ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်နိုင်လဲ
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဗိုက်ထဲက ရင်သွေးလေးကိုပါ ကျန်းမာစေဖို့ မဖြစ်မနေ လိုအပ်မယ့် အချက်တစ်ခု ရှိပါတယ်။ ဒါကတော့ အာဟာရ ပြည့်ဝမှုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားသုံးမှ မေမေကိုယ်တိုင်ရော မွေးလာမယ့် ကလေးလေးပါ ကျန်းမာမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝစွာ စားသုံးပေးမှ မေမေ့မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန် ရှိမှာဖြစ်သလို ကလေးလေးကိုလည်း ကျန်းကျန်းမာမာ မွေးဖွားနိုင်မှာပါ။ နောက်တစ်ချက်က မေမေကိုယ်တိုင် အာဟာရပြည့်ဝမှာ ကလေးလေးမှာလည်း လအလိုက် ဖွံ့ဖြိုးရမယ့် ဖွံ့ဖြိုးမှုတွေ ရရှိစေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝနေမှ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရှောင်လွှဲနိုင်မှာဖြစပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေက ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ မပြည့်ဝရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။
အာဟာရ မပြည့်ဝခြင်း
အာဟာရ မပြည့်ဝခြင်းက ခန္ဓာကိုယ်က ပုံမှန် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ မရရှိတဲ့ အနေအထားပါ။ အာဟာရဆိုတဲ့အထဲမှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ နဲ့ ရေဓာတ်တို့ ပါဝင်နေပါတယ်။ ဒီလိုအာဟာရတွေ မပြည့်ဝတာကို အာဟာရ မပြည့်ဝခြင်းလို့ ခေါ်ပါတယ်။
ဘာတွေက အာဟာရ မပြည့်ဝခြင်းကို ဖြစ်စေတာလဲ
ဒီလို အချက်တွေက အာဟာရ မပြည့်ဝခြင်းကို ဖြစ်စေပါတယ်။
အမှုမဲ့အမှတ်မဲ့နေတာ - အာဟာရ ပြည့်ဝခြင်းရဲ့ အရေးပါမှုကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတာ
နာမကျန်းတာ - ဝမ်းပျက်ဝမ်းလျှောတာ၊ အော့အန်တာ၊ စိတ်ဓာတ်ကျတာ၊ ကူးစက်ရောဂါပိုး ဝင်ရောက်တာ
လူမှုစီးပွားရေး ပြဿနာ - ဝင်ငွေ နည်းတာ၊ ကျန်းမာတဲ့ အစားအစာတွေကို မစားနိုင်တာ
သွားနဲ့ခံတွင်းပြဿနာ - သွားနဲ့ သွားဖုံးပြဿနာတွေ ရှိနေတာ
ဆေးဝါးတွေ - အချို့သော ဆေးဝါးတွေက အာဟာရ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေတာ
Morning Sickness - ပြင်းထန်တဲ့ morning sickness ကလည်းကျန်းမာတဲ့ အစားအစာတွေ မစားဖြစ်တာ
လုံလောက်အောင် မစားမိတာ - ကိုယ်ဝန်ဆောင်ကာလမှာ တစ်နေ့ကို ကယ်လိုရီ ၃၀၀ လောက် ထပ်ဆောင်းလိုအပ်ပါတယ်။ ဒီပမာဏကို လုံလောက်အောင် မစားမိတာတွေကြောင့် အာဟာရ မပြည့်ဝတာ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်နိုင်လဲ
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ မပြည့်ဝခြင်းက မေမေရော ဗိုက်ထဲက ဖွံ့ဖြိုးနေတဲ့ ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
မေမေတွေမှာ
· ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သေဆုံးတာ - ကိုယ်ဝန်ဆောင်ကာလမတိုင်ခင်နဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အာဟာရချို့တဲ့တာက ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သေဆုံးနိုင်ခြေ များစေပါတယ်။
· မီးဖွားချိန်မှာ သေဆုံးတာ - အာဟာရ မပြည့်ဝတဲ့ ကိုယ်ဝန်ဆောင်တွေဟာ မီးဖွားချိန်မှာ သေဆုံးနိုင်ပါတယ်။
· သွားနဲ့ ခံတွင်း ကျန်းမာရေး ထိခိုက်တာ - သွားတွေ ပိုးစားတာ၊ သွားဖုံးပြဿနာတွေလိုမျိုး သွား နဲ့ ခံတွင်းပြဿနာတွေ ခံစားရနိုင်ပါတယ်။
· အရိုးပျော့တာ အရိုးကျိုးလွယ်တာ - အရိုးတွေအတွက် လုံလောက်တဲ့ အာဟာရတွေ မပြည့်ဝတာကြောင့် အရိုးပျော့တာ ကြွပ်ဆတ်တာတွေ ဖြစ်နိုင်ပါတယ်။
· သွေးအားနည်းတာ - သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်းတာကို ခံစားရနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ပုံမှန်ထက် နည်းနေပြီး ခန္ဓာကု်ယမှာရှိတဲ့ ဆဲလ်တွေ အောက်ဆီဂျင် လုံလောက်စွာ မရရှိတာပါ။
· ကိုယ်ဝန်ဆိပ်တက်တာ - သွေးပေါင်ချိန် မြင့်တက်ပြီး သွေးထဲမှာ ပရိုတင်းပမာဏက အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ မြင့်တက်တာမျိုးပါ။ ဒီအခြေအနေက မေမေရော ရင်သွေးလေးရဲ့ ရှင်သန်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
ရင်သွေးလေးမှာ
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ မပြည့်ဝတာက ဗိုက်ထဲက ရင်သွေးလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
· ကလေး အသေမွေးတာ - ကလေးလေးက အာဟာရချို့တဲ့ပြီး အသက်အရွယ်အလိုက် မဖွံ့ဖြိုးတာကြောင့် သားအိမ်ထဲမှာ သေဆုံးသွားတာပါ။
· လမစေ့ဘဲ မွေးတာ - ရင်သွေးလေးက လမစေ့ဘဲ မွေးဖွားတာကြောင့် ပေါင်မပြည့်တာ၊ ကောင်းကောင်း မဖွံ့ဖြိုးတာ၊ အမြင်အာရုံ အားနည်းတာ၊ ကြွက်သား အားနည်းတာ၊ ဦးနှောက် ပျက်စီးတာ၊ ကြီးထွားမှု နှေးတာလိုမျိုးကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်သလို အစာခြေစနစ် မကျန်းမာတာကိုလည်း ခံစားရနိုင်ပါတယ်။
· မွေးဖွားပြီး အစောပိုင်းကာလမှာ သေဆုံးတာ - အာဟာရ မပြည့်တဲ့ မေမေက မွေးဖွားလာတဲ့ ရင်သွေးလေးတွေဟာ မွေးဖွားပြီး ပထမ ရက်သတ္တပတ် အတွင်းမှာတင် သေဆုံးနိုင်ပါတယ်။
· မွေးရာပါ ချို့ယွင်းချက် ပါတာ - ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ မပြည့်ဝတာက ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းချက် ပါလာစေနိုင်ပါတယ်။ ဥပမာ - ဖောလစ်အက်ဆစ် မလုံလောက်တာကြောင့် ကျော်ရိုးအာရုံကြောမ သေချာ မဖွံ့ဖြိုးတာမျိုးဖြစ်ပြီး လမ်းလျှောက်တာ၊ ဆီးဝမ်းထိန်းတဲ့ ကိစ္စတွေမှာ ထိခို်ကတာတွေ ရှိနိုင်ပါတယ်။
· ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကောင်းကောင်း မဖွံ့ဖြိုးတာ - ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ မပြည့်ဝတာက ကလေးလေးမှာ အင်္ဂါစိတ်အပိုင်းတွေ ကောင်းကောင်း မဖွံ့ဖြိုးတာကို ခံစားရနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်