မွန်