ပျောက်ဆုံးနေသော ယုံကြည်မှု
ကိုယ့်ကိုကိုယ် အထင်ကြီးလေးစားမှု လျော့ကျနေခြင်းနဲ့ ယုံကြည်မှုပျောက်ဆုံးနေခြင်းဟာ သူတစ်ပါးက ကိုယ့်အပေါ်နဲ့ ကိုယ့်ရဲ့စွမ်းရည်အပေါ်မှာ မြင်တဲ့အမြင်၊ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေ၊ ဘဝအပေါ်အမြင် စတာတွေကို သက်ရောက်နိုင်ပါတယ်။ လူတွေ ကိုယ့်ကိုကိုယ်နဲ့ပတ်သက်တဲ့ ပြောဆိုပုံကို ပြောင်းလဲလိုက်တာဟာ ကိုယ့်ကိုကိုယ်လေးစားသမှုနဲ့ ယုံကြည်မှုတွေကို တိုးတက်လာစေနိုင်ပါတယ်။
လျော့ရဲနေတဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးမှု၊ ပျောက်ဆုံးနေတဲ့ ယုံကြည်မှုတို့ကြောင့် လူအချင်းချင်း ပြောဆိုဆက်ဆံပုံတွေ၊ လုပ်ငန်းခွင်၊ လေ့လာနေတဲ့ ပညာတွေမှာ သာမက ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကိုပါ ဆိုးကျိုးတွေ ရှိလာပါလိမ့်မယ်။
Confidence Vs Self-esteem
Confidence ဆိုတာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ကိုယ့်ရဲ့ အတွေးအခေါ်၊ စိတ်ကူးဉာဏ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ကောင်းကောင်း နားလည်လက်ခံနိုင်တယ်။
National Alliance on Mental Illnessရဲ့အဆိုအရ Self-esteem ဆိုတာ ကိုယ်ဘာတွေလုပ်တယ်၊ ကိုယ်ရဲ့ဖြစ်တည်မှုအပေါ် ဘယ်လို ခံစားရတယ်ဆိုတာကို လေ့လာပုံလို့ ဆိုပါတယ်။ Self-esteem level မြင့်တဲ့သူတစ်ယောက်ဟာ သူတို့ကိုသူတို့ ကောင်းစွာခံစားနိုင်တယ်၊ ကောင်းမွန်တဲ့ အရည်အချင်းကို သိရှိနားလည်တယ်။ ဆန့်ကျင်ဖက်အားဖြင့် Self-esteem နိမ့်ရင် သူတို့မှာ မကောင်းတဲ့အမြင်တွေ လွှမ်းမိုးနေမယ်၊ သူတို့ကို သူတို့ အချစ်မခံထိုက်တာ၊ ပျော်ရွှင်အောင်မြင်တဲ့ ဘဝမရနိုင်တာ စတဲ့ အတွေးတွေနဲ့ပဲ ရစ်ဝဲနေမယ်။
Self -esteem ကို လျော့နည်းစေတဲ့ အကြောင်းအရင်းတွေကတော့ ကလေးဘဝတည်းက အမြစ်တွယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ကောင်းကောင်း အချစ်မခံခဲ့ရတဲ့အခါ၊ ကောင်းကောင်း ဆက်ဆံမခံခဲ့ရတဲ့အခါ ကိုယ့်ရဲ့ထိုက်တန်မှုနဲ့ တန်ဖိုးတွေ မရှိတော့တာ ဖြစ်ပါတယ်။ နာကျင်ထိခိုက်ခံရမှုတွေနဲ့ ကြီးပြင်းလာရတဲ့အခါ ကိုယ့်ကိုကိုယ် အမြဲတစေဝေဖန်နေတတ်ပြီး ကိုယ့်ကိုကိုယ် လေးစားမှုအပြင် ယုံကြည်မှုပါ ပျောက်ရှလာပါတယ်။
Self-esteem နဲ့ confidence တိုးတက်အောင် ဘယ်လိုလုပ်သင့်သလဲ
"ကိုယ့်ကိုကိုယ် ကြင်နာပါ"
- မိမိချစ်ခင်ရသူတွေနဲ့ အပြုသဘောဆောင်တဲ့ စကားတွေ ပြောပါ။ ကိုယ့်ကိုကိုယ်လည်း ပြောပေးပါ။
- သူတစ်ပါးနဲ့ အပြင်မှာဖြစ်ဖြစ်၊ social media မှာဖြစ်ဖြစ် နှိုင်းယှဉ်မနေပါနဲ့။
- အပြုသဘောဆောင်တဲ့ ခံယူချက်တွေနဲ့သာ ကျင်လည်ပါ။
- အမှားမိလည်း အဆင်ပြေပါတယ် ဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။
"မိမိကိုယ်ကို ဂရုစိုက်ပါ။ Self-care ကို လေ့ကျင့်ပါ။"
- ကောင်းကောင်းအိပ်
- အာဟာရ မျှတအောင်စား
- ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပါ။
"အကောင်းကိုပဲ အာရုံစိုက်ဖို့ ကြိုးစားပါ။"
- မိမိရဲ့ အောင်မြင်မှု
- ဒီထပ် ပိုကောင်းတဲ့ရလဒ်ထွက်သင့်တဲ့အရာတွေ
- ရရှိထားတဲ့ ချီးမွမ်းစကားတွေကို သေးသေးဖြစ်ဖြစ်၊ကြီးကြီး ဖြစ်ဖြစ် ချမှတ် သိမ်းဆည်းထားပါ။
- မိမိကို ခံစားချက်ကောင်းစေတဲ့လူတွေ အနားပဲနေပါ။
- သူတစ်ပါး လက်ခံနိုင်အောင် Yes (သို့) No ကို ရဲရဲတင်းတင်း ခိုင်ခိုင်မာမာ ပြောတတ်အောင်ကျင့်ပါ။
- ယုံကြည်မှုရှိပုံပေါ်တဲ့ ပြောဟန်ဆိုဟန်၊ လုပ်ပုံကိုင်ပုံတွေကို သင်ယူမှတ်သားပါ။
- မိမိ ကြိုက်နှစ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ပျော်ရွှင်စွာ လိုက်စားပါ။
- အတတ်ပညာအသစ်ကို စူးစမ်းတာ၊ မတူညီတဲ့လူတွေနဲ့ တွေ့ဆုံတာ၊ အတွေ့အကြုံသစ်တွေ စမ်းသပ်ကြည့်တာတွေ ပြုလုပ်ပါ။
မိမိကိုယ်ကို အထင်မကြီးမှုဟာ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ဓာတ်ကျခြင်း၊ရစိတ်ဖိစီးခြင်းနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားခြင်းတွေနဲ့ ဆက်နွယ်နေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေသူတွေဟာလည်း မသင့်တော်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နေမိကာ မကောင်းသံသရာထဲမှာပဲ လည်ပတ်နေတတ်ပါတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ အထင်ကြီးလေးစားမှုဟာ အချိန်နဲ့အမျှ အတက်အကျရှိတတ်ပါတယ်။ ကာလတာရှည်ခံစားနေရရင်တော့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ စောစောစီးစီး တိုင်ပင်ဆွေးနွေးမှု ခံယူသင့်ပါတယ်။
"လူဘဝကြီးက တိုပါတယ်။ စိတ်ညစ်နေဖို့ မထိုက်တန်ပါဘူး။ ရတဲ့အချိန် ခဏလေးမှာ ပျော်အောင် နေနိုင်ကြပါစေ" လို့ ဆုတောင်းပေးရင်း...
ရေးသားသူ - Dr. May Myat Tun