အသင့်စား အစားအစာတွေက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ?
အခုနောက်ပိုင်း ဈေးကွက်ထဲမှာ နေရာယူလာတာက ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေပါ။ ဒီလို အသင့်စား အစားအစာတွေက အရသာ ကောင်းအောင်၊ စားလို့ကောင်းအောင် ပြင်ဆင်ထားတာကြောင့် အချိုကဲ၊ အငန်ကဲသလို တာရှည်ခံပစ္စည်းတွေလည်း ထည့်သွင်း ထုတ်လုပ်ထားပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အဆီတွေ အထူးသဖြင့် ပြည့်ဝဆီတွေ တော်တော်များများ ပါဝင်နေပါတယ်။
ဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက ပြင်ဆင်ရလွယ်ကူတာကြောင့် မိသားစုတွေရဲ နေ့စဉ် စားသုံးမှုတွေမှာ နေရာယူလာကြသလို ပိစိကွေးလေးတွေရဲ့ နေ့စဉ်စားသုံးမှုမှာလည်း အရန်ဟင်းလျာအနေနဲ့ရော အဓိကစားစရာအဖြစ် ပါ ဝင်လာသလို သရေစာချိန်ကိုလည်း အဆာပြေစားစရာတွေအဖြစ် အပြည့်အဝ နေရာယူလာကြတာ တွေ့ရပါတယ်။
တကယ်တော့ အသင့်စားအစားအစာတွေက လူကြီးတွေ ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်တယ်လို့ သိရှိထားပြီး ဖြစ်သလို ကလေးတွေ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ကို သိထားပြီးသား ဖြစ်မှာပါ။ ဒီတော့ အသင့်စား အစားအစာတွေက ကလေးလေးတွေ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ကလေးတွေရဲ့ စားသုံးမှုမှာ ပါဝင်နေလေ့ရှိတဲ့ အသင့်စား ပြုပြင်ထားတဲ့ အစားအစာတွေက ဘာတွေ ဖြစ်မလဲ?
ကလေးတွေရဲ့ နေ့စဉ်စားသုံးမှုမှာ ပါဝင်လေ့ရှိတဲ့ အသင့်စား ပြုပြင်ထားတဲ့ အစားအစာတွေ
- အချိုရည်ဘူးတွေ
- ပြုပြင်ထားတဲ့ နို့ဘူးတွေ
- အေးခံထားတဲ့ အသားတွေ
- ပီဇာ၊ ကိတ်မုန့်၊ ပါစတာ
- ပြုပြင်ထားတဲ့ အသင့်စား ဆီရီယယ်တွေ
- ခရက်ကာ
- အသင့်ထုတ်ပိုးထားတဲ့ ပေါင်မုန့်ဖြူတွေ
- ကြက်အူချောင်း၊ ဝက်အူချောင်းတွေ
- ဝက်ပေါင်ခြောက်
- အသင့်စား ခေါက်ဆွဲတွေပါ။
အသင့်စား အစားအစာတွေက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ?
ဓာတုဗေဒဆေးဝါးတွေ ပါနေသလို တာရှည်ခံပစ္စည်းတွေ၊ ပြည့်ဝဆီ၊ သကြား၊ ဆား စတာတွေ လွန်လွန်ကဲကဲ ပါဝင်နေတဲ့ အသင့်စား ပြုပြင်ထားတဲ့ အစားအစာတွေက ဖွံ့ဖြိုးကြီးထွားနေတဲ့ ကလေးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဒီလို အစားအစာတွေကို စားသုံးတာက ကလေးတွေကို
- အဝလွန်စေတာ - အချိုပါဝင်မှု လွန်ကဲသလို ပြည့်ဝဆီတွေ တိရစ္ဆာန်ကနေ ရတဲ့ အဆီတွေ ပါဝင်နေတာကြောင့်ပါ။
- ဆီးချိုရောဂါ - သကြားနဲ့ ဆားတွေ လွန်ကဲစွာ ပါဝင်နေတာကြောင့်ပါ။
- သွေးတိုးတာ - အငန်ကဲတာကြောင့်ပါ။
- အာဟာရ ချို့တဲ့တာ - အာဟာရ ပါဝင်မှု နည်းပါးလွန်းတာကြောင့်ပါ။
- ကြီးထွားမှု နှေးစေတာ - အချို၊ အငန်ကဲပြီး အဆီပါဝင်မှု များပေမယ့် အာဟာရတန်ဖိုးက တော်တော်လေး နည်းပါတယ်။
- နှလုံးသွေးကြောဆိုင်ရာ ရောဂါ - အဆီပါဝင်မှု များသလို အချို၊ အငန် လွန်ကဲနေတာကြောင့်ပါ။
- နှလုံးရောဂါ - အချို၊ အငန်ပါဝင်မှု လွန်ကဲသလို ပြည့်ဝဆီတွေ တိရစ္ဆာန်ကနေ ရတဲ့ အဆီတွေ ပါဝင်နေတာကြောင့်ပါ။
- ကိုယ်ခံအား နည်းတာ - ပရိုတင်း နဲ့ အာဟာတွေ ပါဝင်မှု နည်းတာကြောင့်ပါ။
- ဝမ်းချုပ်တာ - အမျှင်ဓာတ် မပါဝင်တာကြောင့်ပါ။
- အစာခြေစနစ် ထိခိုက်တာ - အမျှင်ဓာတ် ကင်းမဲ့ပြီး ချေဖျက်ရခက်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့်ပါ။
- အခြား ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်