ကျန်းမာရေးချင်ရင် စွန့်လွှတ်လိုက်ရမယ့် အလေ့အကျင့်တွေ
လူတိုင်းကျန်းမာချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျန်းမာချင်လိုက်တာလို့ ထိုင်ပြောနေရုံနဲ့တော့ ကျန်းမာသွားမှာမဟုတ်တာသေချာပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး နေ့စဉ်လူနေမှုဘဝမှာ ပျော်ရွှင်တက်ကြွပြီး ကောင်းမွန်တဲ့နေ့ရက်တွေကို အမြဲကြုံဆုံနေချင်တယ်ဆိုရင်တော့ လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ စွန့်လွှတ်လိုက်ရမယ့် အလေ့အထတွေ ရှိနေတာကို သိထားဖို့လိုအပ်ပါတယ်။
နေ့စဉ်ပြုမူလုပ်ဆောင်မိနေတဲ့ အမူအကျင့်တွေနဲ့ အလေ့အထတွေက ကျန်းမာရေးကို ထောက်ကူပေးနိုင်တာလည်း ရှိသလို ဆိုးရွားသွားစေတာမျိုးလည်း ရှိပါတယ်။ အချို့အလေ့အထတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် စွန့်လွှတ်လိုက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဘယ်လိုအလေ့အထ၊ အမူအကျင့်မျိုးတွေက ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့အရာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
မနက်စာ ပုံမှန် မစားခြင်း
မနက်စာ မစားလို့ သင့်အတွက် ဘာအကျိုးမှမရှိပါဘူး။ မနက်စာမစားလို့ ဝိတ်ကျမှမဟုတ်သလို ပိုကောင်းလာမယ့်အရာတွေလည်း မရှိနေပါဘူး။ ကယ်လိုရီလျော့အောင် အစားလျှော့စားတာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်ဆိုပေမယ့် မနက်စာ မစားဘဲနေတဲ့ အလေ့အထ က ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ တစ်ညလုံး အစားမစားဘဲ နေထားတာကြောင့် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အားအင်တွေကို ပြန်ဖြည့်ဖို့ မနက်စာကို မဖြစ်မနေ စားဖို့ လိုပါမယ်။ ဒါမှ စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။
ညရောက်မှ အစားစားခြင်း
ကယ်လ်လိုရီတွေ အများကြီးစားတာက ဘယ်အချိန်မှာစားစား ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ညဘက်နောက်ကျမှ စားတာက ကျန်းမာရေးကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ နေ့ခင်းဘက်မှာ ကယ်လ်လိုရီတွေ အများကြီး စားလိုက်တယ်ဆိုပေမယ့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့အတွက် ဦးနှောက် နဲ့ ကြွက်သားတွေက ကယ်လ်လိုရီကို စွမ်းအင်အဖြစ် အသုံးချလိုက်ပါတယ်။ လှုပ်ရှားမှုကြောင့် ကယ်လ်လိုရီတွေ အထိုက်အလျောက်ကတော့ ကုန်ဆုံးသွားတာပေါ့။ ညအိပ်ခါနီးမှ အစားစားတာကတော့ လှုပ်ရှားမှု မရှိတော့တာကြောင့် စားလိုက်တဲ့ အစားအစာတွေထဲက ကယ်လ်လိုရီတွေကို ခန္ဓာကိုယ်က သိမ်းထားလိုက်ပြီး ဝိတ်တက်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကို ထိမ်းချုပ်ထားနေမိခြင်း
စိတ်ဖိစီးနေပြီဆိုရင်တော့ စိတ်ဖိစီးမှုတွေကို မြန်မြန်သာ မောင်းထုတ်လိုက်ပါ။ စိတ်ဖိစီးမှုတွေကို အချိန်ကြာမြင့်စွာ သိမ်းထားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားတာက ခေါင်းကိုက်တာ၊ အစာခြေစနစ်ပြဿနာတွေ၊ အားမရှိသလို ခံစားရတာ၊ ချွေးထွက်များတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ရေသောက်နည်းခြင်း
ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်ဆိုမှတော့ ရေများများသောက်တာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝတာက မှတ်ဉာဏ်ကောင်းစေပြီ စိတ်ခံစားမှုကို ကောင်းမွန်စေသလို တက်ကြွ လန်းဆန်းနေစေမှာပါ။
အငန် စားသုံးမှုပမာဏများခြင်း
ငန်တာလေးမှ အရသာတွေ့တာဆိုတဲ့ အကျင့်ရှိနေပြီဆိုရင်တော့ အခုပဲ ပြင်ဖို့ ပြောပါရစေ။ အငန်တွေ အများကြီး စားတာက သွေးတိုးစေနိုင်သလို ဖောတာရောင်တာနဲ့ ကျောက်ကပ် ထိခိုက်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အငန်ကဲတာကို ရှောင်ရမယ်ဆိုတဲ့နေရာမှာ ဆားကိုတင် လျှော့စားတာကု ဆိုလိုတာ မဟုတ်ပါဘူး။ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေ နဲ့ အပြင်စာ တော်တော်များများကို လျှော့စားတာကို ဆိုလိုတာပါ။
Screen Time များနေခြင်း
တစ်နေ့ကို နာရီပေါင်းများစွာ ထိုင်ပြီး Screenကို ထိုင်ကြည့်နေတာက ဘဝတိုးတက်ရာအတွက် လုပ်နေရတယ်ဆိုရင်တောင်မှ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နာရီပေါင်းများစွာ လှုပ်ရှားမှု မရှိဘဲ တိုင်နေတာက ကြွက်သားပြဿနာ၊ နှလုံးရောဂါ၊ ဆီးချို နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ကျန်းမာရေးကို အရေးမစိုက်ပဲ နေနေမိခြင်း
ချောင်းဆိုးနေပြီဆိုရင် ချောင်းဆိုးတာလေးပါပဲ ဆိုပြီး ဆေးလည်းမသောက် အနားလည်းမယူဘဲ လျစ်လျူရှုတတ်တဲ့ အကျင့် ရှိနေပြီလား။ အခြေအနေဆိုးမှ ပြူးပြူးပြာပြာ ထလုပ်မိတာမျိုးထက်စာရင် အသေးအမွှားအချိန်တွေမှာကတည်းက ခံစားနေရပြီဆိုရင်တောင်မှ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ဒီအချက်တွေထဲက တစ်ခုခုကို သင်ပြုမူနေမိပြီဆိုရင် ချက်ခြင်းရပ်တန့်လိုက်ပါတော့နော်။ ဒီလိုမှမဟုတ်ရင်တော့ သင့်ရဲ့ကျန်းမာရေးကို တစ်ချိန်ချိန်မှာ အဆိုးပြဿနာတွေ ရင်ဆိုင်လာအောင် ဒီအမူအကျင့်တွေက တွန်းပို့သွားပါလိမ့်မယ်။
ရေးသားသူ - ရဲဇွန်အောင်