သည်းခြေပြွန်ကင်ဆာ
သည်းခြေပြွန်ဟာ အသည်းကို သည်းခြေအိတ်၊ အူတို့နဲ့ ဆက်သွယ်ပေးတဲ့ ပြွန်တစ်ခုဖြစ်ပြီး biles လို့ခေါ်တဲ့ အစာခြေရည်တွေကို သယ်ဆောင်ပေးပါတယ်။ အဲဒီသည်းခြေပြွန်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်တဲ့ ကင်ဆာရောဂါကို သည်းခြေပြွန်ကင်ဆာလို့ ခေါ်ပါတယ်။
အဖြစ်များတဲ့သူတွေ
သည်းခြေပြွန်ကင်ဆာဟာ
- Primary sclerosing cholangitis လို့ခေါ်တဲ့ သည်းခြေပြွန်ရောင်တဲ့ ရောဂါရှိသူတွေ (သည်းခြေပြွန်မှာ အမာရွတ်တွေဖြစ်လာပြီး မာလာတဲ့ရောဂါ)
- နာတာရှည်အသည်းရောဂါရှိသူတွေ (အသည်းခြောက်တာ၊ အသည်းအဆီဖုံးရောဂါ)
- မွေးရာပါသည်းခြေပြွန် ပုံမှန်မဟုတ်သူတွေ
- ကောင်းစွာကျက်အောင် မချက်ထားတဲ့ငါး သို့မဟုတ် ငါးအစိမ်းစားလေ့ရှိသူတွေမှာ ဖြစ်တဲ့ အသည်းကပ်ပါးပိုးဝင်ဖူးသူတွေ
- အသက် ၅၀ အထက်လူကြီးတွေ
- ဆေးလိပ်သောက်သူတွေ
- ဆီးချိုရောဂါရှိသူတွေနဲ့ မျိုးရိုးဗီဇကြောင့် ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာအနေနဲ့
- အသားဝါ မျက်စိဝါတာ
- ခန္ဓာကိုယ်ယားယံတာ
- မောပန်းလွယ်တာ
- ကိုယ်အလေးချိန်ကျသွားတာ
- ဝမ်းဗိုက်ညာဘက်ခြမ်း နံရိုးအောက်က အောင့်နေတတ်တာ
- ဖျားတာ
- ညဘက်ချွေးထွက်တာ
- ဆီးအရောင်ရင့်တာ
- ဝမ်းအရောင်ဖြူဖျော့ဖျော့ဖြစ်တာ စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
သည်းခြေပြွန်ကင်ဆာဟာ များသောအားဖြင့် ရောဂါရင့်မှ သိရတာမျိုးမို့ ခွဲစိတ်ကုသဖို့ မမီတာများပါတယ်။
ဘယ်လိုသိနိုင်မလဲ?
- Ultrasound, CT နဲ့ MRI ရိုက်တာ
- မှန်ပြောင်းထည့်ပြီး သည်းခြေပြွန်ကို တိုက်ရိုက်ကြည့်တာ (ERCP)
- အသည်းရဲ့လုပ်ငန်း (liver function test) စစ်တာ
- Tumor marker လို့ခေါ်တဲ့ ကင်ဆာရှိမရှိ သွေးစစ်ဆေးတာတွေ နဲ့ ရောဂါလက္ခဏာတွေ တိုက်ဆိုင်စစ်ဆေးပြီး သိနိုင်ပါတယ်။
သည်းခြေပြွန်ကင်ဆာဟာ ခွဲစိတ်ကုသဖို့ မမီတာများပေမယ့် စောစောစီးစီး သိရလို့ ခွဲစိတ်ကုသနိုင်တာမျိုးလည်း ရှိပါတယ်။ ကင်ဆာကို ခွဲထုတ်လို့မရပေမယ့် သည်းခြေရည်တွေကို လမ်းလွှဲစီးဆင်းစေပြီး ရောဂါလက္ခဏာတွေသက်သာအောင် လုပ်ပေးတဲ့ ခွဲစိတ်မှု လုပ်လို့ရပါတယ်။
- Radiation therapy လို့ခေါ်တဲ့ ဓာတ်ကင်တာ
-Chemotherapy လို့ခေါ်တဲ့ ကင်ဆာဆေးသွင်းတာ
-Target drugs therapy လို့ခေါ်တဲ့ ကင်ဆာဆဲလ်တွေကို သေအောင်ဆေးပေးတာ
-Immunotherapy လို့ခေါ်တဲ့ ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို ပြန်တိုက်နိုင်အောင်လုပ်တာ
-Photodynamic therapy လို့ခေါ်တဲ့ သွေးပြန်ကြောထဲကို ဆေးသွင်းပြီး ကင်ဆာဆဲလ်တွေကိုသတ်တာ
-Heating cancer cells လို့ခေါ်တဲ့ လျှပ်စစ်စီးစေပြီး ကင်ဆာဆဲလ်တွေကို သတ်တာ စတဲ့ကုသမှုတွေကို လူနာအခြေအနေပေါ် မူတည်ပြီး လုပ်လို့ရပါတယ်။
ကာကွယ်ဖို့အတွက်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဟာ ကင်ဆာရောဂါတော်တော်များများကို ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်လို့ပါ။
အသည်းကျန်းမာရေးကို ဂရုစိုက်ပါ။ နာတာရှည် အသည်းရောဂါများ မဖြစ်အောင် ကာကွယ်ပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်