အရက်ဆိပ်တက်ကာ သတိလစ်ခြင်း
အချိန်တိုအတွင်းမှာ အရက်ပမာဏအများကြီး ဆက်တိုက်သောက်လိုက်မိတဲ့ ရလဒ်ကြောင့် အရက်ဆိပ်တက်ကာ စိုးရိမ်ဖွယ်ရာ သေလုမြာပါး ဖြစ်နိုင်ပါတယ်။ မြန်မြန်နဲ့ အများကြီးသောက်လိုက်မိတဲ့အခါ အသက်ရှူခြင်း၊ နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ်အပူချိန်၊ Gag reflex လို့ခေါ်တဲ့ တစ်စုံတစ်ခုက ပါးစပ်ခေါင်မိုး၊ လျှာနောက်ဖက် (သို့) လည်ချောင်း၊ အာသီးပတ်လည်နေရာတွေကို ထိလာတဲ့အခါ မသီးအောင် လည်ချောင်းကြွက်သားကြုံ့ခြင်းဖြစ်စဉ် စတဲ့အချက်တွေကို ထိခိုက်စေနိုင်ပြီး သတိလစ်သေဆုံးနိုင်ပါတယ်။
အရက်ဆိပ်တက်တာဟာ ကလေးငယ်တွေမှာ Alcohol ပါတဲ့အရည်တွေကို နားမလည်ဘဲ မတော်တဆ သောက်ချလိုက်မိရင်ဖြစ်စေ၊ လူကြီးတွေမှာ သိရက်နဲ့ တမင်တကာသောက်ရင် ဖြစ်စေ ဖြစ်ပွားတတ်ပါတယ်။
အရက်ဆိပ်တက်တဲ့သူကို နီးစပ်ရာအရေးပေါ်ငှာနကို အမြန်ဆုံး ပို့ဆောင်ရပါမယ်။
လက္ခဏာများ
အရက်ဆိပ်တက်ရင်
- စိတ်ဂယောင်ခြောက်ခြား ဖြစ်တာ
- အန်တာ
- တက်တာ
- အသက်ရှူနှေးတာ (တစ်မိနစ်ကို ၈ကြိမ်အောက်)
- အသက်ရှူနှုန်းမမှန်တာ (တစ်ခါနဲ့ တစ်ခါရှူရင် ၁၀ စက္ကန့်နဲ့အထက် ခြားနေတတ်တာ)
- အသားအရည် ပြာနှမ်းတာ (သို့) ဖြူဖတ်ဖြော့တော့နေတာ
- ကိုယ်အပူချိန်ကျဆင်းတာ (အေးစက်နေတာ)
- သတိလစ် နှိူးမရတာ စတဲ့လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
အကြောင်းအရင်း
Alcohol ကို အဖျော်ယမကာ၊ ပါးစပ်သန့်စင်တဲ့ ဆေးရည်၊ ဟင်းချက်တဲ့ အဆီအနှစ်တွေ၊ ဆေးဝါးအချို့နဲ့ အိမ်သုံးပစ္စည်းတွေမှာ ethanol (ethyl alcohol) အနေနဲ့ ပါဝင်တာ တွေ့ရပါတယ်။ Ethyl alcohol အဆိပ်တက်တာကို အရက်ယမကာ အချိန်တိုအတွင်း အများကြီးသောက်လိုက်ရင် တွေ့ရတတ်ပါတယ်။
တခြား alcohol ပုံစံတွေကတော့
- isopropyl alcohol (လက်သန့်ဆေးရည်၊ လိုရှင်းနဲ့ သန့်ရှင်းရေးဆေးရည်တွေမှာ ပါဝင်ပါတယ်)
- Methanol (သို့) ethylene glycol (အိမ်သုတ်ဆေးနဲ့ antifreezeတွေမှာ ပါပါတယ်) တို့ဖြစ်ပါတယ်။ ဒီနှစ်မျိုးကိုလည်း မတော်တဆ ပါးစပ်ထဲဝင်ရင် အရေးပေါ်အခြေအနေ ဖြစ်တတ်ပါတယ်။
Binge drinking အများကြီး သောက်မိတယ်ဆိုတာ ဘယ်လောက်ကို ပြောတာလဲ?
အမျိုးသားတွေဆိုရင် နှစ်နာရီအတွင်းမှာ 5 drinks နဲ့အထက်၊
အမျိုးသမီးတွေဆိုရင် 4 drinks အနည်းဆုံးကို နှစ်နာရီအတွင်း မြန်မြန်သောက်မိရင် ကိုဆိုလိုတာပါ။
အရက်သောက်တာရပ်လိုက်ရင် (သို့) သတိလစ်သွားရင်တောင် အစာအိမ်နဲ့အူတွေကနေ သွေးစီးကြောင်းထဲကို အရက်ကို ဆက်ထုတ်လွှတ်နေပါသေးတယ်။ ဒီလိုနဲ့ ကိုယ်ထဲမှာ အရက်ပမာဏဟာ မြင့်သထက်မြင့်လာတာပါ။
အတိအကျ ဘယ်လောက်က များတယ်လို့ ပြောတာလဲ
One drink ကို
- Regular Beer ၁၂ အောင်စ ( 355ml) (5% alcohol)
- မုယောအရက် ၈-၉အောင်စ (237-266ml) (7% alcohol )
- ဝိုင် ၅အောင်စ (148ml) (12% alcohol )
- 80-proof hard liquor ၁.၅ အောင်စ (44ml) (40% alcohol) စသဖြင့် သတ်မှတ်ထားပါတယ်။
အရက်ကို အသည်းကချေဖျက်ပါတယ်။ တခြားအစားအစာတွေထက် ခန္ဓာကိုယ်ထဲကထွက်အောင် အချိန်ပိုယူရပါတယ်။ Mixed drinks မှာ အမျိုးအစားရောထားတာဖြစ်လို့ ချေဖျက်ဖို့ ပိုအချိန်ယူရပါတယ်။
ဆိုးဝါးတဲ့ နောက်ဆက်တွဲများ
- အရက်သည် အပေါ်ပြောခဲ့တဲ့ Gag reflex ကို လျော့နည်းစေလို့ အစာနင်၊ အစာသီးစေနိုင်ပါတယ်
- အသက်ရှူရပ်တတ်ပါတယ်
- ရေဓာတ်ခမ်းခြောက်ပြီး သွေးပေါင်ချိန်ကျကာ နှလုံးခုန်မြန်စေပါတယ်
- သွေးတွင်း သကြားဓာတ်ကျကာ တက်တတ်ပါတယ်
- ကိုယ်အပူချိန်ကျဆင်းကာ နှလုံးရပ်တတ်ပါတယ်
- နှလုံးခုန်နှုန်းမမြန်ဖြစ်တတ်ပါတယ်
- ဦးနှောက်ပျက်စီးတတ်ပါတယ်
အပေါ်က အချက်အားလုံးဟာ သေစေနိုင်တဲ့ အကြောင်းအရင်းတွေချည်း ဖြစ်ပါတယ်။
ဒါကြောင့်
- ပမာဏကို ကန့်သတ်သောက်ပါ
- အစာမရှိဘဲ မသောက်ပါနဲ့
- မိမိတို့ရဲ့ ဆယ်ကျော်သက်ကလေးငယ်တွေကို ပြောပြဆုံးမထားပါ
- ကလေးငယ်လေးတွေရှိရင် လက်လှမ်းမှီနိုင်တဲ့နေရာမှာ alcohol ပါတဲ့ ပစ္စည်းတွေကို မထားပါနဲ့။ ဖယ်ထားပါ။ ဂရုပြုပါ။
ရေးသားသူ - Dr. May Myat Tun