သန်ကျစေတဲ့ နာနတ်သီးရဲ့ အခြား ကျန်းမာရေး အာနိသင်
သန်ကျဆေး မသောက်ချင်ရင် နာနတ်သီးကို ပျားရည်နဲ့ စားပေးလို့ ပြောတာကို ကြားဖူးမှာပါ။ ချိုချိုချဉ်ချဉ်နဲ့ ခံတွင်းရှင်းတဲ့ နာနတ်သီးက သန်ကျစေတာအပြင် အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကိုတော့ ကိုယ်တိုင်ဖတ်ကြည့်လိုက်တော့နော်။
နာနတ်သီး ဆိုရာဝယ်
အသီးရဲ့ အပေါ်ဘက်မှာ အပင်ပါပြီး အစိမ်းရောင် ရွက်ရှည်ရှည် ကြမ်းကြမ်းပါ။ အသီးက မျက်ကွင်းလို့ ခေါ်ကတဲ့အဝိုင်းလေးတွေ စီစီရီရီ ရှိပြီး အတွင်းသားက အဝါဖျော့ဖျော့ကနေ ရင့်ရင့်အထိ ရှိပါတယ်။ နုစဉ်မှာ အခွံက စိမ်းပြီး မှည့်ရင် ဝါလာပါတယ်။
အရသာက ချိုချဉ်လေးဖြစ်ပြီး ခံတွင်းရှင်းပါတယ်။ အသီးကို ဒီအတိုင်း စားလို့ရသလို ဖျော်သောက်တာ၊ ဟင်းချက်စားတာမျိုး လုပ်ပြီးတော့လည်း စားလို့ ရပါတယ်။
နာနတ်သီးမှာ ဘာတွေပါလဲ
ချိုချိုချဉ်ချဉ်နဲ့ ခံတွင်းရှင်းတဲ့ နာနတ်သီးမှာ
- ကယ်လ်လိုရီ
- အဆီဓာတ်
- ဆိုဒီယမ်
- ကာဗိုဟိုက်ဒရိတ်
- ပရိုတင်း
- ဗီတာမင် C
- ဗီတာမင် A
- ကယ်လ်ဆီယမ်
- သံဓာတ်
- ဖောလိတ်
- ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။
သန်ကျစေတဲ့ နာနတ်သီးရဲ့ အခြား ကျန်းမာရေး အာနိသင်
နာနတ်သီးက သန်ကျစေတာအပြင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။
အသက်အရွယ်ကြောင့် အမြင်အာရုံ ချို့ယွင်းတာကို ကာကွယ်ပေးတယ်
နာနတ်သီး ပုံမှန်စားတဲ့သူတွေက အသက်ရလာချိန်မှာ ခံစားရနိုင်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ပန်းနာရင်ကြပ် ကာကွယ်ပေးတယ်
ဘီတာကယ်လ်ရိုတင်း ပါဝင်နေမှုက ပန်းနာရင်ကြပ် ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ နာနတ်သီးမှာပါတဲ့ bromelain က ချောင်းဆိုးတာကို သက်သာစေနိုင်ပြီး ပန်းနာရင်ကျပ် မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သွေးပေါင် ထိန်းညှိပေးတယ်
နာနတ်သီးက ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ကို ထိန်းညှိပေးပါတယ်
ကင်ဆာ ကာကွယ်ပေးတယ်
ဗီတာမင် C ပါဝင်နေတာက ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေမပွာအာင်လည်း ကာကွယ်ပေးပါတယ်။
ဆီးချို သက်သာစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းသကြားဓာန် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးထားပါတယ်။ အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညိပေးပါတယ်။
အနာကျက်စေတယ်
နာကျင်ရောင်ရမ်းတာတွေ သက်သာစေဖို့ နာနတ်သီးကို စားပေးလို့ ရပါတယ်။ ထိခိုက်တာတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။
နှလုံး ကျန်းမာစေတယ်
အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C ပါဝင်နေတာက နှလုံးကျန်းမာစေပြီး သွေးပေါင်ချိန်ကိုလည်း ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။
အရေပြား ကျန်းမာစေတယ်
ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ပါဝင်နေတာက အရေပြားကို နေလောင်တာ၊ ညစ်ညမ်းမှုတွေကနေ ကာကွယ်ပေးပြီး အသားအရေကို ကျန်းမာစေပါတယ်။
အရေးအကြောင်းတွေ ညစ်ညမ်းမှုတွေကြောင့် အရေပြား ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
နာနတ်သီး ဘာလို့ စားပေးသင့်တယ်ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။
ရေးသားသူ - မွန်မွန်