အဆစ်အမြစ်ပိုးဝင်ယောင်ယမ်းခြင်းအကြောင်း
ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းမှ သွေးစီးကြောင်းကနေ ပါလာတတ်တဲ့ ပိုးမွှားတွေဟာ အဆစ်တွေဆီကို ရောက်လာရင် ယောင်ယမ်းနာကျင်စေတတ်ပါတယ်။ ထိုးသွင်းဒဏ်ရာ (Penetrating Injury) တွေဖြစ်တဲ့ မသန့်စင်တဲ့ဓားချွန်ချွန်၊ သံငုတ်တွေနဲ့ နက်နက်ကြီး စူးမိ၊ရှမိတာဖြစ်ဖြစ်၊ အကောင်တစ်မျိုးမျိုး အကိုက်ခံရတာဖြစ်ဖြစ် ကြုံရရင် အနီးအနားက အဆစ်အမြစ်တွေဆီကို ပိုးမွှားတွေ ရောက်လာကာ Septic Arthritis လို့ခေါ်တဲ့ အဆစ်အမြစ်ပိုးဝင်ယောင်ယမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
လသားကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ အဖြစ်များပြီး အရိုးကျိုးဖူး၍ အဆစ်အတု (artificial joint) တပ်ထားရသူတွေမှာလည်း ပိုးဝင်ယောင်ယမ်းတတ်ပါတယ်။ ဒူးမှာ အဖြစ်အများဆုံးဖြစ်ပြီး တင်ပါးဆုံ၊ ပခုံးနဲ့ တခြားအဆစ်တွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ရောဂါပိုးမွှားဟာ အဆစ်အတွင်းက အရိုးနုနဲ့ အရိုးတွေကို လျင်လျင်မြန်မြန်နဲ့ ဆိုးဆိုးဝါးဝါး ဖျက်ဆီးတတ်တဲ့အတွက် ထိရောက်တဲ့ကုသမှု ရယူဖို့ လိုအပ်ပါတယ်။
လက္ခဏာများ
အဆစ်အမြစ်ပိုးဝင်ယောင်ယမ်းတဲ့အခါ အတော့်ကို ခံရခက်လှပါတယ်။ အဖျားတတ်တဲ့အထိ ယောင်မယ်၊ နီနေမယ်၊ ပူမယ်။ အဆစ်တုတွေမှာ ပိုးဝင်ရင် ဒူး(သို့) တင်ပါးဆုံရိုး အစားထိုးခွဲစိတ်ပြီး လချီနှစ်ချီတဲ့ထိ ယောင်ကာ နာကျင်နေတတ်ပါတယ်။ ဒါ့အပြင် အဆစ်ဟာ အံဝင်ခွင်ကျ သိပ်မဖြစ်ခဲ့သော် ရွေ့လျားတဲ့အခါ၊ အဆစ်အပေါ်ကို အလေးချိန်တစ်ခုခုကျရောက်တဲ့အခါ နာတတ်ပါတယ်။ သမားရိုးကျကတော့ နားလိုက်ရင် သက်သာတတ်ပါတယ်။ ပြင်းထန်ရင်တော့၊ အဆစ်လွဲတဲ့ထိလည်း ဖြစ်တတ်ပါတယ်။
အကြောင်းအရင်း
အဆစ်အမြစ်ဆီရောက်လာတဲ့ ရောဂါပိုးတွေမှာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့မှိုတွေ ပါဝင်ပါတယ်။ ဘတ်တီးရီးယားထဲမှာ Staphylococcus aureus ဆိုတဲ့ပိုးက အတွေ့ရများပါတယ်။ အရေပြားရောဂါ (သို့) ဆီးလမ်းကြောင်းပိုးဝင်ရာမှ သွေးစီးကြောင်းမှတစ်ဆင့် အဆစ်အမြစ်ဆီ လမ်းမှား ရောက်လာတတ်ပါတယ်။ အနာကို ဖောက်ထုတ်ရာမှ၊ အကြောဆေးသွင်းတဲ့နေရာမှ၊ အဆစ်အမြစ်ဝန်းကျင် ခွဲစိတ်မှုတစ်ခုခုမှ ရောဂါပိုးဝင်ရောက်လာပြီး အဆစ်နေရာကို ယောင်ယမ်းစေတာမျိုးလည်း ဖြစ်တောင့်ဖြစ်ခဲ ရှိတတ်ပါတယ်။
အဆစ်အမြစ်တွေရဲ့ အနားသတ်လေးတွေဟာ ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်းနည်းပါးလှတဲ့အတွက် ယောင်ယမ်းမှုတွေရဲ့ ဖိအားကြောင့် သွေးအလျှောက်နည်းတဲ့အခါ ပိုမို ပျက်စီးလွယ်ပါတယ်။
ဖြစ်နိုင်ချေများစေတဲ့ အချက်အလက်များ
- နဂို အဆစ်အမြစ်ကိုက်ခဲယောင်ယမ်းတဲ့ ပြသာနာများ ( လေးဖက်နာရောဂါ၊ ဂေါက်ရောဂါ စသဖြင့်)
- အဆစ်အတု အစားထိုးတပ်ဆင်ထားသူများ
- အရေပြားရောဂါ ပြသာနာရှိသူများ
- ခုခံအား နည်းသူများ
- အဆစ်ကို ထိခိုက်ဖူးသူများ
- လေးဖက်နာအတွက် ဆေးသောက်နေရသူများ
ရောဂါရှာဖွေပုံနည်းလမ်းများ
- အဆစ်အတွင်းမှ အရည်ရဲ့ အရောင်၊ ပမာဏ၊ အကျဲအပျစ်၊ ပါဝင်ပစ္စည်းတွေကို စမ်းသပ်ခြင်း (Joint fluid analysis)
- သွေးဖောက် စစ်ဆေးချက်များ
- ဓာတ်မှန်
ကုသပုံ
- အဆစ်အတွင်းမှ စုဝေးနေတဲ့ ပိုးပါတဲ့အရည်တွေကို အပ်နဲ့စုပ်ထုတ်ဖယ်ရှားခြင်း
- ပိုးသတ်ဆေးများ သွင်းရ၊ သောက်ရခြင်း
- အစားထိုးထည့်သွင်းထားတဲ့ ပိုးဝင်နေတဲ့ အဆစ်တုကို ပြန်လည် ဖယ်ရှားခြင်း
ကုသမှုနှောင့်နှေးရင် အဆစ်တွေ ပိုမိုယိုယွင်းလာကာ ရာသက်ပန်ပျက်စီးသွားနိုင်ပါတယ်။ အကယ်၍ အဆစ်တုမှာ ဖြစ်ခဲ့ရင် အဆစ်ချောင်တာ၊ အဆစ်လွဲတာတွေ ဖြစ်တတ်ပါတယ်။
ဒါ့ကြောင့် အဆစ်အမြစ်တွေမှာ အလွန်အမင်း နာကျင်ကိုက်ခဲတာ ရုတ်တရက် ဆိုးဝါးလာရင် အချိန်မဆွဲဘဲ ဆရာဝန်ထံ သွားရောက်ပြသကြည့်ဖို့ လိုအပ်ပါတယ်။
ရေးသားသူ - Dr. May Myat Tun