သွားပွတ်ကြိုး အသုံးပြု၍ ခံတွင်းသန့်ရှင်းရေးလုပ်ခြင်း (Flossing)
မြန်မာနိုင်ငံမှာတော့ သွားပွတ်ကြိုးအသုံးပြုသူတွေ တော်တော်နည်းတယ်ဆိုပေမယ့် နိုင်ငံရပ်ခြားတွေမှာတော့ နည်းစနစ်မှန်ကန်တဲ့ သွားနဲ့ခံတွင်းသန့်ရှင်းရေးစနစ်ထဲမှာ သွားပွတ်ကြိုးသည် မဖြစ်မနေ အသုံးပြုရတဲ့ ကိရိယာအဖြစ် ပါဝင်နေပါတယ်။
ဒါဆို သွားပွတ်ကြိုးဆိုတာ ဘာလဲ။
အဖြူရောင်ချည်မျှင်တစ်ခုဖြစ်ပြီး သွားတိုက်တဲ့အခါ သွားပွတ်တံတွေ မရောက်နိုင်တဲ့ သွားကြားထဲထိပါ သန့်ရှင်းပေးနိုင်ပါတယ်။ အဓိက စားကြွင်းစားကျန်တွေကို သန့်ရှင်းဖယ်ထုတ်ဖို့အတွက် အသုံးပြုရတာဖြစ်ပြီး သွားကြားထိုးတံအသုံးပြုတာထက်စာရင်တော့ ထိခိုက်မှုနည်းတယ်လို့ ဆိုရမှာပါ။
သွားပွတ်ကြိုး ပုံမှန်အသုံးပြုတဲ့အခါ ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်မလဲ။
၁။ သွားချေးများကို ဖယ်ရှားပေးခြင်း
သွားချေးဆိုတာ သွားနဲ့ သွားဖုံးကြားမှာ တက်နေတဲ့ အဝါရောင်အရိအချွဲများဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ခဲသွားကာ သွားချေးကျောက်ဖြစ်လာနိုင်ပါတယ်။ သွားချေးဖြစ်ရခြင်းကတော့ စားကြွင်းစားကျန်များ သွားကြားထဲပိတ်မိရာမှ ဘက်တီးရီးယားပိုးတွေ ပွားလာပါတယ်။ ဒီပိုးတွေဟာ ကိုယ်ထပ်မံစားသုံးလိုက်တဲ့ ကစီဓာတ်၊ အချိုဓာတ်၊ သကြားဓာတ်လွန်ကဲတဲ့ အစားအသောက်တွေနဲ့ ရောသွားတဲ့အခါ သွားချေးအဖြစ် ပုံစံပြောင်းလဲသွားပါတယ်။ သွားချေးထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေဟာ သွားကြွေလွှာကို ထိခိုက်စေတဲ့ အက်စစ်ဓာတ်များကို ထုတ်ပေးပြီး ခံတွင်းကို နံစေသလို သွားအရောင်ကိုလည်း ဝါထိန်လာစေပါတယ်။ ဒီလို သွားချေးတွေကို လျော့နည်းစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သွားပွတ်ကြိုးအသုံးပြုခြင်းပါပဲ။
၂။ သွားပိုးပေါက်ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
စားကြွင်းစားကျန်တွေဟာ သွားချေးဖြစ်စေရုံသာမက သွားကြွေလွှာကို ပျက်စီးစေပြီး အပေါက်ငယ်လေးများ ဖြစ်စေနိုင်ပါတယ်။ သွားပိုးပေါက်တွေ ဖြစ်လာတဲ့အခါ သွားနဲ့ခံတွင်းရောဂါများ ဖြစ်နိုင်ခြေ မြင့်တက်စေသလို သွားကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ အချိုစားသုံးမှုများသူတွေမှာလည်း သွားပိုးပေါက်ဖြစ်နိုင်ခြေ အလွန်များတာကြောင့် တစ်ရက်ကို အနည်းဆုံးတစ်ကြိမ် သွားပွတ်ကြိုးအသုံးပြုခြင်းဖြင့် သွားပိုးပေါက်ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
၃။ သွားဖုံးရောဂါများကို ကာကွယ်ပေးနိုင်ခြင်း
သွားဖုံးရောဂါ သို့မဟုတ် သွားဖုံးရောင်ခြင်း၊ သွေးယိုစီးခြင်း (Gingivitis) ဟာ ခံတွင်းသန့်ရှင်းရေးမှုနည်းခြင်းကြောင့် ဖြစ်တဲ့ သွားဖုံးရောဂါတစ်ခုဖြစ်ပါတယ်။ သွားဖုံးပတ်လည်မှာ ရောင်ရမ်းနေပြီး သွားတိုက်တဲ့အခါ၊ သွားပွတ်ကြိုးအသုံးပြုတဲ့အခါ သွားဖုံးကနေ သွေးထွက်လာနိုင်ပါတယ်။ ဒီပြဿနာကို မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်း၊ သွားဖုံးများ ပြုတ်ထွက်လာခြင်း၊ မေးရိုးထောက်ပံ့မှုမရှိတော့ဘဲ သွားများချောင်ချိပြီး ကျွတ်သွားနိုင်ခြင်း စတဲ့ နောက်ဆက်တွဲပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။
၄။ ခံတွင်းအနံ့ဆိုး နည်းစေခြင်း
Halitosis လို့ခေါ်တဲ့ ခံတွင်းအနံ့နံတဲ့ ကျန်းမာရေးပြဿနာဟာ အလွန်အဖြစ်များပြီး ခံတွင်းသန့်ရှင်းမှုမရှိခြင်း၊ စားကြွင်းစားကျန်များ ကျန်နေခြင်းကြောင့် ဘက်တီးရီးယားပိုးတွေ ပွားများပြီး ခံတွင်းနံလာတာပါ။ ဒါ့အပြင် ခံတွင်းအနံ့ဆိုးခြင်းဟာ သွားချေးဖြစ်လာစေတဲ့ အဓိကတရားခံတွေထဲက တစ်ခုဖြစ်ပါတယ်။
တစ်နေ့ ဘယ်နှစ်ကြိမ် သွားပွတ်ကြိုးအသုံးပြုသင့်လဲ။
ယေဘုယျအားဖြင့်တော့ တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် သွားပွတ်ကြိုးနဲ့ သွားကြားကို သေချာသန့်ရှင်းရေးပြုလုပ်ပေးတာ အကောင်းဆုံးပါပဲ။ မနက်ပိုင်း အစာစားပြီးတဲ့အခါ သို့မဟုတ် ညမအိပ်ခင် ကိုယ်ကြိုက်နှစ်သက်ရာ အချိန်မှာ သွားပွတ်ကြိုးအသုံးပြုနိုင်ပါတယ်။ သွားပွတ်ကြိုးအသုံးပြုပြီးမှသာ သွားတိုက်ဖို့ကိုတော့ မမေ့လျော့ပါစေနဲ့။
မှန်ကန်တဲ့ သွားနဲ့ခံတွင်း သန့်ရှင်းရေးစနစ်ဆိုတာ
- တစ်ရက်ကို မနက်အိပ်ရာထပြီး တစ်ကြိမ်၊ ညအိပ်ရာဝင်ကာနီး တစ်ကြိမ် သွားတိုက်ပေးခြင်း
- ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုခြင်း
- နူးညံ့ပျော့ပျောင်းတဲ့ အမွေးဖြင့်လုပ်ထားတဲ့ သွားတိုက်တံကို ရွေးချယ်ခြင်း
- ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပေးခြင်း
- ၃-၄ လခြားတစ်ခါ သွားပွတ်တံကို လဲလှယ်ပေးခြင်း
- အစာစားပြီးတဲ့အခါ၊ အချိုဓာတ်များတဲ့ အအေးတွေ သောက်ပြီးတဲ့အခါ ရေသောက်ပေးခြင်း၊ ပလုတ်ကျင်းပေးခြင်း
- အစာအာဟာရ စုံလင်စွာ စားပေးခြင်း
- ၆ လ တစ်ကြိမ် သွားသန့်ရှင်းရေး ပြုလုပ်ပေးခြင်း စတာတွေ ပါဝင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ရဲမျိုးမြတ်