အနိုင်ကျင့်ခြင်း (Bullying) ဆိုတာ
ရုပ်ရှင်တွေထဲမှာ မြင်ဖူးနေကျအတိုင်း ယုတ်ညံ့တဲ့ စကားတွေနဲ့ ထိုးနှက်ပြောဆိုတာ၊ Social Media ပေါ်မှာ လူသိရှင်ကြား အရှက်ရစေတာ၊ ကိုယ်ထိလက်ရောက် စော်ကားတာ စတဲ့ တစ်စုံတစ်ယောက်ကို ထိန်းချုပ်လိုတဲ့၊ ပျက်စီးစေလိုတဲ့၊ ခြိမ်းခြောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ထပ်တလဲလဲ အန္တရာယ်ပြုဖို့ ကြိုးစားတတ်တဲ့ ထိခိုက်စေတဲ့ အပြုအမူတွေဟာ ယနေ့ခေတ်မှာ မယုံနိုင်စရာ ဖြစ်ပျက်နေပါတယ်။
ကျောင်းမှာ သူငယ်ချင်းအချင်းချင်း၊အလုပ်ထဲမှာ အထက်လူကြီးမှ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းမှ၊ မောင်နှမကြား စတဲ့ နယ်ပယ်စုံမှာ တွေ့ရပါတယ်။ အနိုင်ကျင့်ခံရမှုတွေဟာ ခဏတာပဲ ဖြစ်ဖြစ်၊ ဆက်တိုက်ဆက်ဖြစ်နေတာပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နစ်နာရပါတယ်။
အနိုင်ကျင့်တတ်ခြင်းရဲ့ အကြောင်းအရင်းများ
အနိုင်ကျင့်ခြင်းဟာ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်တယ်လို့ အများလက်ခံကြတဲ့နည်းတူ "ဘာကြောင့် လူအချို့ဟာ ဒီအနိုင်ကျင့်မှုတွေကို စတင်ခဲ့တာလဲ" ဆိုတာကိုလည်း နားလည်လက်ခံစေချင်ပါတယ်။
1. စိတ်ဒဏ်ရာရှိခြင်း
"နာကျင်နေတဲ့လူဟာ လူတွေကို နာကျင်စေတတ်ပါတယ်" ဆိုတဲ့ စကားရှိပါတယ်။ တစ်ကိုယ်ရည် နာကျင်မှုဒဏ်ရာကြောင့် သူတစ်ပါးကို ထိခိုက်နစ်နာစေတယ် ဆိုတာ ပေးသင့်တဲ့ ဆင်ခြေမဟုတ်ပေမဲ့ ဒီအတိတ်ဒဏ်ရာဟာ "အခြားသူရော ငါ့လိုနာကျင်တဲ့အခါ ဘယ်လိုပြုမူမှာပါလိမ့်" ဆိုတဲ့ ထိုးထွင်းသိမြင်ချင်စိတ်ကို ပေးပါတယ်။ အနိုင်ကျင့်တတ်သူတွေဟာ ခက်ခဲတဲ့ ဘဝအခြေအနေကြောင့် နာကျင်နေပြီး နာကျင်မှုကို ကုစားကျော်လွန်ဖို့ ကျန်းမာတဲ့နည်းလမ်းများ ရှာဖွေလုပ်ဆောင်ရမယ့်အစား သူတို့ရဲ့ဒဏ်ရာကို သူတစ်ပါးအပေါ်သာ ပုံချလိုက်ကြပါတယ်။
2. စိတ်မလုံခြုံမှု
ဒုတိယအနေနဲ့ ထိုသူတွေရဲ့ စိတ်ဟာ မလုံမခြုံခံစားနေရလို့ ဖြစ်ပါတယ်။ ထုတ်ပြောလေ့မရှိကြပေမဲ့ လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတွေထဲမှာ လူအများနဲ့ယှဉ်ရင် မိမိသာ ထင်ပေါ်ချင်တယ်၊ အခွင့်အရေးရချင်တယ်၊ မျက်နှာပန်းလှချင်တယ်။ မိမိထက် သာလွန်သွားပြီလို့ ယူဆရင် မနာလိုဝန်တိုစိတ်နဲ့ ထိပ်ဆုံးရောက်ချင်တဲ့ ဆန္ဒတွေ ပေါ်ပေါက်လာကာ အပြိုင်အဆိုင်များတဲ့ ပတ်ဝန်းကျင်မှာ သူတို့ဝင်ဆံ့ဖို့ သူများကို အနိုင်ကျင့်၊ အပုပ်ချ၊ အပြစ်တင်တာတွေ ပြုလုပ်ပြီး သူတို့ရဲ့ စိတ်မလုံခြုံမှုကို ဖုံးဖိကာကွယ်ဖို့ ကြိုးစားပါတယ်။
3. ကိုယ်တိုင် အနိုင်ကျင့်ခံရဖူးခြင်း
နောက်ထပ်ဖြစ်နိုင်ချေ တစ်ခုကတော့ သူတို့ကိုယ်တိုင် အနိုင်ကျင့်ခံရဖူးတာကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ပုံစံတူ အနိုင်ကျင့်ခံခဲ့ရမှုကနေ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နည်းလမ်း လို့ ထင်မှတ်နေတာကြောင့်ဖြစ်ပါတယ်။ သူတို့ကို အနိုင်မကျင့်နိုင်အောင် သူတို့က စတင်ချိုးနှိမ်ထားတဲ့ သဘောဖြစ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ ခုခံကာကွယ်ခြင်းနည်းလမ်း ဖြစ်ပေမဲ့ အတွေ့ရများတဲ့ အနိုင်ကျင့်သူတို့ရဲ့ အတွေ့အကြုံတစ်ရပ် ဖြစ်ပါတယ်။
4. သင်ယူတတ်မြောက်မှု မှားယွင်းခြင်း
သင်ယူတတ်မြောက်ထားတဲ့ အပြုအမူဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ငယ်စဉ်က လူကြီးတစ်ယောက်က အခြားတစ်ယောက်ကို အနိုင်ကျင့်တာမျိုး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတဲ့အခါ ၊ ဒီလို အပြုအမူတွေကို ထပ်ခါထပ်ခါ မြင်နေရတဲ့အခါ ကလေးအတွက် ဒီလုပ်ရပ်ဟာ ပုံမှန်အနေနဲ့ မှားယွင်းယူဆသွားနိုင်ပါတယ်။
5. ပေါင်းသင်းဆက်ဆံမှု အားနည်းခြင်း
ထိုသူတွေဟာ သူတို့အတွက် သက်တောင့်သက်သာမရှိတဲ့ ပတ်ဝန်းကျင် အနေအထားမှာ ဘယ်လို အံဝင်ခွင်ကျ နေရမလဲဆိုတာ မသိကြပါဘူး။ မကိုင်တွယ်တတ်ကြပါဘူး။ အဲ့အခါမှာ သူများဆီက အာရုံစူးစိုက်မှု မရလာတဲ့အခါ မနာလိုဖြစ်၊ မကျေမချမ်းဖြစ်ကာ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ တစ်စုံတစ်ယောက်ကို ဦးတည်တိုက်ခိုက် အနိုင်ကျင့်တတ်ကြပါတယ်။
6. ကိုယ်ချင်းစာစိတ်မရှိခြင်း
အနိုင်ကျင့်တတ်သူအချို့ဟာ ဂရုစိုက်မှုမရှိဘဲ အပြစ်တင်၊ ရှုံ့ချ၊ ဝေဖန်၊ သူများကို အသာစီးယူမှုတွေကို ထမင်းစားရေသောက် လုပ်နိုင်ကြပါတယ်။ သူတို့မှာ တခြားသူ ကြုံတွေ့နေရတာကို၊ ဆိုးရွားတဲ့ အပြူအမူကြောင့် သူတစ်ပါး ဘယ်လောက်ထိ နစ်နာမယ်ဆိုတာကို နားလည်ပေးနိုင်စွမ်း၊ ဆင်ခြင်တွေးတောနိုင်စွမ်းကို အားနည်းတာ ဖြစ်ပါတယ်။
အနိုင်ကျင့်ခံခြင်းအပေါ် ဘယ်လိုကိုင်တွယ်မလဲ
အနိုင်ကျင့်မှုတွေကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေရှိထားပြီးသားပါ။ သိနားလည်ထားဖို့ လိုအပ်တာမို့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
- လက်မခံနိုင်စရာ အပြုအမူတွေလို့ သတိပြုမိရပါမယ်။
- ပြန်မတိုက်ခိုက်ပါနဲ့။ ပြသာနာကို ဖြေရှင်းပုံအမှန် မဟုတ်ပါ။
- အားကိုးယုံကြည်ရတဲ့ တစ်စုံတစ်ယောက်ကို အသိပေးပါ။ (အတန်းပိုင်ဆရာမ၊ မိဘ၊ သူငယ်ချင်း စသည်ဖြင့်)
- မိဘများက ကလေးများနဲ့ အနိုင်ကျင့်ခြင်းကို အသေးစိတ် ဆွေးနွေးပါ။
- ယုံကြည်စိတ်ချရတဲ့သူ တစ်ယောက်ယောက်နဲ့ အမြဲအတူသွားလာပါ။
- ထိပ်တိုက်မတွေ့ဘဲ ရှောင်နိုင်ရင် ရှောင်ထွက်ပါ။
- အနိုင်ကျင့်ခံခြင်းဟာ မိမိအမှားမဟုတ်ပါ။ အချို့က မိမိသည် ပုံမှန်မဟုတ်လို့သာ အနိုင်ကျင့်ခံရတယ်လို့ ထင်တတ်ကြပါတယ်။
- ခန္ဓာကိုယ် သင်္ကေတနဲ့ အချက်ပြဘာသာရပ်ကို လေ့လာပါ။
ရေးသားသူ - ဒေါက်တာ မေမြတ်