ဆီးချိုရောဂါကြောင့် ကြွက်သားအရွတ်တွေ ပျက်စီးနိုင်သလား
အကယ်၍ သင့်မှာဆီးချိုရောဂါရှိရင် လှုပ်ရှားသွားလာတဲ့အချိန်တွေမှာ နာနေတတ်ပါတယ်။ ဒါဟာ ကြွက်သားအရွတ် (tendon) တွေမှာ ပြသာနာရှိနေလို့ ဖြစ်ပါတယ်။ သူတို့ဟာ သင့်ရဲ့ ကြွက်သားနဲ့အရိုးတွေကို ချိတ်ဆက်ပေးနေတဲ့ ကြိုးပြားတွေသဖွယ် ရှိနေပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံး(ပခုံး၊ လက်မောင်း၊ လက်ကောက်ဝတ်၊ တင်ပါး၊ ဒူးနဲ့ ခြေချင်းဝတ် )တို့မှာ tendon တွေရှိပါတယ်။ လူတွေ လှုပ်ရှားတဲ့အခါ ဒီကြွက်သားအရွတ်တွေက အားအင်တွေကို ကြွက်သားမှ အရိုးဆီသို့ ပြောင်းရွှေ့ပေးပါတယ်။ ဆီးချိုရောဂါသည်တွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်နေတဲ့အတွက် ကောင်းကောင်းထိန်းညှိမှုမရှိရင် အရွတ်တွေဟာ ထူပြီး ပြဲလွယ်ပါတယ်။
ဆီးချိုရောဂါက အရွတ်တွေကို ဘယ်လိုထိခိုက်စေတာလဲ?
ဆီးချိုရောဂါမှာ Advanced Glycation end products လို့ခေါ်တဲ့ AGE ပစ္စည်းတွေ များစွာဖြစ်လာပါတယ်။ AGE တွေဟာ သွေးထဲက သကြားတွေနဲ့ ပရိုတင်း (သို့) အဆီနဲ့ တွဲထားတဲ့ တွဲစပ်ပစ္စည်းလေးတွေအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒီAGE တွေဟာ ပုံမှန်လူတွေမှာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ နှုန်း ဖြေးဖြေးမှန်မှန်နဲ့ ထုတ်လုပ်တာပါ။ ဆီးချိုသမားတွေမှာတော့ သကြားအစုအဝေးတွေ အများကြီးရှိနေတော့ AGE အမြောက်အမြား ဖြစ်ပေါ်လာပြီး အရွတ်တွေကို ထိခိုက်စေပါတော့တယ်။ အရွတ်တွေမှာ Collagen ပရိုတင်းတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ AGE တွေဟာ collagen တွေကို လိုက်ချိတ်ရင် အရွတ်ရဲ့တည်ဆောက်မှုကို အနှောင့်အယှက်ပေးပါတယ်။ ဒါ့ကြောင့် အရွတ်တွေဟာ ပုံမှန်ထက် ပိုထူလာပြီး အလေးချိန်ကို သိပ်မခံနိုင်ဖြစ်ကုန်ပါတယ်။
ဆီးချိုထိန်းချုပ်မှု မကောင်းရင် ဖြစ်တတ်တဲ့ အရွတ်ပြသာနာများ
Frozen shoulder
ပခုံး အဆစ်မှာရှိတဲ့ ကြွက်သားမျှင်နဲ့ အရွတ်ပြားတွေကို ငုံပေးထားတဲ့အကာ capsule ထူလာတဲ့အခါ တောင့်တင်းပြီး နာကျင်တာတွေ ဖြစ်တတ်ပါတယ်။
Rotator cuff tears
ပခုံးအဆစ်ရဲ့ ကြွက်သား နဲ့ အရွတ်တွေအပြင် supraspinatusဆိုတဲ့ ကျောအပေါ်ပိုင်းရဲ့ကြွက်သားတွေ ပျက်စီးတတ်ပါတယ်။
Trigger finger
သင့်ရဲ့လက်ချောင်းဟာ ကွေးရာမှ ဆန့်လိုက်တဲ့အခါ ခလုတ်ကိုဆွဲလိုက်တဲ့ပုံစံ ဆတ်ခနဲ ဖြစ်သွားတတ်ပါတယ်။
Carpal Tunnel Syndrome
လက်ဖဝါးအတွင်းရှိ အရိုးများကြားထဲမှ ကန့်လန့်ဖြတ်တည်ရှိနေတဲ့ အာရုံကြောကိုဖိမိတဲ့အခါ လက်ကောက်ဝတ်မှာ ထုံကျဉ်တာ၊ အားမရှိတာတွေ ဖြစ်တတ်ပါတယ်။
Dupuytren's contracture
လက်ဝါးရဲ့အရေပြားအောက်ရှိ တစ်ရှူးလ်တွေ ထူပိန်းလာကာ အရွတ်ရဲ့ဆွဲမှုကြောင့် လက်ချောင်းတွေ လက်ဖဝါးဘက်ကို ကွေးလာတတ်ပါတယ်။
အရွတ်တွေ မပျက်စီးအောင် ဘယ်လိုကာကွယ်ရမလဲ?
- အဓိကကတော့ သွေးတွင်းသကြားဓာတ်ကို ကောင်းစွာ ထိန်းညှိရပါမယ်။
- အစားအသောက် မလွန်ကြူးပဲ သင့်တင့်မျှတစွာ စားရပါမယ်။
- လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ရပါမယ်။
- ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးညွှန်းအတိုင်း နေ့စဉ် မပျက်မကွက် သောက်ရပါမယ်။
ကြွက်သားအရွတ်တွေ ပျက်စီးနှင့်ပြီးဆိုရင်တော့အကိုက်အခဲပျောက်ဆေးများ၊ ကြွက်သားပြေလျော့ဆေးများ၊ အရိုးအဆစ် လေ့ကျင့်ခန်းများ၊ ရေခဲကပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ အဆစ်မလည်သွားအောင် မြဲမြံအောင် ဒဏ်ကျက်တဲ့အထိ အစွပ် splint စွပ်ရပါတယ်။
ဆီးချိုရောဂါဟာ နာတာရှည်ရောဂါဖြစ်တဲ့အတွက် ဆီးချိုကျဆေးတွေကိုလည်း မသေမချင်း သောက်သွားရမှာဖြစ်ပါတယ်။ ဆီးချိုထိန်းချုပ်မှုမကောင်းရင် အရွတ်တင်မက အခြားခန္ဓာကိုယ်စနစ်အတော်များများလည်း ထိခိုက်ပျက်စီးစေနိုင်လို့ ဆီးချိုရောဂါရှိနေသည့်တိုင် ကျန်းမာသန်စွမ်းတဲ့ဘဝကို ဖြတ်သန်းနိုင်ဖို့ အနေအထိုင်၊ အစားအသောက် ဆင်ခြင်ဖို့ အကြံပြုရင်း ဆောင်းပါးလေး နိဂုံးချုပ်လိုက်ပါတယ်။
ရေးသားသူ - Dr. May Myat Tun