လူကြီးတွေမှာ မျက်စိစွေရတဲ့ အကြောင်းရင်း
မျက်စိစွေတယ်ဆိုတာ မျက်စိတစ်လုံးနဲ့ တစ်လုံးကြည့်တဲ့ ဦးတည်ရာမတူတာကို ခေါ်တာပါ။ တစ်လုံးက ရှေ့တည့်တည့်ကို ကြည့်နေပေမယ့် နောက်တစ်လုံးက ဘေးဘက် ဒါမှမဟုတ် အပေါ်ဘက်၊ အောက်ဘက်တွေကို ဦးတည်နေတာမျိုးပါ။
ပုံမှန်အားဖြင့် မျက်စိရွေ့လျားမှုကို ထိန်းချုပ်ပေးတဲ့ ကြွက်သားခြောက်ခုရှိပါတယ်။ အဲဒီထဲက တစ်ခုက မျက်စိညာဘက်ကို ကြည့်ရန်လုပ်ဆောင်ပေးပြီး နောက်တစ်ခုက ဘယ်ဘက်ကို ကြည့်ရန်လုပ်ဆောင်ကာ ကျန်လေးခုက အပေါ်၊ အောက်နဲ့ ထောင့်ကပ်ကြည့်ရန် လုပ်ဆောင်ပေးပါတယ်။
မျက်စိက ဦးတည်ရာတစ်ခုကို တစ်ညီတစ်ညာတည်း ကြည့်ဖို့အတွက် မျက်စိနှစ်ဖက်လုံးက ကြွက်သားခြောက်ခုက အတူတကွ ဟန်ချက်ညီညီ လုပ်ဆောင်ရပြီး ဦးနှောက်က ထိုကြွက်သားတွေကို ထိန်းချုပ်ပေးပါတယ်။ မျက်စိစွေတာဟာ ထိုကြွက်သားတွေမှာ ပြဿနာတစ်ခုခု ရှိနေလို့ပဲ ဖြစ်ပါတယ်။
မျက်စိစွေတာဟာ မွေးရာပါဖြစ်နိုင်သလို အရွယ်ရောက်မှ မျက်စိစွေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အရွယ်ရောက်မှ ဘာကြောင့်မျက်စိစွေနိုင်သလဲ?
- ဆီးချိုရောဂါရှိတာ
- သိုင်းရွိုက်လည်ပင်းကြီးရောဂါရှိတာ
- ဦးနှောက်အကျိတ်ရှိတာ
- လေဖြတ်တာ
- Myasthesia gravis လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ရောဂါရှိတာ
- မတော်တဆထိခိုက်မိတာ
- မျက်စိခွဲစိတ်ကုသမှုခံယူရင်း ကြွက်သားတွေကို ထိခိုက်မိတာ
- မွေးရာပါပေမယ့် ငယ်စဥ်က မသိသာဘဲ ကြီးလာမှသိသာလာတာ စသဖြင့် အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။
မျက်စိစွေတဲ့သူတွေမှာ အဓိကအနေနဲ့ မျက်စိက ဦးတည်ရာလွဲပြီး တောင်တစ်လုံးမြောက်တစ်လုံးကြည့်နေသလိုမျိုး ဖြစ်ပါတယ်။ ဒါ့အပြင်
- မျက်စိတဝိုက်က ကြွက်သားတွေ အားနည်းသလို၊ လျော့ရဲသလို ခံစားနေရတာ
- နှစ်ထပ်မြင်တာ၊ အမြင်ဝါးတာ
- စာကြည့်ရခက်တာ၊ အကွာအဝေးကို မမှန်းနိုင်တာ
- ခေါင်းကို တစ်ဖက်ကိုစောင်းစောင်းပြီး ကြည့်မှ ရှင်းရှင်းလင်းလင်းမြင်ရသလို ဖြစ်တာတွေလည်း ခံစားရတတ်ပါတယ်။
ဒီလက္ခဏာတွေဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နိုင်သလို တောက်လျောက်ဖြစ်နေတာလည်း ဖြစ်နိုင့ပါတယ်။
ဘယ်လိုကုသမလဲ?
ကုသတဲ့နည်းအမျိုးမျိုးရှိပါတယ်။
- ခွဲစိတ်ကုသတာ…မျက်စိစွေတာဟာ မျက်လုံးကြွက်သားတွေက တင်းတောင့်လွန်းနေတာ သို့မဟုတ် အားနည်းလျော့ရဲနေတာကြောင့် ဖြစ်တဲ့အတွက် ခွဲစိတ်ပြီး ကြွက်သားတွေကို လျော့အောင် သို့မဟုတ် တင်းကျပ်အောင် လိုအပ်သလို ပြုပြင်လိုက်ရင် ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။ ခွဲစိတ်တာဟာ မျက်စိတစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်လုံးခွဲစိတ်ဖို့ လိုအပ်တာ ဖြစ်နိုင်ပါတယ်။
- မျက်စိလေ့ကျင့်ခန်းလုပ်တာ…မျက်စိဆရာဝန်နဲ့ ပြသတဲ့အခါ မျက်စိနှစ်ဖက် က စုစုစည်းစည်းကြည့်လို့ရအောင် လုပ်ရမယ့် လေ့ကျင့်ခန်းတွေ လိုအပ်ရင် သင်ပြပေးပါလိမ့်မယ်။
- မျက်မှန်တပ်တာ…မျက်စိက နှစ်ထပ်မြင်တာနဲ့ မျက်စိစွေတာအတွက် အထူးပြုလုပ်ထားတဲ့ မျက်မှန်တွေတပ်လို့ ရပါတယ်။
- Botox ထိုးတာ…ကြွက်သားတွေတင်းနေလို့ ဖြစ်တဲ့အခါ botox ထိုးလို့ရပါတယ်။ အာနိသင်က ၆ လကနေ တစ်နှစ်လောက်အထိ ခံနိုင်သလို လုံးဝပြန်ကောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။
မျက်စိစွေတာဟာ ကုသလို့မရတဲ့ရောဂါ မဟုတ်လို့ ကုသမှုခံယူဖို့ နှောင့်နေးမနေသင့်ပါဘူး။ မျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူရင် ပုံမှန်လှပတဲ့ မျက်ဝန်းလေးကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်