Migraine (သို့) ခေါင်းတစ်ခြမ်းကိုက်ခြင်း
Migraine ရဲ့ ခေါင်းကိုက်တဲ့ပုံစံဟာ ဦးခေါင်းရဲ့တစ်ခြမ်းတည်းမှာပဲ ပြင်းထန်တဲ့ ထိုးနှက်နေတဲ့ ကိုက်ခဲတတ်တဲ့ပုံစံ၊ ခေါင်းထဲမှာ သွေးခုန်နှုန်းကို ခံစားနေရတဲ့ပုံစံ ဖြစ်ပါတယ်။ ပျို့အန်ခြင်း၊ အလင်းရောင်နဲ့ အသံတွေကို ထူးကဲသာလွန်စွာ မခံမရပ်နိုင်ဖြစ်တတ်ခြင်းတွေနဲ့ အတူတွဲတွေ့ရတတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ပြီဆိုရင် နာရီပိုင်းကနေ ရက်ပိုင်းအထိ ခံစားရပါတယ်။ ကိုက်ခဲမှုဟာ ဆိုးဝါးလွန်းလို့ နေ့စဉ်အလုပ်အကိုင်နဲ့ ဝတ္တရားတွေကို အနှောင့်အယှက်ပေးတဲ့အထိ ကြုံတွေ့ရပါတယ်။
လူတစ်ချို့မှာ Aura လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းမကိုက်မီ ရှေ့ပြေးသတိပေးချက်ဆန်ဆန် လက္ခဏာလေးတွေကို သတိထားမိလေ့ရှိကြပါတယ်။ အမြင်အာရုံဆိုင်ရာ အနှောင့်အယှက်တွေ (ဥပမာ အလင်းတန်းတွေ မြင်လာတာ၊ တစ်ခဏ အလင်းပိတ်သွားတာ) ဒါမှမဟုတ် တခြား ထူးခြားတဲ့ခံစားချက်မျိုးဖြစ်တဲ့ မျက်နှာတစ်ခြမ်း၊ လက်မောင်းနဲ့ ခြေထောက်တစ်ဖက်မှာ ကျဉ်လာတာ၊ စကားပြောရ အဆင်မပြေဖြစ်လာတာ စသဖြင့် ကြိုတင်ဖြစ်ပေါ်တတ်ကြပါတယ်။
Migraine ရဲ့ လက္ခဏာများ
ကလေး၊ ဆယ်ကျော်သက်၊ လူကြီး စသဖြင့် အရွယ်မရွေးဖြစ်တတ်တဲ့ Migraine ဟာ အဆင့်လေးဆင့်နဲ့ ဖြစ်လေ့ရှိပါတယ်။
- ခေါင်းမကိုက်မီ တစ်ရက်၊နှစ်ရက်အလို (Prodrome)
- သတိပေး လက္ခဏာတွေ ဖြစ်တဲ့အချိန် (Aura)
- ခေါင်းကိုက်ချိန် (Attack) နဲ့
- ခေါင်းကိုက်ပြီးချိန် (Post-drome) တို့ပဲဖြစ်ပါတယ်။
Prodrome ကာလမှာ ဝမ်းချုပ်တာ၊ စိတ်အပြောင်းအလဲများတာ (စိတ်ဓာတ်ကျရာမှ အရမ်းတက်ကြွလာတာ )၊ စားချင်စိတ် အလွန်အမင်း ဖြစ်တာ၊ လည်ပင်းတောင့်တာ၊ ဆီးသွားများတာ၊ ဖောသွပ်တာ၊ မကြာခဏ သမ်းဝေတာတွေ ဖြစ်တတ်ပါတယ်။
Aura လက္ခဏာတွေကတော့ အမြင်နဲ့ဆိုင်တဲ့ အနှောင့်အယှက်တွေ အဖြစ်များပြီး တခြားအနှောင့်အယှက်တွေလည်း ဖြစ်တတ်ပါတယ်။ လက္ခဏာတစ်ခုချင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတတ်ပြီး တစ်နာရီခန့်ကြာတတ်ပါတယ်။ Migraine Aura ဥပမာအချို့ဟာ အမြင်အာရုံ ပျောက်သွားခြင်း၊ အလင်းတန်းတွေ၊ ပုံသဏ္ဌာန်မျိုးစုံတွေ မြင်ရခြင်း၊လက်မောင်း (သို့) ခြေထောက်မှာ စူးသလို ခံစားရခြင်း၊ရမျက်နှာတစ်ခြမ်း (သို့) ခန္ဓာကိုယ်တစ်ခြမ်းထုံခြင်း ၊ စကားပြောရ ခက်ခြင်း စတာတွေ ဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ပြီဆိုရင် ဘာဆေးမှမသောက်ဘဲထားရင် ၄နာရီမှ ၇၂ နာရီထိ ကြာမြင့်တတ်ပါတယ်။ Migraine ပေါ်လာချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူပါ။ တစ်ခါတစ်လေ ခေါင်းတစ်ခြမ်းကိုက်တဲ့သူရှိသလို တစ်လထဲမှာ အကြိမ်ကြိမ်ဖြစ်နေတဲ့သူလည်း ရှိပါတယ်။ ခေါင်းနာကျင်ကိုက်ခဲတာဟာ တစ်ခြမ်းတည်းဖြစ်တတ်သလို ခေါင်းတစ်ခုလုံးကိုက်တာမျိုးလည်း ရှိတတ်ပါတယ်။
ခေါင်းကိုက်ပြီး နောက်တစ်နေ့ Post-drome အချိန်မှာတော့ လူဟာ ပင်ပန်းနွမ်းလျ၊ မကြည်မလင်ဖြစ်ကျန်နေတတ်ပါတယ်။ တစ်ချို့သူတွေလည်း ဘာမှမဖြစ်ဘဲ ရွှင်လန်းတာမျိုးလည်း ရှိတတ်ပါတယ်။
Migraine ကိုလှုံဆော်ပေးတဲ့အရာများ
- အမျိုးသမီးများ ဟော်မုန်းအတက်အကျဖြစ်ချိန် (ရာသီမတိုင်ခင်၊ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်၊ သားန္ဓေတားဆေးများ)
- အရက်၊ ဝိုင်၊ ကေဖိန်းများတဲ့ သောက်စရာများ
- စိတ်ဖိစီးခြင်း
- အာရုံခံစားမှု လှုံဆော်ချက်များ (လင်းလွန်း၊ စူးလွန်းတဲ့ မီးရောင်များ၊ အနံ့ပြင်းပြင်းများ)
- အိပ်ချိန်အပြောင်းအလဲများ
- ရာသီဥတု အပြောင်းအလဲ
- ငန်လွန်းတဲ့၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာ၊ နှစ်ချို့တဲ့ ချိစ်များ ၊ အစားစားချိန် မမှန်တာ
- ဆေးဝါးများ (သားန္ဓေတားဆေး၊ Nitroglycerin )
- အလုပ်ပင်ပန်းခြင်း
- အစားအစာတွေမှာ ပါဝင်တဲ့ Sweetener နဲ့ အချိုမှုန့် MSG
ကုသမှု
- အကိုက်အခဲပျောက်ဆေးများ (ဥပမာ Ibuprofen )
- ဦးနှောက်မှာရှိတဲ့ နာကျင်မှုလမ်းကြောင်း (pain pathway) ကိုပိတ်တဲ့ ဆေးဝါးများ (Triptans)
- အအန်ပျောက်ဆေးများ (ဥပမာ Chlorpromazine, Metoclopramide, Prochlorperazine)
- ကြိုတင်ကာကွယ်တဲ့ဆေးများ (သွေးပေါင်ချိန်ကျဆေး၊ အတက်ရောဂါဆေးများစသည်ဖြင့်)
Migraine ဟာ တစ်ခါတစ်ရံ ရှိနေမှန်းမသိဖြစ်ကာ ကုသမှုမရဘဲ ဖြစ်နေတတ်ပါတယ်။ အကယ်၍ သင့်မှာ အပေါ်မှာ ဖော်ပြခဲ့တဲ့ Migraine ရဲ့လက္ခဏာတွေရှိနေတယ်ဆိုရင် ဖြစ်တဲ့အကြိမ်ရေ၊ ဘယ်လိုဖြေရှင်းခဲ့တယ်၊ ဘာဆေးတွေ သောက်ခဲ့တယ် စသည့်ဖြင့် သေချာမှတ်သားကာ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေးကုသခံသင့်ပါတယ်။
ရေးသားသူ - Dr. May Myat Tun