အကြောဆွဲတဲ့ ဝေဒနာရှိနေတယ်လို့ ဖွင့်ဟဝန်ခံလိုက်တဲ့ လူးဝစ် ကာပယ်ဒီ
Before You Go ၊ Someone You Loved တို့လို ပရိတ်သတ်တွေအကြားမှာ ရေပန်းစားခဲ့တေးသီချင်းတွေရဲ့ တေးသံရှင်ဖြစ်တဲ့ စကော့တလန် အဆိုတော် လူးဝစ် ကာပယ်ဒီက သူ့မှာ အကြောဆွဲ/အကြောလိုက်တဲ့ဝေဒနာ (Tourette syndrome) ရှိနေကြောင်း ပရိတ်သတ်တွေကို ဝန်ခံပြောဆိုလိုက်ပါတယ်။
မူးယစ်ဆေးအသုံးပြုမှုကြောင့် အကြောလိုက်တဲ့ပြဿနာကြုံနေရတာဖြစ်နိုင်တယ်လို့ ပရိတ်သတ်တစ်ချို့ရဲ့ သံသယဝင်ခြင်းကိုခံနေရသူ ကာပယ်ဒီဟာ The Sun သတင်းစာနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ခုလိုမျိုး ထုတ်ဖော်ဝန်ခံလိုက်တာပါ။
၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာပယ်ဒီက သူ့အနေနဲ့ အရွတ်ပြားပျက်သုဉ်းခြင်းရောဂါ (Degenerative Disease) တစ်မျိုးမျိုး ခံစားနေရမှာကို စိုးရိမ်ပူပန်ခဲ့ပေမယ့် ခုချိန်မှာတော့ တိကျတဲ့ရောဂါအမျိုးအစားကို ရှာဖွေသိရှိခဲ့ရပြီဖြစ်တာမို့ အတန်ငယ်စိတ်သက်သာရာရခဲ့ကြောင်း ဆရာဝန်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ပြောဆိုသွားခဲ့တာပါ။
“ကျွန်တော့်မှာရှိနေတဲ့ ကျန်းမာရေးပြဿနာက Tourette ပါ။ ကျွန်တော့်အသွင်အပြင်ကိုကြည့်ပြီး လူတွေက မူးယစ်ဆေးနဲ့ တခြားအရာတွေကြောင့် ခုလိုဖြစ်နေတယ်လို့ ထင်မြင်မှာကို စိုးရိမ်ပူပန်မိပါတယ်။ ဒါကြောင့် ခုလိုထုတ်ပြောရတာပါ” လို့ သူက The Sun နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ အလွန်ပျော်ရွှင်ရချိန်၊ စိတ်လှုပ်ရှားမိချိန်နဲ့ စိတ်ဖိစီးနေချိန်မှာ ပခုံးတွေ ဆတ်ဆတ်ခါအောင်လှုပ်ခတ်ပြီး ရောဂါလက္ခဏာပြသတတ်တယ်လို့လည်း ထုတ်ပြောသွားခဲ့ပါသေးတယ်။
Tourette syndrome ဟာ အသက် ၂ နှစ်နဲ့ ၂၁ နှစ်ကြားအရွယ်မှာ စတင်ဖြစ်ပွားတတ်ပြီး သေရာပါစွဲကျန်နေတတ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါဝေဒနာတစ်ခုအဖြစ် Tourette Syndrome Association of Australia က သတ်မှတ်ထားတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။