ကျန်းမာလှပအောင် အိပ်စက်ခြင်း
အိပ်စက်ခြင်းဟာ နေ့စဥ်လုပ်ငန်း တစ်ခုပါ။ မအိပ်မနေ အသက်ရှည်တွေဘာတွေ ဘယ်လိုပဲပြောပြော မအိပ်ဘဲ နေလို့တော့ မရပါဘူး။ အိပ်ရေးမဝတဲ့အခါ စိတ်မကြည်တာ၊ ခေါင်းမူးခေါင်းကိုက်နေတာ၊ ဘာကိုမှ အာရုံဝင်စားလို့ မရတာမျိုး လူတိုင်း ဖြစ်ဖူးကြမှာပါ။
အဲဒါတွေအပြင် လုံလောက်စွာ အိပ်စက်ခြင်းဟာ နုပျိုလှပမှုအတွက် အခြေခံ အုတ်မြစ်တစ်ခုလည်း ဖြစ်ပါတယ်။ အခု ပြောပြချင်တာကတော့ လုံလောက်အောင် မအိပ်စက်တဲ့အခါ အသားအရေအတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်စေသလဲ ဆိုတာလေးပါ။
အိပ်ရေးမဝတဲ့အခါ
- ဆံပင်
စိတ်ဖိစီးမှုတွေနဲ့ ဆံပင်ကျွတ်ခြင်းဟာ တိုက်ရိုက်ဆက်စပ်နေပြီး စိတ်ဖိစီးမှုကြောင့် အိပ်မပျော်၊ အိပ်ရေးမဝတာကလည်း ဖြစ်နေကျပါပဲ။ အိပ်မပျော်တဲ့အခါ Cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။
ဆံပင်အရင်းက Hair Follicles တွေဟာ အာဟာရတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သွေးလှည့်ပတ်မှုက တဆင့် ရရှိတာပါ။ Cortisol တွေများတဲ့အခါ သွေးလှည့်ပတ်မှု မကောင်းတော့ဘဲ ဆံပင်တွေ အလွယ်တကူကျွတ်စေပါတယ်။
- ထူထဲတဲ့ အသားအရေ
အိပ်စက်နေစဥ်မှာ သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်လို့ နိုးထလာတဲ့အခါ အသားအရေက စိုပြေနေတာမျိုး ကြုံဖူးကြမှာပါ။ အိပ်ရေးပျက်ရင်တော့ Cortisol ဟော်မုန်းတွေ များလာတာက ရောင်ယမ်းခြင်းကိုလည်း ဖြစ်စေပါတယ်။ ရောင်ယမ်းတာတွေက အသားအရေ ချောမွေ့တောက်ပစေတဲ့ ပရိုတင်းတွေကို ဖြိုဖျက်ပစ်လိုက်တဲ့အခါ အသားအရေက ထူအမ်းအမ်းနဲ့ ကြမ်းတမ်းလာတာမျိုး ဖြစ်မှာပါ။
အိပ်ရေးမဝလို့ ပင်ပန်းနွမ်းနေတဲ့အခါ သွေးလှည့်ပတ်မှုလည်း မကောင်းတော့ပါဘူး။ သွေးထဲမှာ အောက်ဆီဂျင် လုံလုံလောက်လောက်လည်း မရတော့လို့ အသားအရောင် မညီတာ၊ ကွက်တာမျိုး ဖြစ်လာပါလိမ့်မယ်။
- ခြောက်သွေ့တဲ့ အသားအရေ
အိပ်နေစဥ်အတွင်း ချွေးပိုထွက်တယ် ဆိုတာ သိပါသလား။ အများစုကတော့ မသိကြပါဘူး။ ချွေးပိုထွက်တဲ့အခါ ရေဓာတ်ကို ထိန်းပေးပြီး အရေပြားရဲ့ အစိုဓာတ်ကို ရရှိစေလို့ ချောမွေ့ပြီး အရေးအကြောင်းကင်းတဲ့ အသားအရေကို ရရှိစေပါတယ်။
အိပ်ရေးပျက်တဲ့အခါ အရေပြားရဲ့ အစိုဓာတ်က ပျက်သွားပြီး pH levelလည်း ကျသွားတာကြောင့် ခြောက်သွေ့ပြီး အရေပြားပြဿနာ အမျိုးမျိုး ဖြစ်စေမှာပါ။
- မျက်လုံး
မျက်လုံးအတွက် အိပ်ရေးဝဖို့ လိုတယ်ဆိုတာတော့ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ အိပ်ရေးမဝတာရဲ့ အဓိက လက္ခဏာက မျက်ကွင်းညိုမဲတာပါ။ ရေဓာတ်ထိန်းညှိမှု ပျက်စီးသွားပြီး မျက်လုံးတဝိုက်က သွေးကြောတွေ ကျယ်လာ၊ဖောင်းလာတဲ့အခါ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေလည်း ဖြစ်လာရတာပါပဲ။ မျက်ကွင်းညိုတာက မျိုးရိုးဗီဇ၊ အိုမင်းခြင်း၊ မယ်လနင်ဓာတ် (Melanin) များခြင်းတို့လို တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
- ကော်လဂျင်ထုတ်လုပ်ခြင်းနှင့် အိုမင်းရင့်ရော်မှု
အိပ်ရေးမဝတဲ့အခါ မောပန်းနွမ်းနယ်ပြီး စိတ်ဖိစီးမှုပိုလာတာ ဓမ္မတာပါ။ ကြာရှည်စိတ်ဖိစီးလာရင် ခန္ဓာကိုယ်ထဲက ကော်လဂျင် ထုတ်လုပ်နှုန်း လျော့ကျလာပါတယ်။ ကော်လဂျင်က အရေပြားကို တင်းရင်းနုပျိုစေတဲ့ အရာဖြစ်လို့ ကော်လဂျင်တွေ ကုန်ဆုံးလျော့နည်းသွားတဲ့အခါ အရေပြားက ပါးလာ ၊တွဲလာပြီး အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာ အရေးအကြောင်းတွေ ပေါ်လာပါလိမ့်မယ်။
- အသွင်အပြင်
အိပ်မပျော်တဲ့သူဟာ မပျော်ရွှင်တဲ့ပုံ ပိုပေါက်ပါတယ်။ ညိုမဲဖောင်းအစ်နီရဲနေတဲ့ မျက်လုံးတွေ၊ တွဲကျနေတဲ့ မျက်ခွံတွေနဲ့ ဖြူဖျော့နေတဲ့ အသားအရေကြောင့် ဝမ်းနည်းအားငယ်၊ စိတ်မပျော်ရွှင်တဲ့ပုံ ပေါက်စေသလို လုပ်ငန်းခွင်မှာလည်း အမှားအယွင်းများ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးဝမှသာ ပျော်ရွှင်လန်းဆန်း တက်ကြွပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သွင်ပြင်ဖြစ်စေမှာပါ။
ကျန်းမာလှပအောင် ဘယ်လို အိပ်စက်မလဲ?
တစ်နေ့ကို ၇ နာရီကနေ ၉ နာရီလောက်ကြာအောင် အိပ်စက်ရင် လုံလောက်ပါတယ်။ ည ၉ နာရီကနေ ၁၁ နာရီ အတွင်းကို အသားအရေပြုပြင်တဲ့ အကောင်းဆုံးအချိန်လို့ ဆိုကြပါတယ်။ ဒါ့အပြင်
- ပုံမှန်အိပ်ချိန် သတ်မှတ်ထားပါ။
- မအိပ်ခင် အရက်ဆေးလိပ်နဲ့ ကဖင်းပါတဲ့ အစားအသောက်တွေ စားသောက်ခြင်းမှ ရှောင်ပါ။
- မအိပ်ခင် ကိုယ်လက်သန့်စင်ပါ။
- လုပ်နေကျ Skin care များ မပျက်မကွက်လုပ်ပါ။
- အိပ်ပျော်စေတဲ့ ဂီတနားထောင်တာမျိုး လုပ်နိုင်ပါတယ်။
- တရားမှတ်တာ၊ ယောဂကျင့်တာမျိုးကလည်း ကောင်းမွန်စွာ အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်။
- ခေါင်းအုံးမြင့်မြင့် အုံးခြင်းက မျက်အိတ်တွဲတာကို သက်သာစေပါတယ်။
- ပက်လက်အိပ်ခြင်းက အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းဖြစ်ခြင်း လျော့နည်းစေလို့ အသားအရေအတွက် အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။
ဘယ်လိုပဲလုပ်လုပ် အိပ်ရေးပျက်တာ များပြီး အိပ်ပျော်ဖို့ ခက်ခဲနေရင်တော့ တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ တိုင်ပင်ပြီး ကုသမှု ခံယူနိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။